ဆုတ်ကပ် - မာဂျေ

မာဂျေစာမရေးဖြစ်တာကြာပါပြီ။ ရေးချင်စိတ်ကို ပေါ်မလာတော့တာပါ။ စာဆိုတာကလည်း စိတ်ရွှင်မှ ရေးလို့ကောင်းတာမျိုးလေ။ အခုတလောကတော့ စိတ်ညစ်စရာသတင်းတွေချည်း ကြားနေရတော့ စိတ်ထဲမှာ စာရေးဖို့ ဘာတစ်ခုမှပေါ်မလာဘူး။ ခေတ်ကြီးကိုက ဆုတ်ကပ်ဖြစ်နေတာကိုးဗျ။ မှန်လည်းမှန်၊ ကောင်းလည်းကောင်းတဲ့ သတင်းရေးတာတောင် ဖုန်းဆက်ပြီး ဒီသတင်း ဘယ်ကရတာလဲ၊ ဘယ်သူ ပေးတာလဲ၊ ခွင့်ပြုချက်ရောရှိလို့လား အမေးခံနေရတဲ့ခေတ်။

မာဂျေတို့ မွေးစကနေ အသက် ၃၀ လောက်အထိက အားလုံးပုံမှန်ပဲ။ နွေဆိုရင် နေပူမယ်။ ဆောင်းဆိုရင် ချမ်းမယ်။ မိုးတွင်းဆို မိုးရွာမယ်။ အခုတော့ နွေလည်း မိုးရွာချင် ရွာချလိုက်တာပဲ။ ဆောင်းမှာလည်း အေးချင်မှ အေးတော့တယ်။ ကိုယ့်နိုင်ငံတင်လားဆိုတော့ တစ်ကမ္ဘာလုံးဖြစ်နေတာ။ ဂျပန်ဆို ဒီနှစ် နွေရာသီ မရှိလိုက်ဘဲ တစ်ခါတည်း ဆောင်းရာသီကို ကူးသွားတယ်။ ဆုတ်ကပ်ဆိုတော့ မဖြစ်သင့်တာတွေ ဖြစ်နေတာပေါ့။ သူများကို အကြမ်းဖက်တဲ့သူကလည်း သူအကြမ်းဖက်ခံရပါတယ်လို့ ငိုပြ။ သူတို့သတ်ခဲ့တဲ့ ကလေးအလောင်းတွေကို ဓာတ်ပုံရိုက်ပြီး သူတို့ကလေးတွေ အသတ်ခံရပါတယ်လို့ အော်လိုအော်။ တစ်ကမ္ဘာလုံးကလည်း စုတ်တသပ်သပ်နဲ့ သနားကြ။ အမှန်တရားက ပန်းကန်ပြားစီး (အဲလေ) အမှန်တရားက ပါးစပ်ဟမလို့ ကြံနေတုန်း မုသားက တစ်ကမ္ဘာလုံးပတ်ပြီးသွားပြီဆိုတဲ့စကား သိပ်မှန်တာပဲ။

ဆုတ်ကပ်ဆိုတော့ ဘာတွေ မြင်ရကြားရသလဲ။ ဘီယာဖိုး မပေးလို့ အမေအရင်းကိုသတ်ပြီး အသည်းကို မန်ကျည်းရည်နဲ့တို့ စားတဲ့ သားလိုမျိုး၊ သမီးအရင်းကို ပြန်ပြီးကျင့်ကြံတဲ့ ဖအေမျိုးတွေ မြင်တွေ့လာရတယ်။ ဆိုရှယ်မီဒီယာဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ မုသာဝါဒဖြန့်ဖြူးရေး ယန္တရားကြီးကလည်း အရှိန်ကောင်းကောင်းနဲ့ လည်ပတ်နေတယ်။ ဒီယန္တရားကြီးက ဘယ်လောက်တောင် စွမ်းသလဲဆိုရင် သူခိုးက လူပြန်ဟစ်လို့ရတယ်။ လူညီရင် ဤကို ကျွဲဖတ်လို့ရတယ်။ ကိုယ်ကလုပ်ပြီး ကိုယ့်ကို လူတကာ သနားလာအောင် ပတ်ချွဲနပ်ချွဲ လုပ်လို့ရတယ်။ နောက်ဆုံးမတော့ လူတွေ ဥာဏ်ပြေးပြီး ထွင်ထားတဲ့ ပညာတွေကပဲ လူတွေကို မျိုးတုံးအောင် လုပ်နေတာ မဟုတ်ပေလားဗျာ။ ဥရောပ၊ အမေရိကန်နဲ့ ဗြိတိန်လို နိုင်ငံကြီးတွေမှာ အဲဒီအစိုးရတွေက အစွန်းရောက်တွေကို အပြတ်ရှင်းတယ်။ သူတို့မြေပေါ်တင်မက အစွန်းရောက်တွေ အားကောင်းတဲ့ အရှေ့အလယ်ပိုင်းအထိ ခြေဆန့်ပြီး အပြတ်ရှင်းတယ်။ ဒါပေသိ အဲဒီလူမျိုးတွေ အဲဒီဘာသာဝင်တွေကို စာနာကြောင်းကျတော့ မြန်မာ့မြေပေါ်မှာ လာလာပြနေကြတယ်။ တရားရစရာကောင်းပေမယ့် ဆုတ်ကပ်ထဲမှာ သူတို့လုပ်သမျှ ဟုတ်နေတာပဲ။

ကမ္ဘာကျော် သတင်းဌာနကြီးတွေက ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေက မီဒီယာသမားတွေကို မီဒီယာကျင့်ဝတ်က ဘယ်သို့ညာသို့တွေ ပြောတယ်။ သင်တန်းတွေ ခေါ်ပေးတယ်။ ပြီးတော့ သူတို့ ဖော်ပြ ထုတ်လွှင့်တာတွေကျတော့ သူတို့ကို ပိုက်ဆံထောက်ပံ့ထားတဲ့ အဖွဲ့အစည်းအလိုကျတွေပဲ ထုတ်လွှင့်နေတယ်။ အမှန်တရားတွေ ဘာတွေလာမပြောနဲ့၊ ငါတို့လွှင့်တာကို တစ်ကမ္ဘာလုံးက ကြည့်နေတာဆိုပြီး ငွေမျက်နှာပဲကြည့် ဖော်ပြနေကြတယ်။ နောက်ဆုံးမတော့ မီဒီယာကျင့်ဝတ်ကို အမှန်စကားမပြောရတို့ ဘက်မလိုက်ရတို့ ဆိုတာတွေက နိုင်ငံငယ်လေးတွေက မီဒီယာသမားတွေ လိုက်နာဖို့သာဖြစ်ပြီး ငါတို့ကတော့ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ အချိုးတွေ လုပ်နေကြတယ်။ အဲဒီအချိန်မှာ မာဂျေတို့လို ဖွံ့ဖြိုးဆဲနိုင်ငံက မီဒီယာသမားတွေက ဟိုဆရာတွေ ပြောတာတွေ အဟုတ်မှတ်ပြီး ကိုယ်ကိုးကွယ်တဲ့ဘာသာကို ပြန်ဝေဖန်တဲ့ သူနဲ့၊ ကိုယ့်ဘာသာရဲ့ ရတနာသုံးပါးတွေကို ဆဲတဲ့သူတွေနဲ့ ဟုတ်နေတာပဲ။ မြန်မာတစ်နိုင်ငံတည်းနဲ့တင် ငရဲကြီးရှစ်ထပ် မလောက်လို့ နောက်ထပ် န၀မမြောက် ငရဲဖွင့်ရမလို ဖြစ်နေတယ်။

ဘယ်လောက်တောင်အဖြစ်က ဆိုးလာသလဲဆိုတော့ ကိုယ့်မအေနဲ့ အသက်အတူတူ ကလေးအမေ အမျိုးသမီးကို လူပျိုမဖြစ်သေးတဲ့ အသက်မပြည့်သေးတဲ့ ချာတိတ်က ဘယ်လောက်တောင် ချစ်ကြောင်းတွေ ဆိုရှယ်မီဒီယာပေါ်မှာ ခပ်တည်တည်နဲ့ တက်ရေးပြတာတွေ မြန်မာပြည်လိုနိုင်ငံမှာ ဖြစ်လာတယ်။ အဲဒီလို စာမျိုးကိုပဲ ကိုးကွယ်ရာထင်ပြီးဖြန့်တဲ့သူတွေက ထောင်ချီနေတယ်။ အဲဒီလိုရေးလို့လည်း တကယ့်ကလေးဆိုပြီး ယုံလို့ကမရပြန်ဘူး။ ခေါင်းဖြူ စွယ်ကျိုး အသက်ခြောက်ဆယ်ကျော်ကလည်း သူငယ်ပြန်ရင် ဆိုရှယ်မီဒီယာပေါ်မှာ မြေးရဲ့ပုံတင်ပြီး ကလေးဖြစ်နိုင်တာကိုးဗျ။

အစိုးရ၊ တပ်မတော်နဲ့ မီဒီယာသမားတွေ အလုပ်ရုံဆွေးနွေးပွဲလုပ်တော့ ဆိုရှယ်မီဒီယာပေါ်မှာ မဟုတ်တာတွေ၊ သွေးထိုးတာတွေ၊ အမုန်းစကားတွေ၊ ဆဲတာဆိုတာတွေ၊ ကောလာဟလထုတ်လွှင့်မှုတွေ သိပ်များနေလို့ ဆိုရှယ်မီဒီယာကို ခုတုံးလုပ်ပြီး ပွဲဆူချင်တဲ့ တောကြောင်တွေနဲ့ အစွန်းရောက်တွေကိုထိန်းချုပ်ဖို့ အစိုးရအနေနဲ့ အစီအမံများရှိသလား မေးကြည့်ဖူးတယ်။ အဖြေကတော့ အစီအစဉ်မရှိဘူးတဲ့။ အခုတော့ အဲဒီအကျိုးဆက်တွေ ခံနေရပြီပေါ့။

ပြည်တွင်းမှာတော့ မဟာပညာရှိများက အမုန်းစကားပြောတဲ့သူတွေကို စောင့်ကြည့်သွားမတဲ့။ ပြည်ပက မြန်မာနိုင်ငံအပေါ် အပုပ်ချနေသူတွေကိုရော စောင့်မကြည့်ကြတော့ဘူးလား။ ဒီစာရေးနေတုန်း မိတ်ဆွေ စာရေးဆရာတစ်ယောက်က ပုံပြင်လေးတစ်ခု လာပြောတယ်။ ဒီခေတ်မှာ သစ္စာတို့ အမှန်တရားတို့ဆိုတာ မရှိတော့ဘူးဗျ။ ကျီးအာသလို ၀ိုင်းအာနေတဲ့သူတွေပဲ မှန်တဲ့ခေတ် ရောက်နေပြီ။ ရှေးကမြို့တစ်မြို့မှာ လူတစ်ယောက်က သူအပ်ထားတဲ့ ငွေပြန်တောင်းတာကို လက်ခံထားသူက မပေးပါဘူး ငြင်းသတဲ့။ ဘေးကသက်သေတွေကလည်း ဘယ်တုန်းကမှ ငွေအပ်ထားတာ မမြင်ဘူးပါဘူးလို့ ၀ိုင်းလိမ်ကြသတဲ့။ ဒီတော့ ငွေပေးထားသူက ဒါဆို ကျွန်တော် သစ္စာဆိုမယ်ဆိုပြီး သမ္မာဒေ၀နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ပြီး ဒီလူ့ဆီမှာ ကျွန်တော်ငွေအပ်ထားပါတယ်။ ပြန်တောင်းတော့ သူက မအပ်ပါဘူးလို့ညာတယ်။ ဒီသစ္စာကို ဆိုပါတယ်။ ဒီမှန်သောသစ္စာကြောင့် ကျွန်တော့်သားလေးဟာ လေထဲမှာ တိမ်ကဲ့သို့ ပျံသန်း ရပ်တန့်နေပါစေဆိုပြီး ချီထားတဲ့ သူ့ကလေးကို လေထဲမြှောက်လိုက်တယ်။ ကလေးက တိမ်လိုလေထဲဝဲဖို့ နေနေသာသာ ကျောက်ခဲလို ပြန်ပြုတ်ကျလာလို့ မသေအောင် ဒိုင်ဗင်ထိုးပြီး အဖေက ဖမ်းလိုက်ရသတဲ့။ စိတ်ဆိုးသွားတဲ့ဖခင်က ကလေးကိုချီပြီး မြို့ပြင်ထွက်၊ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်ဆိုတာ ဘာလဲညာလဲဆဲတော့ ချုံကြားက နတ်သားတစ်ပါး ထွက်လာပြီးတော့ ဟေ့ကောင်ဆဲမနေနဲ့။ ဆုတ်ကပ်ကြီးမှာ နတ်ယုတ် နတ်ဆိုးတွေ နေရာရနေလို့ ငါတို့တောင် မြို့ထဲမနေနိုင်ဘဲ မြို့ပြင် ထွက်နေနေရတာတဲ့။ အခုလည်း အဲလိုများ ဖြစ်နေသလားလို့ မရဲတရဲ ရေးကြည့်လိုက်ရပါတယ်ဗျာ။ ဆိုင်ဆိုင်မဆိုင်ဆိုင် တစ်ခုတော့ အော်ပါရစေ။  အစွန်းရောက် အကြမ်းဖက်ဝါဒ အလိုမရှိ။
မာဂျေ

Category: 

Share