KNU နဲ့ ဆက်နွယ်ခဲ့သော နှစ်နှစ် နှစ်လ နှစ်ရက် နှစ်နာရီ - အနီမှိုင်းကေတု

ကျွန်တော် လွတ်ငြိမ်းချမ်းသာနဲ့ လွတ်တော့တော်တော်လေး ဒုက္ခရောက်ခဲ့တယ်။ အပြင်ရောက်တော့ ကျွန်တော်တို့လိုထောင်ထွက် နိုင်ငံရေးသမားတွေကိုတွေ့ရင် တစ္ဆေသရဲတွေ့သလိုပဲ အဝေးကြီးက ရှောင်သွားကြတယ်။ အဖေက ကျွန်တော့်ညီ သစ်စက်မှာ အလုပ်သမားအနေနဲ့ သွားလုပ်ဆိုတော့ သွားလုပ်ရတာပေါ့။ ကျွန်တော် အမျိုးမျိုးဒုက်္ခရောက်ပြီး ဆရာဝန်မလေးတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တယ်။ ကျွန်တော့်လို နိုင်ငံရေးသမားတစ်ယောက်နဲ့ အိမ်ထောင်ကြတော့ အဆင်မပြေမှုတွေနဲ့ကြုံရတယ်။ သားလေးတစ်ယောက်ရပြီး ဆေးခန်းလေးစဖွင့်တဲ့နေ့က ဆိုရင်မှတ်မှတ်ရရလေးပါ။ ဆေးခန်းမှာ မီးမရှိလို့ ဖယောင်းတိုင်နဲ့ထွန်းပြီး ဖွင့်ရတာ လူနာသုံးယောက်လောက်လာတော့ ငွေလေးထောင်ရတာနဲ့ ဘက်ထရီဖန်ချောင်းလေး တစ်ချောင်းဝယ်ပြီးမှ ဆေးခန်းမှာ အလင်းရောင်ရပါတော့တယ်။ သားကတော့ ကျွန်တော့်အနားကမခွာဘူး။ ဘယ်သွားသွား လိုက်တယ်။ နှစ်နှစ်သားလေးဆိုတော့ စကားကလည်းပြောနေပြီ။ အိပ်ရင် ကျွန်တော့်ပုဆိုးကို လက်နဲ့ဆွဲပြီးအိပ်တာ၊ သူနိုးလို့စမ်းကြည့်လို့မှမရှိရင် ငိုတော့တာပဲ။ အပျောက်မခံဘူး။ နောက်တော့ ကျွန်တော့်ညီက သစ်ကွင်းရတယ်။ ကမွန်းခြုံမှာပါ။ မနက်ခင်း လမ်းလျှောက်သွားရင် ညနေလောက်ဆို ကျွန်တော် သစ်ကွင်းကိုရောက်ပြီ။ ကျွန်တော်ကတော့ သစ်ကွင်းရာသီပိတ်ရင်တော့ လစာအနေနဲ့ရတာပေါ။့ သစ်ကွင်းမှာ ၀ါးတဲလေးတွေ ထိုးပြီးနေရတယ်။ ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းမှာသစ်ဆိပ်ရှိတယ်။ ကျွန်တော့်ဝါးတဲလေးရဲ့ဘေးမှာ စမ်းချောင်းလေးရှိတယ်။ ကျွန်တော့်ဝါးတဲမှာ ဆန်ကတစ်အိတ်၊ ဆီကတစ်ပုလင်း၊ အချိုမှုန့်တစ်ထုပ်၊ ဆားဒါပဲရှိတယ်။ အသီးအရွက်လေးတွေ ခူး၊ အရည်သောက် တစ်ခွက်ချက်၊ ဟင်းအဖြစ်အသားကတော့ စမ်းချောင်းထဲမှာ ကဏန်းလေးတွေ ဖမ်းပြီး ကြော်စားရတယ်။ ဆယ့်လေးငါးရက်လောက်နေလို့ ညီသစ်စက်ထဲပြန်ရင် ရိက္ခာဝယ်၊ သစ်စာရင်းတွေလုပ်၊ သစ်ထုတ်ဖို့လမ်းဖောက်ဖို့ လိုက်ကြည့်ရတာပေါ့။ ကျွန်တော် သစ်ကွင်းလုပ်တော့ တောဘက်ကလူတွေနဲ့လည်း နီးတော့သူတို့လာရင် သောက်ဖို့အတွက် အရက်လေးတွေ နှစ်လုံးသုံးလုံး ၀ယ်ထားရတယ်။ သူတို့ခေါင်းဆောင်က တောထဲမှာ အရက်မသောက်ရဘူး။ အရက်သောက်လို့မိရင် သစ်ပင်ပေါ် တစ်ရက်တင်ထားတယ်။ ထမင်းမကျွေးဘူး။ ဒါကြောင့် သစ်ကွင်းတို့။ ဘာတို့ အပြင်ရောက်ရင် ခိုးသောက်ရတယ်။ ဒါကြောင့် ရောက်လာရင် ဧည့်ခံဖို့ဝယ်ထားတာ။ ကျွန်တော့်ဆီ ရောက်လာတာက အဲဒီနေ့က မှတ်မှတ်ရရ ၁၉၉၇ ခုနစ် စက်တင်ဘာ ၁၂ ရက် ၁၁ နာရီလောက်ပေါ့။ တပ်မဟာ ၂- ခွဲသုံးက ခေါင်းဆောင်ဦးကိုကြီး၊ ရဲ့ညီဖြစ်သူ ညီစိုးမိုးနဲ့ဗိုလ်ဖိုးစီ ရောက်လာတယ်။ သူတို့အတွက် အရက်လေးတွေ ချပေးပြီး အမြည်းကတော့ ကဏန်းကြော်ပေါ့။ သူတို့နဲ့နိုင်ငံရေးအကြောင်း နည်းနည်းပြောဖြစ်တယ်။ သူတို့ ကတော့ သိပ်နားမလည်ဘူးတဲ့။ သူတို့ခေါင်းဆောင်ဦးကိုကြီးကတော့ စိတ်ဝင်စားတယ်တဲ့။ တစ်ယောက်က အေကေ ၄၇ တစ်လက်နဲ့ ပွိုင့်တူးတူးတစ်လက် ပါလာတယ်။ သူတို့ကတော့ အေးဆေးပဲ စိတ်ချလက်ချ သောက်နေတယ်။ ကျွန်တော့်နေရာကို စစ်တပ်ကလည်း သိပ်မရောက်ပါဘူး။ စစ်တပ်ကရေနီ တစ်ဖက်ကမ်း ဟေမန်မှာပဲထိုင်တယ်။ သူတို့ကိုဧည့်ခံရင်း စကားပြောဖြစ်တော့ သူတို့ခေါင်းဆောင် ဦးကိုကြီးကို တင်ပြမယ့်အကြောင်း သစ်ကွင်းလုပ်ရင်ရန်ပုံငွေ ထည့်ပေးရမယ့်အကြောင်း၊ ကျွန်တော့် သူတို့ခေါင်းဆောင် ဦးကိုကြီးနဲ့ တွေ့ပေးမယ့်အကြောင်း၊ သူတို့အဖွဲ့ဟာ တစ်ခါတလ ကျွဲကျကို ဆင်းတတ်ကြောင်းပြောပါတယ်။ ကျွန်တော့်ဆီ မကြာမကြာ ရောက်လာတယ်။ ရောက်လာရင် ၀ယ်ထားတဲ့ အရက်လေးအမြည်းလေးကတော့ ထုံးစံအတိုင်း ကဏန်းကြော်ပေါ့။ ကျွန်တော်က မသောက်တတ်ပေမဲ့ သူတို့လာလည်ရင်တော့ ဧည့်ခံရတာပေါ့။ တစ်ခါတလေ ဗိုလ်ပက်ထရစ်ပါလာတတ်တယ်။ တစ်ရက်တော့ ကျွန်တော်ကိုသူတို့ စခန်းညောင်သုံးထောက် စခန်းကိုခေါ်တယ်။ ဦးကိုကြီးနဲ့ စကားပြောဖြစ်တယ် ဦးကိုကြီးက ပိန်ပိန်ပါးပါး၊ သူကလည်း အရက်သောက်တာ မကြိုက်ဘူး။ သူ့နယ်ထဲမှာ အရက်မရောင်းရဘူး။ မိရင်ဒဏ်ငွေတစ်ထောင်နဲ့ ကြိမ်ဒဏ် ၂၅ ချက် ရိုက်တယ်။ ရဲဘော်ဆိုရင်တော့ သစ်ပင်ပေါ်တင်ထားပြီး ထမင်းအငတ်ထားတယ်။ ဦးကိုကြီးကို အဖိုးကြီးလို့ ချစ်စနိုးခေါ်ကြတယ်။ အဲ့ဒီညက ကျွန်တော်နဲ့ နိုင်ငံရေးအကြောင်း ပြောကြတယ်။ ဗိုလ်စိုးသူက သူ့ရဲ့လက်ထောက် ဗိုလ်ကြီးသာတောနဲ့ မိတ်ဆက်ပေးတယ်။ ကျွန်တော်က အဖွဲ့ထဲဝင်ချင်ကြောင်းပြောတော့ ဦးကိုကြီးက ကျွန်တော့်ကို တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ အသိအမှတ်ပြုလိုက်ပြီ ဖြစ်ကြောင်းပြောပါတယ်။ ကျွန်တော်လည်း ဒါဆို ဒီညထဲက မပြန်တော့ဘူးဆိုတော့ ပြန်ဖို့နဲ့ ယူဂျီအနေနဲ့နေဖို့ သတင်းထူးပို့ပေးဖို့ တာဝန်ပေးစရာရှိရင် ကျေပွန်အောင်လုပ်ဖို့ ပြောပါတယ်။ တောထဲမှာက ရဲဘော်တွေရှိကြောင်းနဲ့ မြို့ပေါ်မှာယူဂျီလုပ်မယ့် လူတာဝန်ထမ်းဆောင်တဲ့လူ မရှိတဲ့အတွက် မြို့ပေါ်မှာနေဖို့ မှာကြားပြီး ကျွန်တော်အတွက် လက်ပစ်ဗုံးငါးလုံး မိုင်းသုံးလုံးပေးလိုက်ပါတယ်။ သေနတ်တော့ မပေးလိုက်ဘူး။ ဖွက်ရမှာခက်တဲ့အတွက် ကာကွယ်ဖို့အတွက်ကတော့ လက်ပစ်ဗုံးပဲပေးလိုက်တယ်။

နောက်ကျွန်တော့်ကို သူတို့ ပစ်လို့ရထားတဲ့ဆိတ်သားနဲ့ ဧည့်ခံတယ်။ နေရတာတော့ ပျော်စရာကောင်းတယ်။ ရဲဘော်အရာရှိဆိုတာ ခွဲခြားတာမရှိဘူး။ ညီတူမျှတူပဲ၊ အအေးတစ်ဘူးဆိုရင် တစ်ယောက်တစ်ဘူးပဲ၊ ၀က်တွေပေါ်ရင်လည်း တစ်ယောက် တစ်ပိဿာဆိုရင် ညီတူမျှတူပဲ။ ကျွန်တော်အဲ့ညက တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ ထမင်းလည်း ကျွေးသေးတယ်။ ထမင်းကတော့ ၀ါးကျည်တောက်ထဲကို ဆန်ရယ်၊ ရေရယ် ထည့်ပြီးချက်တာ၊ ရေနွေးလည်း ၀ါးနဲ့ပဲတည်တာ ရေနွေးခွက်လည်း ၀ါးနဲ့ပဲ၊ အနံ့လေးက လက်ဖက်ခြောက်နံနဲ့ ၀ါးအနံလေးနဲ့က တော်တော်သောက်လို့ ကောင်းတယ်။ မီးပုံလေးဖိုပြီး စကားပြောရတယ်။ ညောင်သုံးထောက် စခန်းကလည်း ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအစပ်မှာ လျှိုထဲမှာပါ တော်ရုံတော့မတွေ့ပါဘူး။ ရဲဘော်နှစ်ယောက်ကတော့ ကင်းစောင့်နေတယ်။ နောက် အိပ်ချိန်ရောက်ရင် ပုခက်လေးတွေ ချီပြီးအိပ်ရတယ်။ မနက်အစောကြီး ၄ နာရီလောက်မှာ ဦးကိုကြီးက ကျွန်တော့်ကိုနှိုးပြီး ပြန်လိုက်ပို့ပေးပါတယ်။ သာတောရယ်၊ ဦးကိုကြီးရယ်၊ ဦးပွတို့က ကျွဲကျထိလိုက်ပို့ပါတယ်။ ကျွဲကျကို ဝေလီဝေလင်းမှာရောက်ပြီး မနက်ခင်း ထမင်းစားပြီး ဆက်ထွက်ခဲ့ပါတယ်။ အဲ့နောက်မှာ စုစည်းသစ်ကြိမ် ညနေလောက်မှ ရေနီကို ရောက်ရှိပါတယ်။ ဦးပွကတော့ ကျွဲကျမှာနေခဲ့တယ်။ ညနေခင်းမှာ ရေနီကိုရောက်ပြီး ဖွက်စရာရှိတဲ့ လက်နက်တွေကို ဖွက်ပြီး အိမ်မှာ ထမင်းစားပြီးမှ ဆေးခန်းကိုလိုက်သွားပြီး သားကိုခေါ်ခဲ့တယ်။ သားက ကျွန်တော်ချီလာရင်းနဲ့ပဲ ကျွန်တော့်လက်ပေါ်မှာ အိပ်ပျော်သွားခဲ့တယ်။
ဆက်လက်ဖော်ပြပါမည်။

အနီမှိုင်းကေတု

 

Category: 

Share