မန္တလေးရဲ့ မြို့မဂယက် - ဆွေနိုင်စစ်

နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့ ကာလအတွင်းမှာပဲ မန္တလေးမြို့မှာ မြွေပူရာ ကင်းမှောင့်ဆိုသလို စိတ်ထိခိုက်ဖွယ် အကြောင်းအရာတစ်ခု ဖြစ်ပေါ်ခဲ့ရပါတယ်။
 
နှစ်ပေါင်း ၉၀ ကျော် မန္တလေးဂုဏ်ဆောင် မြို့မတူရိယာ အသင်းကြီးမှာ တွဲရေးခွဲရေး ပြဿနာကစပြီး မြို့မတူရိယာ အသင်းကြီးမှာ အလင်္ကာကျော်စွာမြို့မငြိမ်းရဲ့ တေးသီချင်းတွေကို မတီးမှုတ် မသီဆိုရဘူးဆိုတဲ့ ပြဿနာကြောင့်ပါပဲ။
သြဂုတ် ၂၅ ရက်နေ့က အသင်းရဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဒေါက်တာလှခိုင်နဲ့ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်း (လှဂုဏ်ရည်) တို့ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

မြို့မတူရိယာအသင်းကြီးမှာ ပညာရေးဥက္ကဋ္ဌတာဝန်နဲ့ ဂီတမှူးတာဝန်တွေကို ရပ်စဲကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ကြေညာချက်ထဲမှာ ဦးရွှန်းမြိုင်အနေနဲ့ မြို့မအသင်းမှာ ဖွင့်လှစ်ထားတဲ့ တယောသင်တန်းကို အမှုဆောင်အဖွဲ့ရဲ့ သဘောတူညီမှုမရှိဘဲ တခြားသင်တန်းကို လွှဲပြောင်းသင်ကြားစေခိုင်းခြင်း၊ ပြင်ပမှ သင်တန်းလာရောက်တက်သူ မရှိတော့တဲ့အခါမှာ မြို့မအသင်းက အသင်းသား အသင်းသူတွေကို ဆို/တီးသင်တန်း တက်ခိုင်းပြီး အသင်းရန်ပုံငွေထဲကနေ ငွေကြေး တောင်းခံခြင်း၊ သင်တန်းအတွက် ကုန်ကျမယ့်ငွေကြေးကို လိုအပ်တာထက် ပိုမိုတောင်းခံခြင်း၊ အသင်းအလုပ်အမှုဆောင်အဖွဲ့က သင်တန်းသုံးမျိုးအနက်မှ တစ်မျိုးကိုသာ ခွင့်ပြုထားပေမယ့် လက်မခံဘဲ ဆက်လက်လုပ်ဆောင်စေခြင်း၊ သင်တန်းအတွက် သုံးစွဲရန် အကြောင်းပြပြီး အသုံးစရိတ်တွေအတွက် မြို့မဖျော်ဖြေပွဲများမှာ ဆရာမြို့မငြိမ်း တေးသီချင်းများနဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့ တေးသီချင်းတွေကို သီဆိုတီးမှုတ်ပါက တစ်ပုဒ်ငါးထောင်ကျပ်ပေးရမည်ဟု တောင်းခံခြင်း။
 
စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရန်ကုန်မြို့မှာ ဖျော်ဖြေမယ့် ပွဲတစ်ခုအတွက် သီချင်းတစ်ပုဒ် ငါးသောင်းပေးရမည်ဟု တောင်းခံခြင်း အစရှိတဲ့ ဦးရွှန်းမြိုင်ရဲ့ လုပ်ရပ်တွေဟာ အသင်းနဲ့ သွေဖည်နေ တာကြောင့် ဦးရွှန်းမြိုင်ကို မြို့မအသင်းကြီးက တာဝန်တွေကနေ ရပ်စဲလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းရဲ့သားဖြစ်သူ မြို့မတူရိယာ အသင်းကြီးရဲ့ ပညာရေးဥက္ကဋ္ဌ ဦးရွှန်းမြိုင်ကို မြို့မအသင်းကြီးရဲ့ တာဝန်ကနေ ရပ်စဲလိုက်တယ်ဆိုတော့ မန္တလေးမြို့သူမြို့သားတွေ စိတ်မကောင်း ဖြစ်ကြရပါတယ်။ အသင်းရဲ့ အတွင်းရေးပြဿနာတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းကြပြီး စိတ်ဝမ်းမကွဲစေချင်ကြဘူးလို့ မြို့မိမြို့ဖတွေကလည်း ပြောဆိုကြပါတယ်။

ဦးရွှန်းမြိုင်ဆိုတာကလည်း ဆရာမြို့မငြိမ်းရဲ့ သားလည်းဖြစ်သလို မြို့မအသင်းကြီးအတွက် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ ဦးရွှန်းမြိုင်ကို အသင်းကနေ တာဝန်တွေ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ပြီးတဲ့နောက် စက်တင်ဘာ ၂ ရက်နေ့မှာတော့ ဦးရွှန်းမြိုင်အနေနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။ မန္တလေးလူထုတိုက်နေရာမှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးရွှန်းမြိုင်အနေနဲ့ အသင်း အလုပ်အမှုဆောင်အဖွဲ့က စွပ်စွဲပြောကြားတဲ့ ငွေရေးကြေးရေး အရှုပ်အရှင်းဆိုတာ သူဟာ ငွေမကိုင်တဲ့အတွက် အရှုပ်ကိစ္စမရှိလို့ ရှင်းစရာမလိုကြောင်း ပြောကြားခဲ့ပါတယ်။ သတင်းမီဒီယာများကလည်း သူ့ရဲ့အကြောင်း မြို့မရဲ့ အကြောင်းကိုမသိဘဲ တာဝန်က ရပ်စဲတဲ့ သတင်းလို့ ရေးကြတယ်လို့ ပြောပါတယ်။  ဦးရွှန်းမြိုင်အနေနဲ့ မြို့မအသင်းကြီးကို မန္တလေးမီးဘေးသင့်ခံရတဲ့ ဘ၀ကနေ အသင်းကို ပြန်လည်ဦးဆောင်ခဲ့ရတာတွေ၊ ယခုလက်ရှိ မန္တလေးမြို့မအသင်းပိုင်မြေနေရာ အဆောက်အဦ ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ ရတာတွေကို ရှင်းလင်းပြောကြားခဲ့ပေမယ့် အသင်းအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့တဲ့ အချက်အလက်တွေကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပါဘူး။ အဲဒီအတွက်လည်း မြို့မအသင်းကြီးကို ချစ်ခင်မြတ်နိုးစိတ်နဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြတဲ့ မြို့မိမြို့ဖတွေ ဂီတအသိုင်းအ၀ိုင်း၊ စာပေ အသိုင်းအ၀ိုင်းက သူတွေအတွက် စိတ်ပျက်ဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့ကြပါတယ်။

နောက်တစ်ရက်မှာတော့ ဦးရွှန်းမြိုင်ရဲ့ လွှဲအပ်ချက်အရဆိုပြီး မြို့မအပျော်တမ်းတူရိယာအသင်း၏ လက်ရှိဦးဆောင်နာယကများနှင့် လက်ရှိ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်တကွ အများသိစေရန် ကြေညာခြင်းဆိုပြီး ရှေ့နေများနဲ့ ကြေညာတစ်ရပ် သတင်းစာကနေ ကြေငြာခဲ့ပါတယ်။

လက်ရှိ နာယကကြီးများ အလုပ်အမှုဆောင်များက မြို့မအသင်းရဲ့ ပညာရေးဥက္ကဋ္ဌ ဦးရွှန်းမြိုင်နဲ့ ဂီတမှူးဦးရဲထွေးတို့ဟာ ပညာရေးစရိတ် အသုံးပြုတဲ့ ငွေကြေးအရှုပ်အရှင်း ခေါင်းစဉ်တပ်ပြီး အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် သတင်းမီဒီယာတွေ လူမှုကွန်ရက်တွေမှာ ဖြန့်ဝေခြင်းပြုခဲ့ကြောင်း ထိုသို့ ပြုလုပ်ခြင်းသည် မြို့မအသင်းကြီးကို တည်ထောင်ခဲ့ကြတဲ့ ဂီတအမြော်အမြင်ကြီးမားတဲ့ လူပုဂိ္ဂုလ်ကြီးများရဲ့ အစဉ်အလာ သြ၀ါဒများ၊ မြို့မအသင်းကြီး တိုးတက်ကောင်းမွန်ဖို့ မျှော်မှန်းလုပ်ဆောင်မှုများနဲ့ သွေဖည်ပြီး အသင်းကြီး စည်းလုံးညီညွတ်ရေး ပျက်ပြားအောင် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း၊ အဲဒီအတွက်ကြောင့် အလင်္ကာကျော်စွာ မြို့မငြိမ်းမိသားစုအနေနဲ့ မန္တလေးမြို့မ အသင်းကြီးရဲ့ လက်ရှိ ဦးဆောင်လမ်းညွှန်နေတဲ့ နာယကများ၊ လက်ရှိအမှုဆောင်အဖွဲ့များ မြို့မအသင်းကြီးမှာ တာဝန်ယူနေစဉ် ကာလပတ်လုံး အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ရှိတဲ့ တေးသီချင်း စာသားသံစဉ်များကို သတင်းစာ ကြေညာချက်ပါရှိသည့်နေ့မှစပြီး လုံးဝ(လုံးဝ)အသုံးမပြုရန် သတိပေးကြေညာကြောင်း သတင်းစာကနေ ကြေညာခဲ့ပါတယ်။

မန္တလေးမြို့မအသင်းကြီးမှာ ဆရာမြို့မငြိမ်းရဲ့ သီချင်းတွေကို မသီဆိုရ၊ မတီးမှုတ်ရလို့ မြို့မငြိမ်းရဲ့ မိသားစုဝင် ဦးရွှန်းမြိုင်အနေနဲ့ သတိပေးကြေညာချက်ကို မန္တလေးမြို့မိမြို့ဖများ၊ မြို့သူမြို့သားများသာမက မြို့မချစ်သူများက အံ့သြခြင်းနဲ့အတူ စိတ်မကောင်းဖြစ်ကြရပြန်ပါတယ်။

အဲဒီကြေညာချက်အရ မြို့မအသင်းကြီးအနေနဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကြီးကိုလည်း ဖျက်သိမ်းလိုက်ပြီး ပွဲစီစဉ်သူကို စရန်ငွေ သိန်း ၃၀ ပြန်လည်ပေးအပ်လိုက်ပါတယ်။ မန္တလေးမြို့မတူရိယာအသင်းကြီးဟာ ၉၂ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ လူရိုသေရှင်ရိုသေ အသင်းကြီးဖြစ်တဲ့ မြို့မအသင်းကြီးကို ၁၉၂၅ ခုနှစ်မှာ ဂီတ၀ါသနာတူ မန္တလေးသားကြီးများဖြစ်ကြတဲ့ ဆရာမြို့မငြိမ်း၊ ဦးကိုလေး၊ ဦးဘသစ်၊ ဦးသန့်၊ ဦးယဉ်လေးတို့က စတင်တည်ထောင်ခဲ့ကြပြီး မန္တလေးမြို့ရဲ့ ဘာသာရေးပွဲတွေမှာ တီးမှုတ်ဖျော်ဖြေခဲ့ကြပါတယ်။ မန္တလေးမြို့လူထုရဲ့ အားပေးချီးမြှောက်မှုကို ရရှိခဲ့တာကြောင့် မြို့မတူရိယာ အပျော်တမ်းအသင်းကြီးလို့ အမည်ပေးပြီး အသင်းဖွဲ့စည်းပုံကို သုံးနှစ်ကြာအောင် ရေးဆွဲပြီး ၁၉၂၈ ခုနှစ်မှာ မြို့မအသင်းကြီး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အသင်းအဖွဲ့တစ်ခုဆိုတာ ရေရှည်တည်ဖို့ ခက်ခဲပေမယ့် မြို့မတူရိယာအသင်းကြီးဟာ ပခုံးပြောင်း တာဝန်ယူပြီး ရေရှည်ရပ်တည်နိုင်ခဲ့တာကို အသင်းသူအသင်းသားများက ဂုဏ်ယူကြသလို မြို့မိမြို့ဖများကလည်း ဂုဏ်ယူခဲ့ကြပါတယ်။

ယခုလို အသင်းအလုပ်အမှုဆောင်များရဲ့ မပြေလည်မှုက အစပြုပြီး မြို့မအသင်းကြီးမှာ ဆရာမြို့မငြိမ်းရဲ့ တေးသီချင်းတွေ သီဆိုတီးမှုတ်ခွင့် မပြုခဲ့တာ အဆုံးထိ ဖြစ်ပေါ်လာရတာဟာ မန္တလေးအတွက် စိတ်ထိခိုက်စရာ ကြေကွဲဖွယ်ရာ ဖြစ်လာရပါတယ်။

မန္တလေးမှာ မြို့မတူရိယာအသင်းကြီး ရှိနေတာ မန္တလေးအတွက် ဂုဏ်ယူစရာ တစ်ခုဖြစ်သလို မြို့မအသင်းကြီးအတွက် ဆရာမြို့မငြိမ်းလို တေးရေးဆရာကြီး ရှိခဲ့တာဟာလည်း မန္တလေးအတွက်ရော မြို့မအသင်းအတွက်ပါ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်ခဲ့ရပါတယ်။
ဆရာမြို့မငြိမ်းနဲ့ မြို့မအသင်းဆိုတာ ခွဲခြားလို့မရပါဘူး။ မြို့မအသင်းကြီးကို မန္တလေးမြို့က ပိုင်ဆိုင်ပြီး ဆရာမြို့မငြိမ်းကို မြို့မအသင်းကြီးက ပိုင်ဆိုင်တယ်လို့ ထင်မြင်ကြပါတယ်။ မြို့မငြိမ်းကို မြို့မနဲ့ ခွဲခြားမယ်ဆိုရင် မန္တလေးမြို့ဟာ မငြိမ်းနိုင်ပါဘူး... လို့သာ..။
ဆွေနိုင်စစ်

Category: 

Share