တာရာနှင့် ရန်ကင်းတိုက်လေးလုံး - ဦးမျိုးကြီး

ဆရာနတ်နွယ်ရဲ့ တောအကြောင်းတောင်အကြောင်း နတ်ဖမ်းစားတာကြောင့် ရန်ကင်းတိုက်လေးလုံးနဲ့ ဦးခိုင်ထူးအကြောင်း တူမောရိုးဂျာနယ်မှာ သုံးပတ်ဆက်ရေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ အသေးစိတ်ရေးမယ်ဆို ရေးစရာအကြောင်းတွေ အများအပြားရှိနေသေးပေမယ့်လည်း ရေးခဲ့ပြီးသမျှလောက်နဲ့ပဲ တစ်ခန်းရပ်သင့်ပြီလို့ ဆုံးဖြတ်လိုက်တာကြောင့် ပြီးခဲ့တဲ့အပတ်က ဇာတ်သိမ်းခဲ့ပါတယ်။ အမှန်ကတော့ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ရှိခဲ့ဖူးသူတစ်ယောက်အကြောင်းကို အဲဒီသူ ကွယ်လွန်သွားချိန်မှာ စာဖွဲ့ရတာဟာ တော်တော်မလွယ်တဲ့ အလုပ်တစ်ခုဆိုတာ ကိုခိုင်ထူးနဲ့ ပတ်သက် ဆက်နွှယ်ခဲ့သမျှလေးကို စာဖွဲ့ချိန်မှာ ပိုလို့သိခဲ့ရပါတယ်။  ဦးမျိုးကြီးရဲ့ စာရေးသက်အတွင်း ဘ၀တစ်ပါး ကူးပြောင်းသွားသူအကြောင်းကို စာဖွဲ့ဖြစ်တာကို ခိုင်ထူးက ဒုတိယမြောက်ပါ။ ပထမဆုံးစာဖွဲ့ဖြစ်ခဲ့တာကတော့ ဖခင်ကြီးခင်မောင်ထွေး (ပျဉ်းမနား) ကွယ်လွန်သွားခဲ့စဉ်က ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ အခုလို ဂျာနယ်မှာ အခန်းဆက်ပုံစံရေးခဲ့တာမဟုတ်ဘဲ အမှတ်တရစာအုပ်ထုတ်ခဲ့တာဖြစ်ကာ ရင်းနှီးတဲ့မိတ်ဆွေတွေအားလုံးကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကွယ်လွန်သူတစ်ယောက်အကြောင်းကို နောက်ဆိုရင် ရေးဖို့ တော်တော်လေး စဉ်းစဉ်းစားစား လုပ်ရမယ်လို့ အတွေးဝင်နေစဉ်မှာပဲ နောက်တစ်ယောက်အကြောင်းက ရေးဖို့အကြောင်း ဖန်လာပြန်ပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ အဆိုတော်တာရာနဲ့ ဦးမျိုးကြီးတို့ကြုံခဲ့ဆုံခဲ့သမျှ အကြောင်းတွေကို စာဖွဲ့ဖို့ပါ။ ဒါလည်း ရေးမယ်ဆိုရေးဖို့ အကြောင်းအရာတွေ အများအပြားရှိနေပေမယ့်သေသူကို အကြောင်းပြုပြီး ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖယ်ထုတ်ကာ သူမကွယ်လွန်မီက ဖြတ်သန်းခဲ့ရတဲ့ဘ၀ခရီးမှာ ဦးမျိုးကြီးပါဝင်ပတ်သက်ခဲ့သမျှ အစိတ်အပိုင်းလေးကိုသာ ထုတ်နုတ်ရေးသားသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုရေးသားရာမှာ အမှတ်မှားတာကြောင့်ဖြစ်စေ၊ စာအရေး မတတ်တာကြောင့်ဖြစ်စေ၊ တစ်စုံတစ်ယောက် ထိခိုက်နစ်နာသွား ခဲ့ရင်ဒါမှမဟုတ် အငြင်းပွားဖွယ်ရာကိစ္စရပ် တစ်ခုခုပေါ်လာခဲ့ရင် ဦးမျိုးကြီးမှာသာ တာဝန်ရှိကြောင်းနဲ့ ထိခိုက်နစ်နာမှုရှိခဲ့သူ အားလုံးအပေါ်မှာလည်း တောင်းပန်ပါကြောင်း ကြိုတင်အသိပေးထားအပ်ပါတယ်။

ဖိုးတာ
တကယ်တော့ အဆိုတော်တာရာနဲ့ ဦးမျိုးကြီးအကြားက ပတ်သက်ဆက်နွှယ်မှုအကြောင်းတွေကို မခြွင်းမချန် စာဖွဲ့ရရင် ရေးစရာတွေက အနန္တရှိနေမှာ သေချာပါတယ်။ ၁၉၆၇ ခုနှစ် ရန်ကင်းတိုက်လေးလုံးမှာ အခြေချေစဉ်ကတည်းက တိုက် (၂၃၃ အေ)မှာ ဘေးချင်းကပ်နေလာခဲ့ကြသူတွေမို့ တော်ရုံဆွေမျိုးတွေ ထက်တောင် ပိုရင်းနှီးသူတွေ ဖြစ်ပါတယ်။ ဦးမျိုးကြီးတို့က အခန်း (၁၃) သူတို့က အခန်း (၁၄)မှာ နေခဲ့ကြတာဖြစ်ပြီး တာရာတို့ မိသားစု ရန်ကင်းတိုက်လေးလုံးက အခန်းလေးကို ဘယ်အချိန်မှာ စွန့်ခွာသွားခဲ့ကြသလဲဆိုတာ အခုနေပြန်စဉ်းစားတော့ ၀ိုးတ၀ါးတောင် မမှတ်မိတော့ပါဘူး။ အဖေက တပ်မတော်စစ်တီးဝိုင်းရဲ့ တပ်မှူးအဆိုတော်ရဲဘော်ခင်မောင်လှ၊ အမေက ဒဂုံ(၁)က ဆရာမဒေါ်ခင်အေးကြွယ်၊ မွေးချင်းလေးယောက်ရှိတဲ့အထဲမှာ သူက ဒုတိယမြောက်ဖြစ်ပါတယ်။ အထက်မှာ မတူးလို့အမည်ရတဲ့ အစ်မတစ်ယောက်ရှိပြီး သူ့အောက်မှာက ညီလေးနှစ်ယောက်ပါ။ သူ့ကို ရပ်ကွက်ထဲက ဖိုးတာလို့သာ ခေါ်လေ့ရှိပါတယ်။ ဂီတကို ရူးသွပ်မှုက အစွန်းရောက်လွန်းပြီး တစ်ခါတစ်ရံ ပြုမူနေထိုင်ပုံတွေက လူရယ်(ရီ)စရာဖြစ်နေတတ်တာကြောင့် လှောင်ပြောင်တာတွေကို ခံရလေ့ရှိပေမယ့်လည်း သူကတော့ အေးဆေးပါပဲ။ ဘယ်သူတွေ ဘယ်လိုပဲ လှောင်လှောင် ဘယ်သူတွေ ဘယ်လိုပဲ ပြောင်ပြောင် သူရူးသွပ်စွာ စွဲလမ်းလွန်းတဲ့ ဂီတအကြားမှာ ထာဝရနစ် မျောနေတတ်သူဖြစ်ပါတယ်။ မွေးကတည်းက ရန်ကင်းမှာအတူ နေခဲ့ကြတာဆိုပေမယ့်လည်း အရွယ်ချင်းက အနည်းငယ်ကွာဟတာကြောင့် တကယ်တမ်းသူ့အကြောင်း ရေးမယ်ဆိုတဲ့အခါ အစောပိုင်းကာလ ပတ်သက်ဆက်နွှယ်မှုတွေက အနည်းငယ် ၀ိုးတိုးဝါးတားနိုင်နေခဲ့ပါတယ်။ အဲဒီလို ၀ိုးတိုးဝါးတား ဖြစ်နေတဲ့အထဲက ဘယ်လိုမှ မေ့ပျောက်လို့မရနိုင်တဲ့ အဖြစ်အပျက်တစ်ခုကလည်း ရှိနေခဲ့ပါတယ်။ (၈၈) အရေးအခင်းကာလကပါ။ မှတ်မှတ်ရရ သြဂုတ်လ ၉ ရက်နေ့ကဖြစ်ပါတယ်။ လုံခြုံရေးတာဝန်ရှိသူတွေက ဖြတ်သွားလိုက် အရပ်ထဲက ထွက်ဆဲလိုက် ပြန်လှည့်လာရင် ပုန်းလိုက်နဲ့ ကျည်ဆန်နဲ့တူတူ ပုန်းတမ်းကစားနေချိန်ဖြစ်ပါတယ်။ နေ့ခင်း ၁၂ နာရီလောက်အရောက်မှာတော့ သူရယ်ရပ်ကွက်ထဲက သူငယ်ချင်းတစ်ယောက်ရယ်တို့ဟာ ခေါင်းကို သေနတ်မှန်ထားတဲ့ အလောင်း တစ်လောင်းကို ရပ်ကွက်ထဲကို သယ်လာပါတော့တယ်။ သေနတ်နဲ့ အပစ်ခံရလို့ ကွယ်လွန်သွားသူကလည်း ရန်ကင်းထဲကတာ ဒါပေမဲ့ အဲဒီအချိန်က သူ့အိမ်ကို သွားပို့ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေ၊ ဖြစ်တာက ရန်ကင်းလမ်းမပေါ်မှာ၊ အရပ်အခေါ် ငါးလုံးတန်းလမ်းကြားထဲကနေ ခေါင်းလေးပြုပြီး လှမ်းဆဲတာကို ဆရာ အတတ်သင် ကျောင်းရှေ့ သစ္စာလမ်းပေါ်ကနေ ခေါင်းကိုထိ အောင်ပစ်သွားတာ၊ အကွာအဝေးက မရှိဘူးဆို ဓာတ်တိုင် (၅) တိုင် (၆) တိုင်စာမက။ ထားပါ ပြောချင်တာက အဲဒီအကြောင်းမဟုတ်ပါဘူး။ သေနတ်မှန်ပြီး သေနေတဲ့ အလောင်းကို တာရာနဲ့တခြား သူငယ်ချင်း တစ်ယောက်စွန့်စွန့်စားစား ရပ်ကွက်တစ်ခုကျော်၊ ဂျိုးဖြူပိုက်လုံးကိုကျော်ပြီး သယ်ပြေးလာကြတာ၊ အရပ်ထဲလည်း ရောက်ရော ဘယ်လိုလုပ်မတုန်းဆိုတော့ မသိဘူးလေတဲ့။ ဒါသူ့သူငယ်ချင်းတဲ့ သူ့အိမ်ကိုတော့ ရောက်အောင် ပြန်ပို့မှဖြစ်မယ်တဲ့။ လုံခြုံရေးတာ ၀န်ရှိသူတွေကလည်း သူတို့ပစ်လိုက်တဲ့ သူမှန်သွားမှန်းသိတော့ နောက်က ထပ်ချပ်မကွာလိုက်နဲ့ အတိုချုံးပြောရရင်တော့ အဲဒီနေ့ ညနေစောင်းမှာ အဲဒီအလောင်းကို သက်စွန့်ဆံဖျားသယ်ဆောင်ပြီး သူ့မိဘလက်ထဲအရောက်  ပို့ပေးနိုင်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ကတော့ တာရာနဲ့ ပတ်သက်ပြီး ဦးမျိုးကြီး နှလုံးသားမှာ ထာဝရစွဲထင်နေပြီး ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်တဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။ တကယ်တော့ သူဟာ ကိုခိုင်ထူး၊ ကိုဂျေမောင်မောင်တို့ရဲ့ တေးသီးချင်းပေါင်းများစွာထဲမှာ စီးမျောခဲ့ဖူးသူတစ်ယောက် ဖြစ်ခဲ့ပေမယ့် သူအရမ်းလေးစားအားကျရသူကတော့ ထူးအိမ်သင် ဖြစ်တဲ့အကြောင်း အမြဲတစေ ဖွင့်ဟပြောကြားထားသူလည်း ဖြစ်ပါတယ်။ ကိုခိုင်ထူးရဲ့ နောက်ဆုံး အိမ်မက်ကိုသူဆိုတာ ကြားဖူးတဲ့သူတိုင်းက နှစ်ခြိုက်လေ့ရှိသလို စာရေးသူတို့ ရန်ကင်းတိုက်လေးလုံးက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အမှတ်တရပွဲကို လာပြီဆိုရင်လည်း ကိုခိုင်ထူးကို အမြဲ နောက်ပြောင်နေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ အရွယ်ချင်းကွာတာကြောင့် ဂါရ၀တရားရှေ့ထားပြီး နောက်ပြောင်တာမျိုး ဖြစ်ပေမယ့်လည်း ကိုခိုင်ထူးက သူ့ကို မဆဲတဲ့နှစ်မရှိသလို သူကလည်း ကိုခိုင်ထူးကို မြင်ပြီဆိုတာနဲ့ စိမ်း မြသစ်ရွက်တို့ ကြွေနေဆဲဆိုပြီး အသံကို တမင်ပျက်အောင် လုပ်ဆိုရင်းက စနေပြောင်နေလေ့ရှိခဲ့တာပါ။ အဲဒီလို ဆိုတိုင်းလည်းကို ခိုင်ထူးက ငါ---မ ပေါ်တာကြီး မင်း မင်းဆိုပြီး နောက်ကလိုက် ဒူးနဲ့တင်ပါးကို တိုက်တာမျိုးတွေ လုပ်လေ့ရှိတတ်တာပါ။ အခုတော့ သူတို့ နှစ်ယောက်စလုံးရှေ့ဆင့်နောက်ဆင့်ဆိုသလို ဦးမျိုးကြီးတို့ရဲ့ ရန်ကင်းတိုက်လေးလုံးက လွတ်လပ်ရေးနေ့ စတိတ်ရှိုးကို စွန့်ခွာသွားခဲ့ပါပြီ။ နှစ်ယောက်စလုံးက စတင်ကျင်းပခဲ့တဲ့ နှစ်ကနေ ပြီးခဲ့တဲ့နှစ်အထိ တစ်နှစ်မပျက် ရောက်အောင်လာခဲ့ကြသူတွေဖြစ်ကာ ပရိသတ် အခိုင်အမာရှိထားသူတွေမို့လည်း စိတ်မကောင်းခြင်းကြီးစွာ ခံစားရပါတယ်။ ကိုခိုင်ထူးက အနေဝေးခဲ့ပေမယ့် ကွယ်လွန်ခါနီးအချိန်တွေမှာ နီးနီးကပ်ကပ်ရှိနေခဲ့သူ၊ တာရာကတော့ အနေဝေးခဲ့ပေမယ့်လည်း တကယ့်ရပ်ဆွေရပ်မျိုးလိုဖြစ်နေခဲ့ပြီး ရန်ကင်းတိုက်လေးလုံးကို အင်မတန်သံယောဇဉ်ကြီးသူ။ အခုတော့သူတို့ သံယောဇဉ်ကြီးတဲ့ တိုက်လေးလုံးက စတိတ်ရှိုးကို စွန့်ခွာသွားခဲ့ကြပြီဖြစ်ပါတယ်။
ရှေ့အပတ်ဆက်ပါဦးမည်။
ဦးမျိုးကြီး

Category: 

Share