ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ် - မောင်နွေထက်

ဒီနေ့ကမ္ဘာကြီးမှာ အလိုအပ်ဆုံးဟာ ငြိမ်းချမ်းရေးပဲ မဟုတ်ပါလား။ စစ်သံကင်းဝေးတဲ့ ငြိမ်းချမ်းရေးတေးသံတွေကို ကမ္ဘာကြီးမှာ ကြားစေချင်တာ အနုပညာရှင်တွေပဲ မဟုတ်ပါလား။
ကျည်ဆန်တစ်တောင့်အစား ဆေးတစ်ဘူးကို လိုချင်တာ ပန်းချီဆရာတွေပဲ မဟုတ်ပါလား။ လက်ပစ်ဗုံး တစ်လုံးအစား စောင်းတစ်လက်ကို လိုချင်တာ ဂီတပညာရှင်ပဲ မဟုတ်ပါလား။ စစ်လက်နက်အစား ကလောင်ကိုလိုချင်တာ ကဗျာဆရာပဲမဟုတ်ပါလား။ စစ်လေယာဉ်ပျံတစ်စင်းအစား ဇာတ်ရုံဇာတ်စင်နဲ့ ရုပ်ရှင်ရုံ၊ ဥယျာဉ်တွေ လိုချင်တာ ပြည်သူတွေပဲ မဟုတ်ပါလား။

ဒီနေ့ကမ္ဘာကြီးမှာ လိုအပ်နေတာ ငြိမ်းချမ်းရေး၊ မဟာငြိမ်းချမ်းရေးပဲ မဟုတ်ပါလား။ လူသားတွေဟာ ငြိမ်းချမ်းရေးကို အခုမှ တောင်းဆိုနေတာ မဟုတ်ပါဘူး။

၁၉၃၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ဟော်လန်ပြည် အမ်စတာဒမ်မြို့တော်မှာ စစ်ဆန့်ကျင်ရေး ညီလာခံကြီးကို ငြိမ်းချမ်းရေးအတွက် အောင်မြင်စွာကျင်းပခဲ့ဖူးပါတယ်။

၁၉၄၅ ခုနှစ်နဲ့ ၁၉၅၀ ခုနှစ်တွေအတွင်းကလည်း ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံကြီးတွေကို ကျင်းပပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးတွေကို ကမ္ဘာနဲ့ချီပြီး လုပ်ဆောင်ခဲ့ကြတယ်။ ၁၉၅၃ ခုနှစ်ကလည်း ပစိဖိတ်ဒေသဆိုင်ရာ ငြိမ်းချမ်းရေးအစည်းအဝေးကြီးကို တရုတ်နိုင်ငံက ပီကင်းမြို့မှာ ကျင်းပပါတယ်။ ဒီငြိမ်းချမ်းရေး ညီလာခံကြီးအတွက် ဂီတမဟာ ကဗျာဆရာကြီး မြို့မငြိမ်းက သူ့ဘ၀တစ်ခုလုံးရဲ့ နှလုံးသွေးနဲ့ ထုဆစ်ပြီး ငြိမ်းချမ်းရေးသီချင်းကို ကမ္ဘာတည်အောင် ဖန်တီးထားခဲ့ပါတယ်။ ဒီအကြောင်းကို စာရေးဆရာမကြီး လူထုဒေါ်အမာက ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှာ ၁၉၆၄ ခုနှစ် ကတည်းက ဟောဒီလို စာမော်ကွန်းတင်ထားခဲ့ပါတယ်။ ကျွန်တော် ထုတ်နုတ်တင်ပြပါရစေ။

“ဆရာငြိမ်းက တစ်ခါတစ်ရံ သူနှင့် ရင်းနှီးသူများနှင့် စကားစပ်မိသည့်အခါ သူ့သီချင်းများက သူသေမှကျော်မည်ဟု ပြောတတ်သဖြင့် သူသည် လာဘ်သပ်ပကာ၊ ဂုဏ်ပကာသန တစ်စုံတစ်ရာအတွက် ကြိုးပမ်းသည်မဟုတ်သည်မှာ သေချာပါသည်။ သူယုံကြည်သော သူချစ်မြတ်နိုးသော ဂီတကို သူက တစ်သက်တာပတ်လုံး အဆင်းရဲခံ၍ သဲသဲမဲမဲ တည်ဆောက်သွားသူသာ ဖြစ်ပေသည်။

ဆရာငြိမ်း အဆင်းရဲခံသည်ဆိုခြင်းမှာ တော်ရုံဖြင့်မဟုတ်ပေ။ ၁၉၅၃ ခုနှစ်က အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်ကြီး ပီကင်းတွင် ကျင်းပနေခိုက် ဗမာ(မြန်မာ)ကိုယ်စားလှယ်အဖွဲ့က ကမ္ဘာ့ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ် ပီကင်းတွင် သီဆိုနိုင်ရန် ဆရာငြိမ်းကို ရေးပေးစမ်းပါဟု မေတ္တာရပ်ခံဖူးသည်။ သီချင်းပြီးပါပြီလားဟု ဆရာ့အိမ်သို့သွား၍ ကျွန်မသွားမေးသည့်အခါ ဆရာဘယ်အထိ ဆင်းရဲစွာနေရသည်ကို တိတိကျကျတွေ့ခဲ့ရသည်။ ထိုစဉ်က ဆရာ့ခန္ဓာကိုယ်သည် ဆင်နင်းယပ်လို ချပ်ချပ်ကလေးနှင့် လှပ်လှပ်ကလေးသာရှိသည်။ ဆရာ့ကျန်းမာရေးသည် ပကတိ စိတ်ပျက်စရာဖြစ်သည်။ မြေစိုက်အိမ် လေးပင်သုံးခန်းအတွင်း၌ အိမ်ထောင်မှုဟူ၍ ဘာဆိုဘာမှမရှိ။ ကုလားထိုင်အနဲ့နှစ်လုံးနှင့် ရသေ့ကျောင်းဟုခေါ်သည့် သစ်သားခုံရှည်ဟောင်းတစ်လုံးရှိသည်။ မြေကြီးပေါ်၌ ဆရာလုပ်သည့် အရုပ်များကို ဆေးခြယ်သည့် ဆေးနှင့် စဥ့်အင်တုံများ စုတ်များ ပြန့်ကျဲလျက်ရှိသည်။ အိမ်ခေါင်းရင်းက ကြမ်းစဉ်ပေါ်တွင် ဆရာ့အဖိုး ဘိုးရိပ်ငုတ်တုပ်ကလေး ထိုင်နေသည်မှာအပ ဆရာတို့ တစ်အိမ်သားလုံး ဘယ်သူမှလည်း မရှိကြ။

ဘာဆိုဘာမှ ကဗျာမဆန်သော ဆရာ့အိမ်၊ ဆရာ့ဘ၀ကို ကြည့်ရင်း ဤနွံထဲမှ လှပသည့် ကြာများ၊ ဘယ်ကဲ့သို့ ပွင့်နိုင်၊ ဖူးနိုင်ခြင်းဖြစ်ပါသနည်း။ ဆရာသည် ဤဘ၀မျိုးမှနေ၍ အလှများကို ဘယ်သို့ ဖန်ဆင်းပေးနိုင်ပါသနည်းဟု ကျွန်မကစိတ်ပျက် စိတ်ဆင်းရဲလှစွာနှင့် တွေးနေမိသေးသည်။

“ဆရာ ငြိမ်းချမ်းရေးသီချင်းပြီးပြီလားဆရာ၊ ရန်ကုန်မှာငြိမ်းချမ်းရေးအကြို ညီလာခံရှိပါတယ်။ အဲဒီကိုမီရင် ရန်ကုန်မှာလည်း ကျွန်မတို့မန္တလေးက ဆရာရေးတဲ့ ငြိမ်းချမ်းရေးသီချင်းကို ဖွင့်ပြချင်ပါတယ်” (လောပြီးမေးမည့် သာမေးရသည်။ ကျွန်မပူဆာမှုမှာ ရက်ကပ်လွန်းလှသဖြင့် ဆရာငြိမ်းတွင် အချိန်ယူ၍ ရေးချိန် မရှိပါ)။

ဆရာငြိမ်းသည် ကျွန်မ အမေးနှင့် အပြောအရှည်ကြီးကို နားထောင်ပြီးနောက် “သြ” ဟု တစ်လုံးသာဆိုသည်။ နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့။ ထို့နောက် ဆရာက အင်္ကျီကလေးချွတ်ပြီး သူ့အိမ်ရှေ့တွင် ထားရှိသော စဥ့်အိုးငယ်ထဲမှ ရေကို ခွက်နှင့် ဆယ့်လေးငါးခွက် ကျွန်မရှေ့မှာပင် သူ့ကိုယ်သူ ခပ်၍လောင်းပြီး ရေချိုးလေသည်။ အရိုးပြိုင်းပြိုင်းနှင့် လူရှင်က မ္မဋ္ဌာန်းကောင်လို ဆရာ့ခန္ဓာကိုယ်ကိုကြည့်ရင်း ကျွန်မက ဆရာ့ဘ၀ကို အသည်းနာနေသည်။ အသည်းနာခြင်းမှာ ဆရာ့ပညာကို ကုန်စင်အောင် မသိလင့်ကစား ဆရာမကျန်းမာ၍ သေသွားလျှင် ဆရာလိုလူကို အစားထိုး၍မရဟု သိနေသောကြောင့် ဖြစ်ပါသည်။
ဆပ်ပြာမတိုက်ဘဲ သူ့ကိုယ်ကို ရေနှင့်လောင်းပြီးနောက် ဆရာသည် လုံချည်လဲသည်။ ဖွပ်လျှော်ထားပြီး မီးကြွေတိုက်ထားခြင်းမရှိသော ရှပ်အဖြူ၊ ၀ါကျင်ကျင် ရှုံ့တွတွတ တစ်ထည်ကို ကောက်၍၀တ်သည်။ အိမ်ထရံကြားတွင် ညှပ်ထားသည့် ဘီးကျိုးကလေးကို ဆွဲထုတ်ပြီး သူ့ခေါင်းကို မှန်မကြည့်ဘဲ ဖြီးသည်။ နဖူးကျယ်သည့် ဆရာ့မျက်နှာပေါက်မှာ ပိန်လွန်းသဖြင့် မေးချွန်းကလေးနှင့် ဂျင်အသစ်ကလေးကို ထောင်ထားသလို ဖြစ်နေသည်။ ဆရာသည် ၀တ်စားဖြီးလိမ်းပြီးသောအခါ သူရေးသားထားပြီးရှိသည့် ငြိမ်းချမ်းရေးသီချင်းစာရွက်ကလေး ကျေမွမွကိုယူခဲ့ပြီး မြို့မအသင်းရှိရာ ဓားတန်းဝင်းသို့ ကျွန်မတို့ကားနှင့် လိုက်လာသည်။ ဆရာက လမ်းတွင် “သီချင်းအတွက် အချိန်ကနည်း၍ စိတ်တိုင်းမကျ လှသေး”ဟူသောစကား တစ်ခွန်းသာပြောသည်။ အခြားဘာစကားမှ ပြောဖော်မရ။ ကျွန်မကိုယ်၌ကလည်း ဆရာ့ကို ဘာစကားကိုမှ မဆိုချင်တော့။ ဆရာဆင်းရဲပုံ ကျန်းမာရေးနှင့်မပြည့်စုံပုံကို ကြည့်ပြီး လောကကို စိတ်နာသလိုဖြစ်နေသည်။ ဆရာ့ဘ၀ကို သာယာအောင်၊ ကိုယ်ကလည်း ဘာမှမတတ်နိုင်သည်သာမက “ငါ့သူငယ်ချင်း ဆင်းဆင်းရဲရဲ ဖြစ်နေသည်ကို သနားလှသဖြင့် ချဉ်ပေါင်ဟင်းတစ်ခွက်နှင့် ထမင်းစားနေရာသို့ တစ်ဇွန်းဝင်ပြီး သောက်ခဲ့ရသေးသည်”ဟု လူပြက်တို့ပြောစကားကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ်ကိုပင် ပိုက်ဆံတစ်ပြားမှ မပေးဘဲ အလကား အစပ်ခိုင်းခဲ့ပါသေးသည်။

ဆရာငြိမ်းသည် ဓားတန်းရှိ ဦးသန့်ဝင်းတဲမှ ဦးကြီးငွေတို့အိမ်၌ မြို့မအဖွဲ့သား လေးငါးယောက်ကို စုစေပြီး “ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ်” ဟူသော ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်းကလေးကို အသံထည့် တီးမှုတ်ပြီး ကြိုးခွေဖြင့် အသံသွင်းပေးလိုက်ရှာပါပေသည်။”

ဂီတမဟာ ကဗျာဆရာကြီး မြို့မငြိမ်းဟာ အချိန်ကာလတိုတိုလေးအတွင်းမှာ နှလုံးသွေးနဲ့ ထုဆစ်ဖန်တီးပေးလိုက်တဲ့ ငြိမ်းချမ်းရေးသီချင်းသံက ကမ္ဘာအနှံ့ ပျံသန်းလို့ ငြိမ်းချမ်းရေးပန်းတွေ ဝေငှခဲ့ပါပကော။ ရင်ခုန်ခံစားကြည့်ပါဘိ။

-ငြိမ်းချမ်းရေးသည်...ပျားရည်ကဲ့သို့ အစဉ်၊
တမာပင် သရက်ပင်... ဘာပင်စွဲစွဲ ချိုမြဲအရသာ...မစွန့်သည်သာပင် ကမ္ဘာသား လူအများမျက်နှာထားချိုကြည် ...ပျော်စေသည် ထာဝစဉ် စစ်ရန်မီးကွင်းရှောင်..မလောင်မီ ကြိုတင်
-ရွံစရာ မုန်းစရာ..စစ်ရန်မီး တားဆီးဖို့ပြင် အိုးကြီးအိုးငယ် ...သယ်ဆောင်ကာယူငင် လက်ခုပ်နဲ့ဖြစ်စေ...ကိုယ်တိုင် ပါဝင်ဖြန်းပက်ကြ ကိုယ်စီညီညီပင် ငြိမ်းချမ်းရေး...အေးမြသော ရေစင်
-ကမ္ဘာလူသားတွေ တွေးပူကြိုတင် ရန်သူမိတ်ဆွေ..မရွေး သူငါပင် ရန်စစ်မီးကို မလောင်စေချင် စုဆောင်းခဲ့သော ယဉ်ကျေးမှု အစဉ်အဆက် အနုအယဉ် အမွန်အမြတ်တွေ...သုဉ်း ဆိတ်မှာမြင်
ငြိမ်းချမ်းရေး မြတ်နိုး...အိုးအိမ်သာယာ သူငါပျော်ရွှင်
-ငြိမ်းချမ်းရေးသည်...ပျားရည်ကဲ့သို့ အစဉ်၊ တမာပင် သရက်ပင်... ဘာပင်စွဲစွဲ ချိုမြဲအရသာ...မစွန့်သည်သာပင် ကမ္ဘာသား လူအများ မျက်နှာထားချိုကြည်...ပျော်စေသည် ထာဝစဉ် စစ်ရန်မီးကွင်းရှောင်..မလောင်မီ ကြိုတင်
ဒီငြိမ်းချမ်းရေး သီချင်းကလေးကို မန္တလေးမြို့တော်ကနေ ရန်ကုန်မြို့တော်ကြီးဆီ သယ်ဆောင်သွားပါတော့တယ်။ ရန်ကုန်မြို့တော်ကြီးဆီ ငြိမ်းချမ်းရေး သီချင်းကလေး ပျံသန်းလာပုံက လွမ်းမောဆွတ်ပျံ့ဖွယ်ရာပါ။

ဒီအကြောင်းကို ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ငြိမ်းချမ်းရေးကိုချစ်တဲ့ ရုပ်ရှင်မင်းသားကြီး ဦးမြတ်လေးက မြနန္ဒာစာတမ်းငယ်ကလေးထဲမှာ ကိုယ်တွေ့မှတ်တမ်းကို ဟောဒီလို မော်ကွန်းထိုးထားခဲ့ပါတော့တယ်။

“ဖဆပလလက်ထက်၌ ငြိမ်းချမ်းရေးအဖွဲ့အစည်းရှိခဲ့ဖူးသည်။ ထိုအဖွဲ့မှ ဒေါ်အမာ၊ ဒေါ်အမာမှ (မြို့မငြိမ်း) ဆရာ့ထံ တေးတစ်ပုဒ် ရေးထုတ်ပေးရန် အကူအညီတောင်း၏။ ဆရာက ရေး၍ ပေးလှူသည်။ ယခင်အခေါက် စတီး၊ သံမဏိကြိုးခွေထဲတွင် သီဆို၍ ပို့လျှင်လွယ်၏။

ဒဂုန်တာရာ၊ မြသန်း၊ အောင်လင်း၊ စောညိန်း၊ ဒေါင်းနွယ်ဆွေ၊ နေသွေးနီနှင့် ကျွန်တော် (မြတ်လေး) တို့သည် တေးဝါသနာပါသူများဖြစ်သဖြင့် မန္တလေးမှ ရောက်ရောက်ချင်း မြည်းရသည်။ ကြားခွင့်ရသည်။ ဖွင့်မည့်နေရာကား ဂျူဗလီဟော။
 
ဂျူဗလီဟော ခန်းမဆောင်၌ ဖြစ်သည်။ ညီလာခံကိုယ်စား လှယ်စုံရှေ့မှောက်၌လည်း အကြိုတေးအဖြစ် ဖွင့်ခွင့်ရသည်။ ကိုယ်စားလှယ်များမှာ နားဝင်ချိုငြိမ့်၊ ပီတိဖိန့်ရသည်။ တေးဆုံးသောအခါ သြဘာသံများသည် ပင်လယ်လှိုင်းကြွတက်သကဲ့သို့ တလိမ့်လိမ့်တက်လာနေခဲ့သည်။ အိုဟောင်းနွမ်းရော်နေသော ဂျူဗလီသည် ရင်ကွဲမတတ်ရှိချေသည်။

-ငြိမ်းချမ်းရေးသည် ... ပျားရည်ကဲ့သို့ အစဉ်...တမာပင်သရက်ပင် ဘာပင်စွဲစွဲ ချိုမြဲအရသာ မစွန့်သည်သာပင်
ငြိမ်းချမ်းရေးပျားရည်က ဆရာမြို့မငြိမ်းရင်ထဲကပါမက မန္တလေးမြို့ကျုံးရေဘေးမှသည် ရန်ကုန်မဟာရွှေတိဂုံရင်ပြင်တော်ကို ဦးခိုက်လျက် ဂျူဗလီဟောရင်ခွင်ထဲမှသည် ကမ္ဘာအနှံ့ ခြေဆန့်ပျံသန်းသွားပါပြီ။ အလို....ဘာတဲ့..

ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်
စုဆောင်းခဲ့သော ယဉ်ကျေးမှုအစဉ်အဆက် အနုအယဉ် အမွန်အမြတ်တွေ သုဉ်းဆိတ်ပျက်စီးသွားမှာ မမြင်လိုတာ ဆရာမြို့မငြိမ်းပါပဲ။ ရန်စစ်မီးကို မလောင်စေချင်တဲ့ ပြည်သူလူထုရဲ့ဆန္ဒကို သိနေတာလည်း ဆရာမြို့မငြိမ်းပါပဲ။ လက်ခုပ်နဲ့ဖြစ်စေ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေး အေးမြတဲ့ရေစဉ်နဲ့ ညီညီညွတ်ညွတ်သာ ဖျန်းပက်လိုက်ကြစမ်းပါ။ ဒါမှ ငြိမ်းချမ်းမှာပါလို့ ပြောခဲ့တာလည်း ဆရာမြို့မငြိမ်းပဲ မဟုတ်ပါလား။

ဟော ဒီနေ့လို ကျွန်တော်တို့ရဲ့ တိုင်းသားစစ်စစ်တွေအားလုံး မျှော်လင့်နေကြ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကြီး တည်ဆောက်ဖို့ အဓိက လိုအပ်နေတာ ငြိမ်းချမ်းရေး မဟာငြိမ်းချမ်းရေးပဲ မဟုတ်ပါလား။

အနုပညာသမားစစ်စစ်တွေက ငြိမ်းချမ်းရေးကို ဘ၀တစ်ခုလုံးနဲ့ တောင်းဆိုကြတယ်။ တိုင်းပြည်ငြိမ်းချမ်းမှ ပြည်သူတွေအားလုံး သာယာဝပြောကြမှာ မဟုတ်ပါလား။ တစ်နိုင်ငံလုံးက တိုင်းရင်းသား ပြည်သူတွေအားလုံးက နေကို မျှော်နေသလို လကို တသနေသလို တောင့်တမျှော် လင့်စောင့်စားနေကြတာ ဒီနေ့ ငြိမ်းချမ်းရေးပဲ မဟုတ်ပါလား။

ငြိမ်းချမ်းရေးအတွက် ဘ၀တစ်ခုလုံးနဲ့ ထုဆစ်ဖန်တီးထားခဲ့တဲ့ ဂီတမဟာကဗျာဆရာကြီး မြို့မငြိမ်းရဲ့ ငြိမ်းချမ်းရေးအလင်းတေးသံက နိုင်ငံတော်သစ်ကြီးအတွက် နိမိတ်ကောင်းတွေ သယ်ဆောင်လာခဲ့ပြီ။ ငြိမ်းချမ်းရေးတေးသံ စစ်စစ်တွေကြားရပြီ။
နိုင်ငံတော်သစ်ကြီးအတွက်
စစ်မှန်တဲ့ ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ။
-ငြိမ်းချမ်းရေးသည်...ပျားရည်ကဲ့သို့ အစဉ်၊ တမာပင် သရက်ပင်... ဘာပင်စွဲစွဲ ချိုမြဲအရသာ...မစွန့်သည်သာပင် ကမ္ဘာသားလူအများ
မျက်နှာထားချိုကြည်...ပျော်စေသည်ထာဝစဉ် စစ်ရန်မီး ကွင်းရှောင်..မလောင်မီကြိုတင်
-ရွံစရာမုန်းစရာ..စစ်ရန် မီးတားဆီးဖို့ပြင် အိုးကြီး အိုးငယ်...သယ်ဆောင်ကာ ယူငင် လက်ခုပ်နဲ့ဖြစ်စေ...ကိုယ် တိုင်ပါဝင်ဖျန်းပက်ကြ ကိုယ်စီညီညီပင် ငြိမ်းချမ်းရေး.. အေးမြသောရေစင်
မောင်နွေထက်

Category: 

Share