၈၈ငြိမ်းပွင့်မှ အဖွဲ့ဝင်တစ်ဦးကို ဥပဒေအရဆောင်ရွက်သွားမည်ဟု ရွှေတူးဖော်ရေးကုမ္ပဏီဆို

၈၈ငြိမ်းပွင့်မှ အဖွဲ့ဝင်တစ်ဦးက သိဒ္ဓိအောင်ရွှေမိုးနှင့် ထာဝရကံကောင်းသောကုမ္ပဏီတို့အား လူမှုကွန်ရက်တွင် ပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရကိုတင်ပြ၍ ဥပဒေအရဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိဒ္ဓိအောင်ရွှေမိုးနှင့် ထာဝရကံကောင်းသောကုမ္ပဏီမှ အထူး တာဝန်ခံမန်နေဂျာ ဦးကျော်ကျော်လွင်က ပြောကြားခဲ့သည်။
၈၈ငြိမ်းပွင့်အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးက ၄င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီး ဦးမျိုးသစ်အား ခေါင်းစဉ်တပ်၍ သတ္တုတွင်းဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာအနီး သိဒ္ဓိအောင်ရွှေမိုးကုမ္ပဏီ၏ ရွှေသတ္တုတူးဖော် ရေးလုပ်ငန်းသည် ဥပဒေနှင့် ညီ မညီ၊ လုပ်ကွက်သက်တမ်းတိုးရာတွင် မသာမှု ပါ မပါ စသည်တို့ကို စစ်ဆေးပေးရန် ရေးသားခဲ့ကြောင်း သိရသည်။
ထို့သို့ လူမှုကွန်ရက်ပေါ် ရေးသားရခြင်းနှင့် ပတ်သက်၍ သိဒ္ဓိအောင်ရွှေမိုးနှင့် ထာဝရ ကံကောင်းသောကုမ္ပဏီမှ အထူး တာဝန်ခံမန်နေဂျာ ဦးကျော်ကျော်လွင်က“သူက ကျွန်တော်တို့ကုမ္ပဏီကို လူမှုကွန်ရက်မှာထင် ယောင်ထင်မှားဖြစ်အောင် ရေးသားတာပါ” ဟု အောက်တိုဘာ ၂၉ရက်တွင်မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
အဆိုပါ သိဒ္ဓိအောင်ရွှေမိုး ကုမ္ပဏီအနေဖြင့် နိုင်ငံတော်ကို ပေးသွင်းဆောင်ရွက်နေမှုနှင့်ပက်သက်၍လည်း ဦးကျော်ကျော် လွင်က“၂ဝ၁၇ဇူလိုင် ၁၈ ရက်မှာ ခြောက်လသက်တမ်းတိုးခွင့် ရရှိခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကြောင်းပြချက်နဲ့အခြေခံရွှေစင်၂၄ ကျပ်သားပေးသွင်းမှု အစား ရွှေစင် ၇၂ ကျပ်သားနှုန်း နိုင်ငံတော်ကိုတိုးမြှင့် ပေးသွင်း ရပြီးလုပ်ကိုင် ဆောင်ရွက်ခွင့်ရရှိ ပါတယ်”ဟု ၄င်းက ပြောသည်။
အဆိုပါကုမ္ပဏီများသည် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာအနီးတွင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်ပြီး ခြောက်လသက်တမ်းတိုးမြှင့်ခွင့်ရရှိခဲ့ကာ လုပ်ကိုင်ခွင့်ရရှိထား ခြင်းဖြစ်ကြောင်း သိရသည်။
 နိုင်ငံတော် အခွန်ပေးသွင်းမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဦးကျော်ကျော်လွင်က “နိုင်ငံတော်ကို အခွန်အခအဖြစ် ၂ဝ၁၇ -၂ဝ၁၈နှစ်အတွက် ကုန်သွယ်ခွန် ၂၇၅သိန်း၊ အမြတ်ခွန်သိန်း ၂၁ဝ၊ စုစုပေါင်း ၄၈၅ သိန်းပေးသွင်း ပြီးပါပြီ။ ၂ဝ၁၈- ၂ဝ၁၉ ကုန် သွယ်ခွန်သိန်း ၉ဝ၊ အမြတ်ခွန် ၁ဝ သိန်း၊ စုစုပေါင်းသိန်း ၁ဝဝ ကိုလည်း ပေးသွင်းပြီးပါပြီ။ ၂ဝ၁၇ ဒီဇင်ဘာလကုန်ထိ ပေး သွင်းဖို့ ညှိနှိုင်းဆောင်ရွက်နေပါ တယ်”ဟု ပြောသည်။
သို့သော် ၈၈ ငြိမ်းပွင့်အဖွဲ့ အစည်းမှ အဖွဲ့ဝင်တစ်ဦးက ၄င်းဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အသေးစားလုပ်ကွက်အား ဘတ် ဖိုး ၁ဝ စီးဖြင့်လုပ်၍ ရ မရ မေး ခွန်းထုတ်ရေးသားခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ သဒ္ဓိအောင်ရွှေမိုးကုမ္ပဏီမှ တာဝန်ရှိသူ ဦးကျော်ကျော်လွင်က “အသေးစားလုပ်ငန်းမှာ ဘတ်ဟိုးသုံးခွင့်ရှိပါသလားဆိုတာ လက်လုပ်တွင်းမှာသာ သုံးခွင့်မရှိတာပါ။ ကျွန်တော်တို့လို လုပ်ငန်းမှာသုံးခွင့်ရှိပါတယ်။ အသုံးပြုတဲ့ ယာဉ်အစီးရေကအစ လိုင်စင်မှတ်ပုံတင် အားလုံးတင် ပြရပါတယ်”ဟု ပြောသည်။
သဒ္ဓိအောင်ရွှေမိုးနှင့် ထာဝ ရကံကောင်းသောကုမ္ပဏီက မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်ခရိုင် စဥ့်ကူးမြို့နယ် ခူလယ် ဒေသတွင် ၂ဝ၁၁ ခုနှစ်က စတင်၍လုပ်ကွက် ၁၅ ကွက်အား စတင်လျှောက်ထားလုပ်ကိုင်ခဲ့ ကြောင်းနှင့်  စတင်လုပ်ကိုင်စဉ် ဖြုန်းဆေးရေမလုံလောက်ခြင်း၊ နည်းပညာလိုအပ်ခြင်း ၊ရွှေဖြုန်း ကြောတည်ရှိမှုနက်ခြင်း ကြောင့် အရှုံးနှင့်ရင်ဆိုင်ခဲ့ရပြီးအမှတ် ၂ သတ္တုတွင်းဝန်ကြီးဌာနအား လုပ်ကွက် ၁၂ ကွက်ကို ရွှေစင် ၁၁၂ ကျပ်သားပေးသွင်းကာ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
ကျန်လုပ်ကွက်သုံးကွက်အား တစ်နှစ် ၂၄ကျပ်သားနှုန်းနဲ့ စုစုပေါင်း ၄၃၂ ကျပ်သား ပေးသွင်းပြီး ၆ နှစ်ဆက်တိုက် လုပ်ကိုင်ခဲ့ရာ အရှုံးနှင့်ရင်ဆိုင်ခဲ့ရကာ ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံတော်အစိုးရက သတ္တုတူးဖော်ရေးလုပ်ငန်းများ မပိတ်သိမ်းခင်တွင် အောင်မြင်မှုရရှိခဲ့သော်လည်း လုပ်ငန်း ရပ်နားခဲ့ရကြောင်းနှင့် ၂ဝ၁၇ခုနှစ်တွင် သက်တမ်းတိုး လုပ်ကိုင်နိုင်ရန် ပြည်ထောင်စုဝန်ကြီးထံ လေးကြိမ်တင်ပြခဲ့ကာ ၂ဝ၁၇ ဇူလိုင် ၁၈ ရက်မှာ ခြောက်လသက်တမ်းတိုးခွင့် ရရှိခဲ့ကြောင်း သိရသည်။
                                            ဆွေနိုင်စစ်

 

Category: 

Share