ဇာဂနာ မရယ်ရတော့ဘူး (၂၅) - ဇာဂနာ

ဇာဂနာ မရယ်ရတော့ဘူးဆိုတာ ဆက်မရေးချင်တော့ဘူးခင်ဗျ။ ဇမ္ဗူဒိပ်နိမိတ်ဆိုတာကိုး။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်းတာကိုးနော့။ ဒီဆောင်းပါးတွေ စပြီးရေးကတည်းက ခုထက်ထိ မရယ်ရတာ ကြာလှပြီပေါ့ခင်ဗျာ။ တစ်ခါတစ်ခါ ရယ်တတ်သေးရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိပါတယ်။ မှန်ကြည့်ကြည့်ပြီး ရယ်ကြည့်ရတာလည်း အမောပါခင်ဗျ။

ခုတော့ အငြိမ့်ပြိုင်ပွဲတွေ စီစဉ်လိုက်တဲ့အခါ ရယ်ရပြီလို့ မှတ်လိုက်တော့တာပေါ့။ ၂၀၁၃ ခုနှစ်က ငြိမ်းချမ်းရေးအငြိမ့်ပြိုင်ပွဲ လုပ်ခဲ့ဖူးပါတယ်။ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီးမှာပေါ့။ မြန်မာပြည်စတားတို့၊ ဟားငါးကောင်တို့ စန်းထတဲ့နှစ်ပါ။ ဒီစတားအဖွဲ့ ပထမရသွားတဲ့ကာလပေါ့လေ။ ဒီတုန်းက ဇာဂနာ မျက်ရည်ထွက်ရလောက်အောင် ရယ်မောခဲ့ရပါတယ်။ ရယ်ပြီး တကယ်ကို မောရတာပါ။

ခု ပြန်ကြားရေးဝန်ကြီး ဆရာဖေမြင့်က အငြိမ့်ပြိုင်ပွဲလုပ်ဖို့ တာဝန်ပေးလာလေတော့ လုပ်ရတော့တာပေါ့လေ။ မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲဆိုကတည်းက နာမည်နဲ့တင် တော်တော်ကြီးနေပါပြီ။ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ခွဲလုပ်တယ် ဆိုကတည်းက ထပ်ကြီးသွားပြန်တော့တာပေါ့။ ဒီတော့လည်း အဖွဲ့တွေ သုံးဆယ်ကျော် ၀င်ပြိုင်တာ ဘာဆန်းလဲ။ ဇာဂနာလည်း ပျော်တယ်ခင်ဗျ။ အငြိမ့်တွေ အများကြီး ကြည့်ရတော့မယ်ပေါ့။ ပြက်လုံးတွေ တထောကြီးကြားရတော့မယ်ပေါ့။ အားခဲထားတာပေါ့။ ရယ်ဖို့ ကြိုးတင်းထားတာပေါ့ ခင်ဗျာ။

မှန်းတာနဲ့ လမ်းဖာတာ မကိုက်ဘူးခင်ဗျ။ ရန်ကုန်၊ မန္တလေး လူးလာခေါက်တုံ့ ပြေးလိုက်ရပုံများ။ ခုရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ညနေကျတော့ မန္တလေးပြေးရပြန်ပါတယ်။ တစ်ခါအဖွဲ့တွေ မဲနှိုက်တော့ မနက်ရန်ကုန်မှာ။ ဟော ... ညကျတော့ မန္တလေးရောက်သွားပြန်ပါတော့တယ်။

ဒီလိုပဲခင်ဗျ။ ပြိုင်ပွဲလည်း စလိုက်ရော ရန်ကုန်မှာ တနင်္ဂနွေနေ့ ညဘက်သန်းခေါင်ကျော်တဲ့ထိ ရှိနေရပါတယ်။ ဟော မနက်မိုးမှမလင်းသေးဘူး။ လေယာဉ်ကွင်းအရောက် ဆင်းရပြန်ပါတယ်။ တနင်္လာနေ့ညနေ မန္တလေး အမျိုးသားဇာတ်ရုံမှာ အငြိမ့်ပြိုင်ပွဲ ဖွင့်ပွဲလုပ်ရပြန်တယ်ခင်ဗျ။ အငြိမ့်များ ငြိမ်ငြိမ်ကြည့်ရမလား မှတ်တယ်၊ လူနဲ့လွန်းမှားနေတာကိုး။

အမှန်ကတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို အငြိမ့်ပွဲတွေ စီစဉ်တာပါ။ ဇာဂနာတို့ အငြိမ့်တွေလည်း ပရိသတ် အာရုံစိုက်လာစေချင်သလို ဒီမိုကရက်တစ် အကူးအပြောင်းကာလကို ချောချောမွေ့မွေ့ ဖြတ်သန်းစေချင်တာပါ။ ပထမအချက်ကတော့ တော်တော်အောင်မြင်ပါတယ်။ ရန်ကုန်ရော မန္တလေးမှာပါ ညတိုင်း လူအပြည့်ခင်ဗျ။ အလကားပြတာကိုးနော်။

ဒုတိယအချက်ကတော့ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ ပြောဖို့စောသေးတယ် ခင်ဗျ။ ဒါကလည်း အငြိမ့်လိုဆိုရင် ချည်လုံးပေါ့လေ။ တစ်ခုတစ်ခုကို ခဏခဏ ပြန်ပြောပြီး ချည်ထားတာပေါ့လေ။ ပရိသတ်ရယ် တယ်ဆိုတဲ့ စကားလုံးကို ချည်ထားတာပေါ့လေ။ ဇာဂနာတို့ ငယ်ငယ်တုန်းက အားလည်းနာတယ်၊ ခင်လည်းခင်တယ်တို့၊ နေကောင်းသွားမှာပါတို့ပေါ့လေ။ ပြောဖို့စောသေးတယ်၊ ဝေဖန်ဖို့ စောသေးတယ်ဆိုတာ ဒီမိုကရေစီ အကူးအပြောင်းကာလအတွက် အကောင်းဆုံးစကားလုံးပါခင်ဗျ။ စောသေးတယ်၊ စောသေးတယ်နဲ့ ရခိုင်ပြည်နယ် ပြောင်တော့မယ်ခင်ဗျ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စောသေးတယ်လို့ပဲ ဆက်ပြောနေရမှာပါ။
အငြိမ့်ကြည့်ရင်း၊ အငြိမ့်ကြည့်ရင်းနဲ့ ရယ်ရမလား မှတ်တယ်၊ မောင်တောမှာလည်း မီးတွေလောင်လို့၊ ပဲလှောင်သူတွေလည်း ပဲမပေးနိုင်တော့ဘူးခင်ဗျ။ တောင်ပြုံးက ကိုယ်တော်ကြီး ကိုယ်တော်လေးတို့လည်း တုပ်ကွေးကြောက်လို့ ပုန်း၊ မြန်မာဗီဒီယိုတွေ တစ်ကား သုံးရာ့ငါးဆယ်နဲ့ ၀ုန်းပြန်တော့ ငိုလို့မရ ရယ်လို့မရပေါ့လေ။ ဖြစ်သွားတဲ့ မျက်နှာ။

စင်ပေါ် ဘာတွေပြော၊ ဘာတွေ ပြက်နေကြမှန်း မသိတော့ဘူးခင်ဗျ။ ရန်ကုန်မြို့တော်ခန်းမရှေ့က ဆန္ဒပြပွဲဆီ စိတ်ကရောက်လိုက်၊ ကချင်ပြည်နယ်ဆီ ရောက်လိုက်၊ ရခိုင်ပြည်နယ်ဆီ ရောက်လိုက်၊ လူးလာခေါက်တုံ့ပေါ့လေ။ ဒါပေမဲ့ အခြေအနေတွေက ကောင်းသွားမှာပါ။ ဘယ်တော့လဲဆိုတော့ ပြောဖို့စောသေးတယ် ခင်ဗျ။

အငြိမ့်ခုံပေါ်က ဦးချစ်စရာသားတွေကတော့ ရှစ်ဆယ့်ရှစ်ရော၊ ရေကြီးတာရော၊ ဒုက္ခသည် ကိစ္စရော အကြီးအကျယ် ဝေဖန်နေကြတယ်ခင်ဗျ။ ကျောင်းသားသမဂ္ဂကိစ္စလည်းပါတယ်။ တကယ်တော့ ကျောင်းသားသမဂ္ဂဆိုတာ စိတ်ဓာတ်ကိုးခင်ဗျ။ အဆောက်အအုံမှ မဟုတ်တာ။ ဘယ်တော့ ပြန်ဆောက်သင့်သလဲဆိုတော့ ပြောဖို့ စောပါသေးတယ်ခင်ဗျာ။

NCA လက်မှတ်ကို အကုန်လုံး ဘယ်တော့ထိုးမလဲ ဆိုတာတော့ ပြောဖို့စောသေးတာပေါ့ခင်ဗျ။ ၁၉၈၂ နိုင်ငံသားဥပဒေ သုံးသပ်ဖို့ဆိုတာလည်း လုပ်ဖို့ စောပါသေးတယ်ခင်ဗျ။ အဲဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာလည်း အရင်ကသာ အော်ခဲ့တာကိုးလို့။ ခုတော့ပြင်ဖို့ စောပါသေးတယ် ခင်ဗျ။ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့ ဆိုတာလည်း ဖွင့်ဖို့စောပါသေးတယ်ခင်ဗျ။ အကျဉ်းသားဟာ အကျဉ်းသားပေါ့ခင်ဗျ။ ရေးကြီးခွင်ကျယ်လုပ်လို့။ နိုင်ငံရေးနဲ့ ပတ်သက်တော့ နိုင်ငံရေးအကျဉ်းသားပေါ့။ ပြီးတာပဲဟာ။

သင်ပုန်းချေတာတွေ၊ ကျောက်တံချိုးတာတွေလည်း လုပ်မနေကြပါနဲ့။ လုပ်ဖို့စောပါသေးတယ် ခင်ဗျ။ ၆၆ (ဃ)လည်း ဖျက်ဖို့ စောပါသေးပါတယ်ခင်ဗျ။ ဘာပဲဖြစ်ဖြစ် စောပါသေးတယ်ခင်ဗျ။ တစ်ခုမှ နောက်ကျတာ မရှိသေးပါဘူး။ ပြန်အိပ်လို့ရပါတယ်။ စောပါသေးတယ်ခင်ဗျ။

   တူမောရိုးဂျာနယ်က အယ်ဒီတာမမတွေလည်း ဆောင်းပါးရေးဖို့ လာလာမတွန်းကြပါနဲ့။ တွန်းဖို့  စောပါသေးတယ် ခင်ဗျ။ ဇာဂနာလည်း အားတာမဟုတ်တော့ မရေးနိုင်ဘူးခင်ဗျ။ ရေးဖို့စောပါသေးတယ်။ အစိုးရအဖွဲ့ကိုလည်း ဇာဂနာ အကြံပေးပါတယ်ခင်ဗျ။ လိုရင်လည်းယူပါ။ မလိုက လွှင့်သာပစ်လိုက်ပါ။ အလုပ်ဆိုတာ နောင်လည်း လုပ်ရမယ့်အတူတူ အရမ်းမလုပ်ကြပါနဲ့ခင်ဗျ။ လုပ်ဖို့ စောပါသေးတယ်ခင်ဗျ။ ဒီလိုနဲ့ တစ်နိုင်ငံလုံး ငုတ်တုတ်မေ့ရတော့မလားလို့တော့ မမေးကြပါနဲ့၊ မေးဖို့ စောပါသေးတယ်ခင်ဗျ။ ခင်ဗျား ဘယ်လိုထင်လဲလို့ ဇာဂနာ့ကို လာမမေးကြပါနဲ့။ ဖြေဖို့ စောပါသေးတယ်ခင်ဗျ။ ဘယ်လောက် စောသလဲဆိုတော့ စောဖို့ကိုတောင် စောနေပါသေးတယ် ခင်ဗျ။
ဇာဂနာ

Category: 

Share