လက်စတာအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ချန်ပီယံဖြစ်ခဲ့သော ရီရဲလ်မက်ဒရစ်အသင်းထက် ဝင်ငွေပိုမိုရရှိ

ပရီးမီးယားလိဂ်ကလပ် လက်စတာ အသင်းသည် ၂ဝ၁၆-၂ဝ၁၇  ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ကွာတားဖိုင် နယ်အဆင့်ကိုသာ  ရောက်ရှိခဲ့သော်လည်း ချန်ပီယံဆုရရှိခဲ့သော ရီရဲလ်မက်ဒရစ်အသင်းထက် ဝင်ငွေ ပိုမိုရရှိခဲ့ကြောင်း သိရသည်။

လက်စတာအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် စပိန်ကလပ် အက်သလက်တီကိုမက် ဒရစ်အသင်းကို ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းဖြစ်သည်။ ယူအီးအက်ဖ်အေ၏ ထွက်ပေါ်လာသည့် စစ်တမ်းများအရ လက်စတာအသင်းသည် ဝင်ငွေပေါင် ၇၃.၂ သန်းရရှိခဲ့ပြီး ချန်ပီယံဆုရရှိခဲ့သည့် ရီရဲလ်အသင်း ကမူပေါင် ၇၂.၆ သန်းသာရရှိခဲ့သောကြောင့် လက်စတာအသင်းက ဝင်ငွေပိုမိုရရှိခဲ့ ခြင်းဖြစ်သည်။

လက်စတာအသင်းမှာ ရီရဲလ်မက်ဒရစ်အသင်းထက် ဆုကြေး ရရှိမှုတွင် နည်းပါးခဲ့သော်လည်း ရုပ်သံဝင်ငွေရရှိမှုတွင် ရီရဲလ်မက်ဒရစ် အသင်းထက် နှစ်ဆများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆-၂ဝ၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ငွေအများဆုံးအသင်းအဖြစ် ဗိုလ်လု ပွဲတက်ရောက်နိုင်ခဲ့သည့် စီးရီးအေကလပ် ဂျူဗင်တပ်အသင်းက ပေါင် ၉၈.၆ သန်းရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းအားလုံး၏ ဝင်ငွေမှာ ပေါင် ၁.၂၆ ဘီလီယံရှိခဲ့ကြောင်း ယူအီး အက်ဖ်အေက ထုတ်ပြန်ခဲ့သည်။ လက်စတာအသင်းသည် ၂ဝ၁၆-၁၇ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သော်လည်း ပြည်တွင်းပရီးမီးယားလိဂ် ပြိုင်ပွဲတွင်မူ အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

 

Category: 

Share