ပုဂံတွင် လက်ပန်းချီရေးဆွဲသူများ ၀င်ငွေကောင်း

ပုဂံရှေးဟောင်းဘုရားများ အနီးတွင် လက်ပန်းချီ ရေးဆွဲသူများမှာ ပွဲတော်ရက်များတွင် တစ်ရက် ကျပ်တစ် သိန်းကျော်အထိ ၀င်ငွေရရှိကြောင်း သိရသည်။

ရွှေဆံတော်ဘုရားသွားသည့် လမ်းဆုံတွင် လက်ပန်းချီ ရေးဆွဲနေသော ကိုဖိုးချမ်းက “ကျွန်တော်က အသက်ဆယ်နှစ် ငါးတန်းကျောင်းသား ကတည်းက ယွန်းပန်းချီဆွဲတာကို စပြီးသင်ကြားခဲ့တာပါ။ အဲဒီတုန်းကတော့ စာအုပ်မှာဆွဲပြီး ကျင့်တာပေါ့။ ကျောင်းပိတ်ရက်တွေဆို ၀င်ငွေရအောင် ယွန်းပန်းချီဆွဲတယ်။ ကြီးလာတော့ နံရံဆေးရေးပန်းချီတွေဆွဲ တယ်။ နှစ်ပေါင်းများစွာဆွဲလာတော့ လက်က အသားကျနေပြီ။ အခုလက်ပန်းချီကတော့ ပုဂံကနုတ်တွေနဲ့ အိန်္ဒိယကလာတဲ့ပုံတွေကို ဆွဲတာပါ။ တစ်ပုံကို ဆယ်မိနစ်လောက် ကြာပါတယ်။ ပွဲတော်ရက်ဆိုရင် တစ်နေ့ကို လူပေါင်း ၅၀နဲ့ ၆၀ ကြားဆွဲပေးရပြီး တစ်နေ့တစ်သိန်းဝန်းကျင် ၀င်ပါတယ်” ဟုပြောသည်။

လက်ပန်းချီမှာ ရေဆေးဖြင့်ဆွဲခြင်း ဖြစ်ပြီး ယခုနှစ်ဇန်န၀ါရီလတွင်မှ ကြီးထွားလာသော ယဉ်ကျေး မှုအခြေခံစီးပွားရေးလုပ်ငန်းဖြစ်သည်။ အချို့နေရာ များတွင် ပန်းချီကိုကြေးမသတ်မှတ်ဘဲ ဆွဲပေးပြီးမှ မိမိစိတ် ပါသရွေ့ပေး၍ရသလို အချို့နေရာများတွင် ပုံကိုလိုက်ပြီး ကျပ် ၁၀၀၀ မှ ကျပ် ၂၅၀၀ အထိ ပေးရသည်။ ပန်းချီဆွဲပြီးလျှင် ချွေးစိုခံရန်အတွက် လိုက်ကာစပရေးဖြင့် ဖျန်းပေးပြီး ပုံမှန်အားဖြင့် နှစ်ရက်ခန့်အထိ မပျက်ကြောင်း သိရသည်။

လက်ပန်းချီရေးဆွဲ သူကိုအာနိုးက “ပုဂံညောင်ဦးက လူငယ်တွေက ယွန်းပန်းချီကို ငယ်ငယ်ကတည်းက ဆွဲလာတော့ လက်ပန်းချီဆွဲရတာ အခက်အခဲမရှိပါဘူး။ အခုလို သစ်ပင်အောက်မှာ ရုပ်သေးရုပ်လေးကိုချိတ်ပြီး ခရီးသွားတွေကို ဓာတ်ပုံရိုက်လို့ရအောင် လုပ်ပေးထားသလိုလက်ပန်း ချီဆွဲတာပါ ပူးတွဲလုပ်တာပါ။ နိုင်ငံခြားသားတွေက မဆွဲကြ သလောက်ပါ။ ပြည်တွင်းခရီးသွားတွေကပဲ ဆွဲကြတာပါ” ဟု ပြောပြသည်။

ပုဂံတွင်လက်ပန်းချီရေးဆွဲသူ တစ်ရာခန့်ရှိပြီး အားလုံးမှာ ဒေသခံ ပန်းချီဆရာများ ဖြစ်ကြသည်။ ကိုချမ်းနှင့် ကိုအာနိုးတို့ဆိုင်တွင် လက်ပန်းချီဆွဲခြင်း သာမက ရုပ်သေးရုပ်လေးများလည်း ရောင်းချပေးသလို ခရီးသွားများ ဓာတ်ပုံရိုက်နိုင်ရန် ပန်းများဖြင့်မွမ်းမံထားသော ဒန်းတစ်ခု၊ ပုဂံလှည်းယဉ် အသေးလေးတစ်ခုပါ စီစဉ်ပေးထားသည်။

Category: 

Share