ကျေးရွာ ၁၂ ရွာ ရွာလုံးကျွတ်နီးပါး ပြည်ခိုင်ဖြိုးပါတီထဲ ဝင်ရောက်လာဟု ဒေါက်တာနန္ဒာလှမြင့် ပြော

ရှမ်းပြည်နယ် ရပ်စောက်မြို့ နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ကျေးရွာခြောက်ရွာ အပါအဝင် စုစုပေါင်း ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ပြည်ခိုင်ဖြိုးပါတီသို့ ရွာလုံးကျွတ်နီးပါး ဝင်ရောက်လာသည့်အတွက် ပါတီဥက္ကဋ္ဌကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အောက်တိုဘာ ၃ဝ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြည်ခိုင်ဖြိုးပါတီရုံးများမှ ပါတီဝင်များအဖြစ် ရွာလုံးကျွတ်ဝင်ရန်ရှိသည်ဟု ပြောကြားချက်အရ ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌကိုယ်တိုင် အောက်တိုဘာလအတွင်း ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကိုယ်တိုင်ကွင်းဆင်းပြီး ပါတီဝင်သစ်များအား သွား ရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

“ကျေးရွာ ၁၂ ရွာထဲမှ ရပ်စောက်မြို့နယ်က ကျေးရွာခြောက်ရွာကတော့ ရွာလုံးကျွတ်ဝင်ပါတယ်။ ဧရာဝတီတိုင်းဘက်ကတော့ ကျေးရွာခြောက်ရွာက သုံးရွာက ရွာလုံးကျွတ်ဝင်ပြီး သုံးရွာကတော့ ၉၃ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ပါတီကို ဝင်ရောက်လာပါတယ်။ ပါတီဝင်တဲ့သူတွေကို ကျွန်တော်ကမေးတယ်။ ကျွန်တော်တို့ပါတီက လက်ရှိအာဏာရပါတီ မဟုတ်ဘူး။ ဘာမှလည်းမလုပ်ပေးနိုင်ဘူး။ ဘာကြောင့် ပါတီထဲဝင်ကြတာလဲ မေးတော့ သူတို့က အရင်အစိုးရတုန်းက တောင်သူတွေ သီးနှံစိုက်တဲ့အခါ မှာ သီးနှံဝယ်တဲ့ ကုန်သည်တွေက မစိုက်ခင်မှာ ရောက်လာပြီး သီးနှံကိုကြိုဝယ်တယ်။ ငွေကြိုပေးတယ်။ ပြီးရင် သီးနှံပေါ်ရင်ကျန်တဲ့ ငွေရှင်းပြီး ယူသွားကြတယ်။ အခု အစိုးရလက်ထက်ကျတော့ ဒါမျိုးတွေမရှိဘူး။ ဒါကြောင့် တောင်သူတွေမှာ စားဝတ်နေရေးတွေခက်ခဲ နေရပါတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီကို ဝင်ရောက်ခြင်းဖြစ်ပါ တယ်လို့ သူတို့ဆီက ကြားခဲ့ရပါ တယ်”ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသို့ နောက်ထပ် ရွာလုံးကျွတ်ပါတီဝင်ရန်ရှိနေသည့် ကျေးရွာများလည်း ထပ်မံရှိနေကြောင်း၊ ယင်းကျေးရွာများသို့လည်း ပါတီဥက္ကဋ္ဌကိုယ်တိုင် သွားရောက်တွေ့ဆုံမည်ဖြစ်သည့်အပြင် ယခုရှမ်းပြည်နယ် ခရီးစဉ်မှာလည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပထမဦးဆုံးခရီးစဉ် ဖြစ်ကြောင်း ယင်းကထပ်မံပြောကြားခဲ့သည်။

ပိုင်လေး

Category: 

Share