လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ အစိုးရမှသံတမန်ရေးအရ ယခင်ထက် ပိုမိုဆောင်ရွက်ပေးရန် လိုအပ်နေဟုဆို

Photo - arakanagyo.bolgspot

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ မြန်မာနိုင်ငံသားနှစ်ဦးအတွက် နောက်ဆုံးအယူခံ တင်ပြီးသော်လည်း အစိုးရအဖွဲ့၏ သံတမန်ရေးအရ ဆောင်ရွက်မှု ယခင်ထက် ပိုမိုဆောင်ရွက်ပေးနိုင်ပါက အောင်မြင်မှုရှိနိုင်ကြောင်း ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ရက်က ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သော ဗြိတိန်နိုင်ငံသား Mr.David Millerနှင့် Ms.Witheridge တို့ သေဆုံးမှုနှင့်ပတ်သက်၍ ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ထိုင်းနိုင်ငံတရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်ချမှတ်ခဲ့ပြီး ယင်းသေဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများမှာ ကျေနပ်မှုမရှိ၍ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးရှေ့၌ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။

“ဒီအမှုကကြာမယ်။ ကြာလာရင် တဖြည်းဖြည်းနဲ့ အေးသွားတဲ့ သဘောသဘာဝ ရှိတယ်ဆိုတာ အစောကြီးကတည်းက ကျွန်တော်သိပြီးသားပါ။ ဒီအမှုက ရေရှည်သွားရမယ်။ ပြည်သူတွေအနေနဲ့လည်း ဒါကို မမေ့သင့်ပါဘူး။ အစိုးရချင်း အနေနဲ့လည်း သံတမန်နည်းအရ နှစ်နိုင်ငံ ဂုဏ်သိက္ခာအတွက် လုပ်ဆောင်ကြရမှာပါ။ ထိုင်းနိုင်ငံဘက်ကလည်း သူ့နိုင်ငံရဲ့ ဂုဏ်သိက္ခာပိုင်းတွေပါနေတော့ ကျွန်တော်တို့ဘက်က ဘယ်လောက်ပဲ မှန်နေပါစေ။ သူ့ဘက်က လွယ်လွယ်နဲ့ အလျှော့ပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့  အစိုးရဘက်ကလည်း ဒီဖြစ်စဉ်က နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ပါ သက်ဆိုင်တဲ့အတွက် သံတမန်ရေးကို အရင်ထက်ပိုပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အခုနောက်ဆုံး အယူခံကိုလည်း ကျွန်တော်တို့ဆီက ရှေ့နေတွေက ဥပဒေအရတင် ပြီးပါပြီ။ သံတမန်ရေးအရကတော့ အစိုးရအနေနဲ့ အရင်ထက်ပိုပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်”ဟု ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌဦးတင်ထူးအောင်က Tomorrow ဂျာနယ်သို့ ပြောသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ လိုက်လံ ဆောင်ရွက်နေသည့် ရှေ့နေများအနေဖြင့် မြန်မာလူငယ်နှစ်ဦး၏ သတင်းများအား ပြည်သူများသိရှိစေရန်အတွက် စဉ်ဆက်မပြတ် ဖော်ပြသင့်ကြောင်း၊ အမှုမှာကြာသည့်အတွက် လက်ရှိအချိန်တွင် သွေးအေးသွားပြီး အစိုးရအနေဖြင့် လက်ရှိလုပ် ကိုင်ဆောင်ရွက်နေသည်ဟုဆိုသည့် အနေအထားမှလွဲ၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးမှုများ မရှိတော့ကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။   

ပိုင်လေး

Category: 

Share