လေယာဉ်ငယ်အား ဆောက်လုပ်ခဲ့သည့် လူငယ်တီထွင်သူ ကိုကျော်ဇင်ဝင်းနှင့် အင်တာဗျူး

“လေယာဉ်အတွက် မီးစက်ကအင်ဂျင်တွေကို အသုံးပြုထားလို့
တကယ့်လေယာဉ်ပျံတွေမှာသုံးတဲ့ အင်ဂျင်နဲ့တော့ အနည်းငယ်ကွာမှာပါ”

လေယာဉ်ငယ်အား တည်ဆောက်ခဲ့သည့် မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာမှ လူငယ် တီထွင်သူ ကိုကျော်ဇင်ဝင်းအား တူမောရိုးဂျာနယ်မှ အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းခဲ့ပါသည်။

 

Tomorrow ။ ။ လေယာဉ်ပျံကို ကိုယ်တိုင်တည်ဆောက်ဖြစ်ပုံကို သိချင်ပါတယ်။

ဝင်း ။ ။ ကျွန်တော်က ငယ်ငယ်လေးကတည်းက လေယာဉ် မောင်းတာတို့ လေယာဉ်တည် ဆောက်တာတို့ကို ၀ါသနာပါတယ်။ ကိုယ်တိုင်လည်း စီးချင်သလို သူများတွေကိုလည်း စီးစေချင်တယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင် တည်ဆောက်ပြီး ကိုယ်တိုင် မောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက် အရင်ကတည်းက ရှိခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာက လေယာဉ် တည်ဆောက်တယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် လေယာဉ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရှာဖွေစုဆောင်းပြီးတော့ ဖတ်ပါတယ်။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်ကလည်း လက်သမား အလုပ်လုပ်တော့ တည်ဆောက်တဲ့နေရာမှာ အခက်အခဲတော့မရှိပါဘူး။ အခုလက်ရှိ တည်ဆောက်ထားတဲ့ လေယာဉ်ပျံကလည်း ကျွန်တော့်စိတ်ကူးထဲမှာ ဖြစ်နေတာကို ကိုယ်တိုင်ပုံဖော်ပြီးတော့ တည်ဆောက်ထားတဲ့ လေယာဉ်ပျံ ဖြစ်ပါတယ်။

Tomorrow ။ ။လေယာဉ် ပျံတစ်စင်းလုံး အချောထိဖြစ်ပေါ်လာအောင် အချိန်ဘယ်လောက်အထိ ယူခဲ့ရလဲ၊ လေယာဉ်တည် ဆောက်တဲ့နေရာမှာရော ဒီဇိုင်းအကြံဉာဏ်တွေကို ဘယ်သူတွေဆီက ရယူခဲ့သေးလဲ၊

ဝင်း ။ ။ လေယာဉ်တည်ဆောက်ဖို့ တစ်စင်းလုံး အချောထည်ဖြစ်လာအောင် ရှစ်လလောက် အချိန်ယူပြီး တည်ဆောက်ခဲ့ပါတယ်။ လေယာဉ်တည်ဆောက်တဲ့ နေရာမှာလည်း ဘယ်သူ့ဆီကမှ အကြံဉာဏ် တောင်းခံတာတွေ မလုပ်ခဲ့ပါဘူး။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပဲလုပ်ဆောင်ခဲ့တာပါ။ စိတ်ကူးထဲမှာ ပုံစံတစ်မျိုးပေါ်လာလိုက် လုပ်လိုက်၊ မကြိုက်လို့ ပြန်ဖျက်လိုက်နဲ့ ဒီလိုပဲတည်ဆောက် ခဲ့တာပါ။

Tomorrow ။ ။ လေယာဉ် မှာ အသုံးပြုထားတဲ့ အင်ဂျင်ကဘယ်ကရလဲ။

ဝင်း ။ ။ အင်ဂျင်ကတော့ ရွာထဲမှာရှိတဲ့ မီးစက်အဟောင်းတွေ နှစ်လုံးသုံးလုံး စုပြီးတော့ တစ်လုံးတည်းဖြစ်အောင် ပေါင်းစပ်ထားတာပါ။ လေယာဉ်အတွက် မီးစက်က အင်ဂျင်တွေကို အသုံးပြုထားလို့ တကယ့်လေယာဉ်ပျံ တွေမှာသုံးတဲ့ အင်ဂျင်နဲ့တော့ အနည်းငယ်ကွာမှာပါ။ ဒါကလည်း အရည်အသွေးပေါ်မူတည်ပြီး ကွာသွားတာပါ။ လေယာဉ်ကြီးတွေက အနည်းဆုံး အင်ဂျင်နှစ်လုံးထိုး၊ လေးလုံးထိုးတို့ သုံးတယ်။ ကျွန်တော်က ငွေကြေးအရ အဆင်မပြေတဲ့အတွက် တစ်လုံးထိုးပဲ တပ်ဆင်ထားပါတယ်။ ပြီးတော့ လေယာဉ်ဆီ ထည့်မောင်းလို့ မရပါဘူး။ ဓာတ်ဆီထည့်ပြီး မောင်းရတာပါ။ စမ်းသပ်မှုအနေနဲ့ကတော့ မြေပြင်ပေါ်မှာတော့ စမ်းသပ်ပြီးပါပြီ။ လေပေါ်မှာ စမ်းသပ်ဖို့အတွက် လေကြောင်း ဦးစီးဌာနက ခွင့်ပြုချက်မရသေးလို့ စောင့်နေပါတယ်။

Tomorrow ။ ။ အခုတည်ဆောက်တဲ့ လေယာဉ်နဲ့ပတ်သက်ပြီး တချို့ဝေဖန်မှုတွေရှိနေတယ်။ အဲဒါက အခုတည်ဆောက်ထားတဲ့ လေယာဉ်က ပန်ကာတစ်လက် တည်းတပ်ထားတာ တွေ့ရတယ်။ ဒီပန်ကာတစ်လက်တည်းက လေယာဉ်တစ်စင်းလုံးကို ထိန်းချုပ်နိုင် မလားဆိုတဲ့ ဝေဖန်မှုတွေရှိနေ တယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဝင်း ။  ။ လေယာဉ်တစ်စင်းမှာ ပန်ကာတည်ဆောက်မှုက အမျိုးမျိုးရှိကြပါတယ်။ တချို့က ပန်ကာတစ်လက်တည်း တပ်ဆင်ကြသလို တချို့လေယာဉ်တွေက ပန်ကာသုံးလက်၊ လေးလက် တပ်ဆင်တဲ့အထိရှိပါတယ်။ အင်ဂျင်ပေါ်မူတည်ပြီး ထည့်ရတာပါ။ ပန်ကာသုံးလက်လောက် တပ်ဆင်ထားတဲ့လေယာဉ်ဆိုရင် အင်ဂျင်ကြီးတွေ တပ်ဆင်ထားလို့ပါ။ ပန်ကာနှစ်လက်တို့၊ တစ်လက်တို့ တပ်ထားတဲ့ လေယာဉ်တွေက အင်ဂျင်သေးလို့ ထည့်ရတာပါ။ ဒါကြောင့် အင်ဂျင်ပေါ်မှာပဲ မူတည်ပါတယ်။ လေယာဉ်တစ်စင်းလုံးကို ထိန်းချုပ်ဖို့ဆိုတာက ပန်ကာနဲ့ သိပ်မဆိုင်ပါဘူး။ ဒါကြောင့် ပန်ကာတစ်လက်တည်းထားတဲ့ အပေါ်မှာ အန္တရာယ်သိပ်မရှိပါဘူး။ လေယာဉ်ပျက်ခဲ့ရင်တောင် တောင်ပံတွေ ပါတဲ့အတွက် ထိန်းချုပ်လို့ရပါတယ်။ တအားကြီး ထိုးကျမသွားပါဘူး။ ဒါကြောင့် လေယာဉ်စီးနင်းတဲ့အခါမှာ ဘေးအန္တရာယ် ကင်းရှင်းဖို့အတွက် ကျွန်တော့်အနေနဲ့ ပြောရရင် ၈၀ ရာခိုင်နှုန်းအထိ ကျွန်တော် တည်ဆောက်ထားတဲ့ လေယာဉ်က စိတ်ချရပါတယ်။

Tomorrow ။  ။ လေယာဉ် ပျံသန်းမှုနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်ရဖို့ ဘာတွေ လုပ်ထားပါသလဲ။

ဝင်း ။ ။ လေကြောင်း ပို့ဆောင်ရေး ဒုညွှန်မှူးက လေယာဉ်ပျံသန်းမှု လေ့လာဖို့အတွက် ကျွန်တော့်ကို ဖိတ်ခေါ်ထားပါတယ်။ အဲဒီလို ဖိတ်ခေါ်ထားတဲ့ အတွက်လည်း ကျွန်တော်သွားမှာပါ။ လေယာဉ်ပျံသန်းခွင့်ကိုတော့ ကျွန်တော့် ကျေးရွာအုပ်ချုပ်ရေး မှူးကနေတစ်ဆင့် လေကြောင်း ဦးစီးဌာနကို ခွင့်ပြုမိန့်တောင်းခံ ပြီးသားပါ။ လေယာဉ်ပျံသန်းဖို့ ခွင့်ပြုမိန့် ပြန်မကျသေးပါဘူး။ ပြန်ကျလာတဲ့အထိကို ကျွန်တော် စောင့်မှာပါ။ ပျံသန်းဖို့အတွက်လည်း အခုရက်ပိုင်းအတွင်း မုံရွာလေကြောင်း ဦးစီးဌာနကလည်း ဆက်သွယ်ထားပါတယ်။ သူတို့ဆီက ခွင့်ပြုချက်မရဘဲ ပျံသန်းခွင့် မပြုလုပ်ဖို့ကို မှာကြားထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခုသွားမယ့်ပွဲမှာ တောင်းဆိုမှုတွေ မလုပ်ပါဘူး။

Tomorrow ။ ။ လေယာဉ်ပျံ ကုန်ကျစရိတ်က ဘယ်လောက်လဲ၊ ဘယ်လို ပစ္စည်းမျိုးတွေကို အသုံးပြုထားသလဲဆိုတာ သိချင်ပါတယ်။

ဝင်း ။   ။ မုံရွာတက္ကသိုလ် ရူပဗေဒဌာနက ကျွန်တော့်ဆီကို လာပြီးတော့ နည်းပညာအကူညီပေးဖို့ တိုက်ရိုက်ဆွေးနွေးတာတွေ မရှိသေးပါဘူး။ စကားသံတွေကတော့ အမျိုးမျိုးကြားနေရတာပဲ။ ဒါပေမဲ့ ကျွန်တော့်ဆီကိုတော့ မဆက်သွယ်သေးပါဘူး။ လေယာဉ် တည်ဆောက်တဲ့နေရာမှာ ကုန်ကျမှုစရိတ်ကတော့ ၁၅ သိန်းနီးပါး ကုန်ကျထားပါတယ်။ လေယာဉ် တည်ဆောက်တဲ့နေရာမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေကတော့ သစ်၊ အထပ်သား၊ သွပ်နဲ့ သံတွေကို အသုံးပြုထားပါတယ်။

Tomorrow ။ ။ အခုတည် ဆောက်ထားတဲ့ လေယာဉ်အပေါ် ဘယ်အလောက်အထိ ယုံကြည်ထားပါသလဲ။

ဝင်း ။ ။ အခု ကျွန်တော် တည်ဆောက်ထားတဲ့ လေယာဉ်က လေယာဉ်ပြေးတာနဲ့ ပတ်သက်ပြီး မြေပြင်ပေါ်မှာစမ်းသပ် ပြီးသွားပါပြီ။ ကောင်းမွန်ပါတယ်။ အောင်မြင်တယ်လို့လည်း ပြောရမှာပါ။ လေပေါ်မှာ စမ်းသပ်ဖို့ကတော့ ခွင့်ပြုမိန့်မရသေးပါဘူး။ ရမယ်ဆိုရင်လည်း ကျွန်တော် တည်ဆောက်ထားတဲ့ လေယာဉ်ကို ပျံဖို့အတွက် ကျွန်တော့်မှာ ၈၀ ရာခိုင်နှုန်းအထိ ယုံကြည်မှု ရှိပါတယ်။

ဆက်သွယ်မေးမြန်းသူ - ပိုင်လေး

 

 

Category: 

Share