အစိုးရအနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်သည်များအား စနစ်တကျ ဗျူဟာမြောက်သော ပြန်ကြားရေးစနစ်မျိုးဖြင့် ပြန်ကြားဖို့ လိုအပ်ဟု ဦးမင်းကိုနိုင် အကြံပြု

အစိုးရအနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်သည်များအား စနစ်တကျ ဗျူဟာမြောက်သော ပြန်ကြားရေး စနစ်မျိုးဖြင့် ပြန်ကြားဖို့ လိုအပ်ကြောင်းနှင့် သတင်းများ ထုတ်ပြန်ရာတွင် နိုင်ငံတကာက နားလည်နိုင်သည့် ဘာသာစကားများကို အသုံးပြုသင့်ကြောင်း ဦးမင်းကိုနိုင်က အကြံပြုပြောကြားခဲ့သည်။

“နိုင်ငံတော်အစိုးရအနေနဲ့ မီဒီယာဝါဒ ဖြန့်ချိမှုအား ပြိုင်ပွဲမှာ အမှန်တရားဘက်က အောင်ပွဲခံအောင် လုပ်ကိုလုပ်ရမယ်၊ ဘာသာစကားအရလိုတယ်။ နိုင်ငံတကာက ဖတ်နိုင်တဲ့ဘာသာစကားမျိုး။ အင်္ဂလိပ်၊ အာရဗီ၊ ဥရောပတိုင်းပြည်တွေရဲ့ အချို့ဘာသာစကားတွေနဲ့ အားလုံး တူညီတဲ့၊ အရေးကြီးတဲ့ ခုခံချေပချက်၊ အမှန်တရားဘက်က ရပ်တည်လျှောက်လဲချက်တွေကို တင်နိုင်ရမယ်။ အခုဟာက တကယ့်ကို စနစ်ကျလှတဲ့ ဗျူဟာကြီးတစ်ခုနဲ့ မတုံ့ပြန်ကြဘူး။ သတင်းနဲ့ ပြန်ကြားရေးက ဒီထက်ပိုပြီး အားစိုက်ရမယ်။ အခုတစ်ဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်ကိုက် ဖြစ်လာတဲ့ကိစ္စတွေကို စနစ်တကျ ခုခံကာကွယ်ဖို့အတွက် စနစ်ကျတဲ့၊ ဗျူဟာမြောက်တဲ့ ပြန်ကြားရေးစနစ်မျိုးနဲ့ ပြန်ကြားဖို့ လိုအပ်နေတယ်”ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၌ ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ စတုတ္ထအကြိမ်နယ်ကွန်ရက်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ “ဘယ်သူအကြမ်းဖက်ဖက် ကျွန်တော်တို့က ဘယ်နည်းနဲ့မှ လက်မခံဘဲ ဆန့်ကျင်သွားမယ်။ သတင်းမီဒီယာ တွေကလည်း ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် သွားနေကြတယ်။ သန့်စင်အောင် ကြိုးစားနေရတဲ့ သူတွေက ကြိုးစားနေသလို၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့သူကလည်း လုပ်နေတယ်။ ဒါကို သမာသမတ်ကျတဲ့၊ မှန်ကန်တဲ့ သတင်းအချက်အလက် မပေးနိုင်တာလည်း ပါတယ်။ သွားရောက် ထောက်ပံ့ရုံတင်မဟုတ်ဘဲ အမှန်တရား ဖော်ထုတ်ဖို့လည်းပါတယ်”ဟု ၄င်းက ထပ်မံပြောကြားခဲ့သည်။
ဖြူလေး

Category: 

Share