ဆယ်အိမ်မှူး ဦးမျိုးကြီး (နိဂုံး) - ဦးမျိုးကြီး

အမှန်ကတော့ ဘ၀ရဲ့ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေထဲမှာ ဆယ်အိမ်မှူးဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ပြီး အဲဒီအကြောင်းအရာလေးက ခေတ်ကာလအခြေအနေနဲ့ တိုက်ဆိုင်နေတာကြောင့် ဘာရယ်မဟုတ်ဘူး။ ပြီးခဲ့တဲ့ အပတ်တုန်းက တို့ခဲ့ထိခဲ့တာ ဖြစ်ပါတယ်။ အခုလို နှစ်ပတ်လောက် ဆက်ရေးသားဖို့ကိုလည်း အစီအစဉ်မရှိခဲ့ပါဘူး။ သို့သော်လည်းပဲ ဒီရက်ပိုင်းအတွင်း ကြားရ၊ တွေ့ရ၊ မြင်ရ၊ သိခဲ့ရတဲ့ အကြောင်းအရာတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲဆိုတဲ့ ခေါင်းစဉ်က လူအများစု စိတ်ဝင်စားစရာ အစ်ရှူးတစ်ခုဖြစ်လို့နေတာမို့ ဒီတစ်ပတ်မှာလည်း ဆယ်အိမ်မှူး ဦးမျိုးကြီးဆိုတဲ့ စာစုလေးကို ဆက်လက် တို့ထိမိခဲ့တာ ဖြစ်ပါတယ်။

သိကြတဲ့အတိုင်း လာမယ့် ဒီဇင်ဘာလဆိုရင် ဦးမျိုးကြီးတို့ရဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲတွေကို သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ရန်ကုန်ရွှေမြို့တော်ကြီးပေါ်က တချို့သော ရပ်ကွက်တွေရဲ့ လက်ဖက်ရည်ဆိုင်လို လူစည်ကားရာ နေရာတွေမှာလည်း ဘယ်သူကတော့ ရပ်ကွက်ဥက္ကဋ္ဌ ဖြစ်သင့်တယ်၊ ဒီလူကတော့ လုပ်ပေါက်တွေက သိပ်မဟုတ်တော့ဘူး။ သူတို့တုန်းကလည်း သူတို့လူ သူတို့ ၀န်းရံခဲ့ကြတာ၊ အခု ကိုယ်တွေအလှည့်ဆိုတော့ ကိုယ့်လူကိုယ် ၀န်းရံရမှာပေါ့ အစရှိသဖြင့် ကိုယ်သန်ရာသန်ရာ ငြင်းခုံဆွေးနွေးနေကြပြီဖြစ်သလို တချို့သော နေရာတွေမှာတော့ ဆန္ဒထုတ်ဖော်တာတွေဘာတွေတောင် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲဟာ အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ ပထမဦးဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် လက်မှတ်ရေးထိုး ထုတ်ပြန်ပြန်ထားတဲ့ ဥပဒေဖြစ်ပြီး နည်းဥပဒေမရှိသေးဘူးလို့လည်း တချို့ကဆိုပါတယ်။ အရပ်အခေါ် ရပ်/ကျေး အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ဥပဒေအဖြစ် ပထမဆုံးအကြိမ် ပြဋ္ဌာန်းခဲ့တာဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပါတယ်။ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေအမည်နဲ့ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို အဲဒီနှစ် ဇူလိုင်လမှာ ပြည်ထဲရေးဝန်ကြီးဌာနက နည်းဥပဒေထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ အဲဒီပြင်ဆင်တဲ့ နည်းဥပဒေကို အမိန့်ကြော်ငြာစာအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ကြော်ငြာစာကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာကတော့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး လက်ရှိ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ အထက်မှာ တင်ပြခဲ့သလိုပဲ ဦးမျိုးကြီးဟာ ခေတ်အဆက်ဆက် ဆယ်အိမ်စုမှူးအဖြစ် တာဝန်ယူလာခဲ့တာ၁၉၈၈ ကတည်းကပါ။ အဲဒီအချိန်တုန်းကနေ ဒီကနေ့အချိန်အထိ ခေတ်အဆက်ဆက် ထုတ်ပြန်ခဲ့တဲ့ ရပ်/ကျေးဥပဒေတွေကို တစ်ကြိမ်တစ်ခါမျှ ဖတ်ရှုခဲ့ဖူးခြင်း မရှိသလို မြင်လည် မမြင်ခဲ့ဖူးပါဘူး။ ထိုနည်းတူစွာပဲ သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေထဲကလည်း ဒီ ရပ်/ကျေး နည်းဥပဒေတွေ၊ ဥပဒေတွေကို အသေးစိတ် ဖတ်ရှုဖူးသူ အရေအတွက်က တော်တော်လေး ရှားမှာသေချာပါတယ်။ ဒီလိုမဖတ်ဖူးတာကြောင့် ဥပဒေအရ အကျုံးဝင်တာတွေ မ၀င်တာတွေကို သာမန်လူတွေသိဖို့ တော်တော်ခက်ခဲမယ်လို့ ဦးမျိုးကြီးက မြင်ပါတယ်။ ဥပမာအားဖြင့် ဒီဥပဒေမှာ အုပ်ချုပ်ရေးမှူးတစ်ယောက်ဟာ နှစ်ကြိမ်ဆက်ထက် ပိုတာဝန်ထမ်းဆောင်ခွင့် မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ အခုကျတော့ ၂၀၁၆ ကျမှ ပြဋ္ဌာန်းတဲ့ ဥပဒေနဲ့ ကျင်းပမှာဖြစ်လို့ နှစ်ကြိမ်ဆက် အုပ်ချုပ်ရေးမှူး လုပ်ထားပြီးသား လူတွေလည်း ဒီရွေးကောက်ပွဲမှာ ၀င်ခွင့်ရှိတယ်လို့ ဆိုကြတယ်။ ဘယ်ဟာက အမှန်လည်းဆိုတာကတော့ အထက်မှာ တင်ပြခဲ့သလိုပဲ ဦးမျိုးကြီးလည်း ကွဲကွဲပြားပြားမရှိဘူး။ ဥပဒေမှာကတော့ သူ့ဟာနဲ့သူ ရှင်းရှင်းလင်းလင်းရှိမှာ သေချာတယ်။ ဒါပေမဲ့ ခက်တာက ဦးမျိုးကြီး အဲဒီဥပဒေကို အကုန်အစင် မဖတ်ဖူးဘူး။ ဦးမျိုးကြီး ၀န်းကျင်မှာလည်း ဖတ်ထားတဲ့သူ တစ်ယောက်မျှ မရှိဘူး။ ဆိုတော့ ဒီဇင်ဘာလအတွင်း ကျင်းပမယ့် ရပ်/ကျေး ရွေးကောက်ပွဲက အငြင်းအခုံတွေ ဖြစ်လာစရာ ရှိနေလား။ အမှန်အတိုင်း ပြောရရင် ဒါလည်း ဦးမျိုးကြီး မခန့်မှန်းတတ်ပြန်ဘူး။ အဲ ဦးမျိုးကြီး သိတာ တစ်ခုတော့ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ရပ်/ကျေး ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှာ ရွေးကောက်ပွဲ ကြီးကြပ် ငါးဦးစီ ရွေးကြရမယ်။ ဦးမျိုးကြီး ကြားရသလောက် တချို့ရပ်ကွက်တွေမှာ ဒီကြီးကြပ်ငါးဦး ရွေးပွဲမှာတင် ရှေ့ဆက်လို့မရသေးဘူး။ သူတို့ကလည်း ဟိုလူမပါလို့ ကိုယ်တို့ကလည်း ဒီဘဲပါရင်တော့ ဆိုတာတွေနဲ့ တိုင်ပတ်နေတာတွေ ရှိနေတယ်။ အဲ ဆယ်အိမ်မှူးတွေလည်း ရွေးကြရဦးမယ်။ ပြီးရင်တစ်ခါ ရာအိမ်မှူးဆိုတာတွေကိုလည်း ဆက်ရွေးကြရဦးမယ်။ ပြီးတော့မှ အဲဒီဆယ်အိမ်မှူးတွေထဲကမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူနိုင်ကိုယ်နိုင် အပြတ်ဖိုက်ကြရဦးမယ်။ ဒါဆိုရင် အခုတာဝန်ယူထားတဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက အလုပ်ပြုတ်ပြီလား၊ ဦးမျိုးကြီးက လူကြားထဲထပြီး သား ဆယ်အိမ်မှူး လုပ်ချင်ပါတယ်လို့ လက်ညှိုးထောင်ရဦးမှာလား။ အော် တယ်လည်းခက်တဲ့ ရပ်/ကျေးပါလားနော်။

ဦးမျိုးကြီး

Category: 

Share