၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း) အား ယခုနှစ်အတွင်း တရားဝင်မှတ်ပုံတင်မည်

၁၉၈၈ လူထုအရေးတော်ပုံ ဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)အား ယခု ၂၀၁၇ ခုနှစ်အတွင်း၌ တရားဝင် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သူ ဦးဂျင်မီက ပြောသည်။
“ကျွန်တော်တို့ အခု မှတ်ပုံတင်ဖို့အတွက် ပြင်ဆင်တာတော့ ပြင်ဆင်နေပါပြီ။ ဒီနှစ်အတွင်းမှာ မှတ်ပုံတင်သွားမှာပါ”ဟု ဦးဂျင်မီက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ စတုတ္ထအကြိမ်မြောက် နယ်ကွန်ရက်များ စုံညီ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် တရားဝင် မှတ်ပုံတင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) အား တရားဝင် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန်အတွက် မှတ်ပုံတင်ရန်၊ နယ်ကွန်ရက်များ ကျစ်လျစ်အားကောင်း ရှင်သန်ရေးနှင့် ချိတ်ဆက်မှုအားကောင်းရေး ဆောင်ရွက်ရန်၊ ပြည်သူလူထုအခက်အခဲများ ဖြေရှင်းရာတွင် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ဆွေးနွေးနှစ်သိမ့်ခြင်း၊ အကြံပြုခြင်း၊ တရားဥပဒေအရ ရပ်တည်အကူအညီ ပေးခြင်းနှင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်းနည်းလမ်းများကို အသုံးပြုရန်အပြင် မည်သည့်အကြမ်းဖက်မှုမဆို ပြင်းထန်စွာရှုတ်ချပြီး ကာကွယ်တားဆီးမှုများ လုပ်ဆောင်သွားရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု) ပင်လုံ အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အင်တိုက်အားတိုက် ကူညီဆောင်ရွက်သွားရန်နှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားရန် စသည့် အချက်ရှစ်ချက်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။   
ကိုလူသစ်

Category: 

Share