မုန်တိုင်းထန်နေသော ရခိုင်အတွက် အဖြေ (၄) ခု - လက်စောင်းထက်

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားများမှာ  ဇာတိမြေမှ  အသက်အန္တရာယ်ကြောင့် အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြသလို အကြမ်းဖက်သမားများက ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ စာသင်ဆောင်များနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အစွန်းရောက် ဘင်္ဂါလီအဖွဲ့များက ဟိန္ဒူတိုင်းရင်းသားများနှင့် ကသည်းလူမျိုးများပါမကျန် သတ်ဖြတ်ခဲ့သလို လမ်းတံတားများကိုလည်း မိုင်းခွဲဖျက်ဆီးတိုက်ခိုက်ခဲ့သည်။ အလစ်အငိုက် ကြံစည်လုပ်ကိုင်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်မပေးနိုင်ခဲ့ပေ။ ယခုအခါ နေရပ်စွန့်ခွာလာသော တိုင်းရင်းသားများအနေဖြင့် မောင်တောမြို့ပေါ်ရှိ လုံခြုံရေးပေးထားသော ဘုန်းတော်ကြီးကျောင်းများတွင်လည်းကောင်း၊ စစ်တွေမြို့ပေါ်တွင်လည်းကောင်း စစ်ဘေးဒုက္ခသည်များအဖြစ် ခိုလှုံနေကြရသည်။ မြန်မာနိုင်ငံအရပ်ရပ်မှ ပုဂ္ဂလိက အကူအညီများ ပေးအပ်နေပြီဖြစ်သော်လည်း တိမ်းရှောင် ဒုက္ခသည်များအတွက် လုံလောက်မှု မရှိသေးပေ။ ဘင်္ဂါလီအကြမ်းဖက်လုပ်ရပ်များမှာ မောင်တောမြို့ပေါ်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါတွင် အတန်အသင့် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ ထူးခြားချက်အဖြစ် ဥပဒေနှင့်အညီ အေးချမ်းစွာနေလိုသော ဘင်္ဂါလီကျေးရွာများက အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ်ပြီး အကြမ်းဖက်ဘင်္ဂါလီများကို ဖမ်းဆီးအပ်နှံနေသည့်အချက်ကလည်း အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် တစ်ဖက်တစ်လမ်း အထောက်အကူပြုနေသည်။ သို့သော် ထိုလုပ်ရပ်မှာ ဘင်္ဂါလီများ လတ်တလောရှင်သန်ရပ်တည်ရေးအတွက် လှည့်ဖြားမှုတစ်ခု ဖြစ်မဖြစ် သေချာဆန်းစစ်ရန် လိုအပ်လာသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဖြစ်ရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာမီဒီယာများက သတင်းများကို ပုံဖျက်ထုတ်လွှင့်နေမှုများရှိသလို တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်ကလည်း စက်တင်ဘာ ၁ ရက်နေ့က အစ်နေ့ ညစာစားပွဲကျင်းပနေစဉ် မြန်မာများက ဘင်္ဂါလီများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြောင်း စွပ်စွဲပြောကြားသွားခဲ့သည်။ ထို့အပြင် အာဒိုဂန်က မြန်မာ့အရေးကို စက်တင်ဘာလ နှောင်းပိုင်း ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အား ပြောကြားထားပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး မဟာဗျူဟာမြောက် ကြိုတင်အစီအစဉ်များ ချမှတ်ရန် လိုအပ်လာမည် ဖြစ်သည်။ ပထမဦးဆုံးအချက်မှာ Action Plan အဖြစ် အမြန်ဆုံး ဆောင်ရွက်ရမည့်ကိစ္စသည် ရခိုင်ပြည်နယ်နှင့်  ပတ်သက်သောသတင်းများကို နာရီနှင့်အမျှ ထုတ်ပြန်ပေးနေမည့် Arakan Informational Hub ကို အမြန်ဆုံးတည်ထောင်ရန် လိုအပ်သည်။ ယင်းသတင်းထုတ်ပြန်ရေးအဖွဲ့မှ နိုင်ငံတကာတွင် ထုတ်လွှင့်နေသော ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် သတင်းမှားများ (FAKE News) ကို အမြန်ဆုံးချေဖျက်ရန် လိုအပ်သည်။ ဒုတိယအချက်မှာ တိုင်းပြည်၏ အနောက်ဘက်ခြံစည်းရိုး လုံခြုံရန် မည်သို့ပြုလုပ်မည်နည်း ဆိုသည်ကို အဖြေထုတ်ရန် ဖြစ်သည်။

ခိုးဝင်ဘင်္ဂါလီများ ပြဿနာသည် ယခုမှ ဖြစ်ပေါ်လာသော ပြဿနာမဟုတ်ဘဲ နှစ်ပေါင်းများစွာကတည်းက နက်နက်ရှိုင်းရှိုင်း တည်ရှိခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရာတွင် ဘတ်ဂျက်မလုံလောက်သည့် ပြဿနာကြောင့် အလွန်နှေးကွေးနေခဲ့သည်။ ထို့ကြောင့် အနောက်ဘက်တံခါးမှာ အပေါက်ကြီးဖြစ်နေသည်။ လက်ငင်းပြဿနာများကြောင့် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် မနိုင်ဝန်ထမ်းနေစရာ မလိုဘဲ နိုင်ငံတော်ဘတ်ဂျက်ဖြင့် အနောက်ခြံစည်းရိုးကို အိန္ဒိယနိုင်ငံ ကရှ်မီးယားပြည်နယ်မှာကဲ့သို့ လုံလုံခြုံခြုံကာရံစေရေး ဖြစ်သည်။ တည်ဆောက်ရေးကာလကိုလည်း ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း အပြီးတည်ဆောက်သင့်သည်။

တတိယအချက် အနေဖြင့် ဒေသခံတိုင်းရင်းသားများအားလုံး၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် အစီအစဉ်များ ချမှတ်ပေးရန်ဖြစ်သည်။ ယခင်က ရခိုင်ပြည်နယ်တွင် နယ်စပ်ကွပ်ကဲရေးအဖွဲ့ (နစက) ရှိသဖြင့် ဘင်္ဂါလီများ၏ ပြဿနာကို အတန်အသင့် ထိန်းသိမ်းထားနိုင်ခဲ့သည်။ နစကများရှိစဉ်က ဘင်္ဂါလီကျေးရွာများတွင် သတင်းပေး အမာခံများ မွေးထားသည့်အတွက် ရွာကို မျက်နှာစိမ်းများ ၀င်ရောက်မှု အခြေအနေ၊ ရွာတွင်ရှိသည့် ကလေးမွေးဖွားနှုန်းက အစသိရှိနေခဲ့သည်။ ယခု နစက ဖျက်လိုက်သည့်အတွက် ဘင်္ဂါလီများနှင့် ပတ်သက်သောသတင်း အမှောင်ကျသွားခဲ့သည်။ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် တပ်မတော်သည် ရှမ်းပြည်နယ်တွင် စစ်တိုင်းကြီး (၄) တိုင်း၊ တပ်မစုစုပေါင်း (၈) ခုကို ချထားခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်တွင် လက်ရှိအားဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တပ်မ(၃)ခု သာရှိသည်။ မြန်မာနိုင်ငံမြောက်ဖျားမှ တိုင်းပြည်၏  အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခဲ့သော ဗကပ အမည်ခံ တရုတ်များအား တိုက်ထုတ်ရာတွင် တပ်မတော်အနေဖြင့် သောင်းကျန်းသူ ဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ (သကဆဖ)များကို ကျေးရွာများ၊ တိုက်နယ်များတွင် အများကြီး ဖွဲ့ပေးခဲ့သည်။ ဒေသအခေါ် ယင်းပြည်သူ့ စစ်များအတွက် လစာမပေးသော်လည်း ရိက္ခာထောက်ပံ့မှုများကို ပြုလုပ်ခဲ့သည်။ ယင်းအချက်က ထိရောက်ခဲ့သည့်အတွက် မြန်မာပြည်မြောက်ပိုင်းတွင် တိုင်းပြည်၏ နယ်နိမိတ်အချုပ်အခြာ တည်တံ့နေခြင်းဖြစ်သည်။ ရခိုင်ဒေသတွင်လည်း တိုင်းရင်းသားများ လုံခြုံရေးအတွက် ယုံကြည်ရသော ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးသင့်သည်။ အကျိုးမဖြစ်သော AA အဖွဲ့ကိုတော့ ရှင်းလင်းရန် လိုအပ်လာမည်။

စတုတ္ထအချက်မှာ ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်၍ လူသားချင်းစာနာမှု ခေါင်းစဉ်တပ်ကာ လုပ်ကိုင်စားသောက်နေသော INGO များ၊ NGOs များကိစ္စဖြစ်သည်။ ယခုအခါ ရခိုင်ပြည်နယ်၏ မလုံခြုံမှုကြောင့် WFP မှ စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ ရပ်ဆိုင်းလိုက်မှုကြောင့် လူပေါင်း နှစ်သိန်းခွဲအပေါ် သက်ရောက်မှု ရှိလိမ့်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ ထိုနည်းတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း အကူအညီလိုအပ်နေသော နေရာများသို့ အကူအညီပေးရေး အေဂျင်စီများ ၀င်ရောက်ခွင့်ပြုရေးမှာ မြန်မာအစိုးရတာဝန် ဖြစ်သည်ဟု ပြောကြားထားသည်။

ထိုအခြေအနေများကြောင့် နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များ ကျဉ်းထဲကြပ်ထဲ မရောက်ရှိစေရန် ယခုကတည်းက အေဂျင်စီများလိုက်နာရမည့် ကျင့်ဝတ်များကို ကြိုတင်ရေးဆွဲ ထုတ်ပြန်သင့်သည်။ ယခင်က ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်ခဲ့သော NGOs များမှာ ဒုက္ခရောက်နေသော ရခိုင်လူမျိုးများကို လျစ်လျူရှုပြီး ဘင်္ဂါလီလူမျိုးများကိုသာ ကူညီခဲ့သည့် သက်သေသာဓကများ ရှိခဲ့ပြီးဖြစ်သည်။ ထိုအခြေအနေကို သင်ခန်းစာယူပြီး ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအရှိန်ဖြင့်  ပြန်လည် ၀င်ရောက်ရန် တာစူနေသော နိုင်ငံတကာ အေဂျင်စီများကို ကြပ်မတ်ကွပ်ကဲမည့် Governing Body တစ်ခုလည်း သေချာပေါက် လိုအပ်လာလိမ့်မည်ဖြစ်ကြောင်း အကြုံပြုလိုက်ရပါသည်။
လက်စောင်းထက်

Category: 

Share