စိုးနိုင် (သို့မဟုတ်) မွန်းတည့်နေအောက် လမ်းပျောက်သူ - ဇော်သက်ထွေး

စက်တင်ဘာလ ၁၇ ရက်နေ့ မှာ ဖုန်းတစ်ခုဝင်လာသည်။ “စိုးနိုင် ဆုံးသွားပြီ...”တဲ့။

ကျွန်တော့်ရင်ထဲမှာ ထုံကျင်သွားသည်။ မြန်မာနိုင်ငံကို အာဏာရှင် ဖိနပ်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့သူတို့၏ သမိုင်းများသည် ယခုအချိန်၌ နွေရာသီ သစ်ရွက်ကြွေသလို လူမသိသူမသိ ကြွေလျက်ရှိသည်။ အသက် ၅၁ နှစ်အရွယ်ရှိ စိုးနိုင်ကို ကျွန်တော်တို့က ချစ်စနိုးဖြင့် “ကုလား” ဟု ခေါ်ကြသည်။ သူက ပုသိမ်တက္ကသိုလ်မှ သမိုင်းအဓိကဖြင့် သင်ကြားခဲ့သော ကျောင်းသားတစ်ယောက်။ သူက ပုသိမ်မြို့နယ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းခဲ့သူ တစ်ယောက်။ သူက အနုပညာကို ချစ်မြတ်နိုးခဲ့သူတစ်ယောက်။ သူက နိုင်ငံရေးအကျဉ်းသား တစ်ယောက်။ နောက်ဆုံး လူ့အဖွဲ့အစည်း၏ ဥပေက္ခာပြုခြင်းခံခဲ့ရသူ တစ်ယောက်။ အသည်းပေါက်အောင် သောက်ခဲ့သော အရက်သမားတစ်ယောက်။

စိုးနိုင်သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)၏ စာရွက်စာတမ်းများကို ဖြန့်ဝေမှုဖြင့် ၁၉၈၉တွင် စစ်ထောက်လှမ်းရေးက ဖမ်းဆီးခြင်း ခံခဲ့ရသည်။ စိုးနိုင်နှင့်အတူ အဖမ်းခံခဲ့ရသော ကျောင်းသား နှစ်ဦးမှာ တောင်ဥက္ကလာမှ ရွှေဘုန်းလူ(စာရေးဆရာ တာရာမင်းဝေ)နှင့် ပုသိမ်မှ လှဌေးတို့ဖြစ်သည်။ တရားမ၀င် စာရွက်စာတမ်းများ ဖြန့်ဝေမှုကြောင့် စိုးနိုင်နှင့်လှဌေးကို စစ်ခုံရုံးမှ ထောင်ဒဏ်သုံးနှစ်စီ အပြစ်ပေးခဲ့ပြီး ရွှေဘုန်းလူ (တာရာမင်းဝေ)ကို ထောင်ဒဏ်ငါးနှစ် အပြစ်ပေးခဲ့သည်။ ထောင်ထဲ ရောက်လာတော့ သူတို့ အမှုတွဲ သုံးယောက်မှာ ထူးခြားသော ပေါင်းစပ်မှုအဖြစ် နိုင်ငံရေးအကျဉ်းသားများက နောက်ပြောင်ကြသည်။ တချို့က “ဘာသာပေါင်းစုံ ညီညွတ်ရေးအမှုတွဲ” ဟု တင်စားသည်။ အဘယ်ကြောင့်ဆိုသော် ရွှေဘုန်းလူက ဗုဒ္ဓဘာသာ၊ လှဌေးက ဟိန္ဒူ၊ စိုးနိုင်က အစ္စလာမ်ဖြစ်သောကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သုံးဦးသည် ထောင်ထဲ၌ ညီအစ်ကိုအရင်းလို ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြသည်။

ကျွန်တော် အပြင်ပြန်ရောက်တော့ နိုင်ငံရေးအကျဉ်းသား အများစု စုဝေးရာ ကြည့်မြင်တိုင် နယ်မြေတွင် စိုးနိုင်ကို ပြန်ဆုံခဲ့ရသည်။ အင်းစိန်ထောင်ထဲ၌ နှိပ်စက်ညှဉ်းပန်းမှုများကို ဟာသအဖြစ် လှောင်ရယ်ခဲ့ပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့သော ကြည့်မြင်တိုင် ညီညီလှိုင်နှင့် အးသန်းတို့ကို အကြောင်းပြုပြီး ထောင်ထွက် ကျောင်းသားများက ကြည့်မြင်တိုင်တွင် စုဝေးမိကြသည်။ ကျောင်းသားခေါင်း ကိုမောင်မောင်ကျော် ဦးဆောင်ပြီး စီးပွားရေးလုပ်ရန် Pepsi အအေးဆိုင်တစ်ဆိုင် ဖွင့်လှစ်သည်။ ထိုဆိုင်ကိုအကြောင်း ပြု၍ ညနေဘက်ဆိုလျှင် တရုန်းရုန်း။ ယင်းအစုအဝေးထဲတွင် နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ကိုတိတ်နိုင်ပါသည်။ ဘုန်းမော် 13th နှစ်ပတ်လည် အမှုတွဲ ကျော်ကျော်စိုး ပါသည်။ ပုသိမ်စိုးနိုင်ပါသည်။ ကမာရွတ်မှ မကသ ကိုဌေးအောင် ပါသည်။ ဘုန်းမော် 13th နှစ်ပတ်လည် အမှုတွဲ သော်ထွန်းဦး(ခ) ကိုသားကြီး ပါသည်။ ထိုအုပ်စုရှိရာသို့ ရံဖန်ရံခါ မင်္ဂလာတောင်ညွန့်တွင်နေသော ကျွန်တော်ကလည်း တကူးတက လာသည်။ မြောက်ဥက္ကလာတွင်နေသော ကျူရှင်ဆရာ ဆရာစိုင်း (၀င်းအောင်လွင်)မင်းလွင်၊ မျိုးဝေ၊ မင်းခန့်နှင့် ကျော်ဇေယျတို့လည်း လာလေ့ရှိသည်။ အောင်ထူးရှိသည်။ တောင်ဥက္ကလာမှ အောင်သွင် (ခ) အောင်ကြီး ရှိသည်။ မကသကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျ လာသည်။ ကိုဇော်မျိုးအောင် လာသည်။ ဘုန်းမော် 13th  နှစ်ပတ်လည် အမှုတွဲ ၀င်းဌေး လာသည်။

ညနေစောင်းလျှင် မရှိ,ရှိတာ ခြစ်ချုပ်ပြီး တစုတဝေးကြီး အရက်ဆိုင်ထိုင်ကြသည်။ အခြားအထိမ်းအမှတ် အခမ်းအနားတချို့ကို အေးသန်းအိမ်ရှေ့ စံပြငါးဈေး၌ ကျင်းပလေ့ရှိသည်။ ထိုပွဲများအားလုံးနီးပါး စိုးနိုင်ရော လှဌေးပါ ပါလေ့ရှိသည်။ ရွှေဘုန်းလူက တာရာမင်းဝေဖြစ်လာပြီးနောက် မကြာခဏ ရောက်လာလေ့ရှိသည်။ အားလုံးမှာ အင်းစိန်ထောင်ထဲတွင် ညီအစ်ကိုရင်း ပမာနေခဲ့ကြသူများဖြစ်၍ အပြင် လောကတွင်လည်း မခွဲနိုင်မခွာ ရက်ဖြစ်နေကြသည်။ အားလုံးမရှိအတူ၊ ရှိအတူ။ နိုင်ငံရေး အခြေအနေကလည်း အားရစရာ လုံးဝမရှိ။ ထောင်ထဲ၌ နှစ်ရှည်ကျသော သူငယ်ချင်းအများစုက ကျန်နေသေးသည်။ ဒီမိုကရေစီ အင်အားစုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်၌ အကျယ်ချုပ်ခံနေရဆဲ ဖြစ်သည်။ ထောင်ထွက် နိုင်ငံရေးသမားများကို နွေးနွေးထွေးထွေး ကြိုဆိုသူမရှိ။ ဘ၀ပြန်လည်ထူထောင်ရေး အလုပ်ပေးမည့်သူမရှိ။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်နေရသည်။ အားလုံး Depression ရနေချိန် ၁၉၉၆ ၌ တပ်မတော်အစိုးရကို အားစမ်းသော ဆန္ဒပြပွဲတစ်ခုကို ရန်ကုန် တက္ကသိုလ်တွင် ပြုလုပ်ကြသည်။ နောက်ဆုံးထောက်လှမ်းရေးက လိုက်လံဖမ်းဆီးသောအခါ ကြည့်မြင်တိုင်အုပ်စုထဲမှ အေးသန်း၊ ကိုဌေးအောင်နှင့် ကိုသားကြီးတို့ ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ အဆိုးထဲမှ အကောင်းအဖြစ် ပုသိမ်ထောင်သို့ ကိုဌေးအောင်အား ရွှေ့ပြောင်းခဲ့ရာ ပုသိမ်မြို့ခံဖြစ်သော စိုးနိုင်နှင့် လှဌေးက စားနပ်ရိက္ခာ ထောက်ပံ့ရေးအတွက် ဒိုင်ခံတာဝန်ယူခဲ့သည်။ ထောက်လှမ်းရေးက လိုက်လံရှာ ဖွေဖမ်းဆီးနေသည့် ကိုတိတ်နိုင်ကိုလည်း ချောင်းသာကမ်းခြေ တစ်နေရာ၌ စိုးနိုင်ပင် စီစဉ်ပြီးဝှက်ပေးထားခဲ့ရာ နယ်စပ်သို့ လွတ်မြောက်သွားပြီး AAPP ကဲ့သို့သော အဖွဲ့အစည်းတစ်ခု ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဤကဲ့သို့ သူငယ်ချင်း ရဲဘော်ရဲဘက်များအပေါ် အနစ်နာခံသော စိုးနိုင်အတွက် လှပသော ဘ၀စာမျက်နှာလည်း ရှိခဲ့ပါသေးသည်။ အသက် ၄၀ ကျော်မှ ကံပေါ်ပြီး ဆားမလောက်သူနှင့် အကြောင်းပါသူအတွက် နိုင်ငံရေး အကျဉ်းသားများစုဝေးပြီး တပျော်တပါး သူ၏မင်္ဂလာဆောင်သို့ သွားရောက်ခဲ့ကြသေးသည်။ ကုန်စုံဆိုင်ပိုင်ရှင် သမီးနှင့် အိမ်ထောင်ကျသည့်အတွက် စိုးနိုင်လည်း စီးပွားရေး နယ်ပယ်ထဲ ရောက်ရှိလာလိမ့်မည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသည်။ သို့သော် လက်တွေ့တွင် ထိုသို့ မဖြစ်ခဲ့။ စိုးနိုင်မှာ ဆားမလောက်မှ ရန်ကုန်သို့ မကြာခဏ ရောက်လာသည်။ နောက်ပိုင်းတွင် ကြည့်မြင်တိုင်ရှိ အေးသန်း၊ ကိုမိုးကျော်တို့အိမ်များတွင် ရက်ရှည်လများ နေထိုင်သည်။ စိတ်လေနေသည့်အတွက် အရက်ကိုလည်း ယခင်ကထက် ပိုသောက်လာသည်။ နောက်ပိုင်းတွင် နေရာ၌ မူးပြီးလဲကျသည် ထိသောက်လာခဲ့၍ သူငယ်ချင်း အပေါင်းအသင်းများက ဆုံးမဖြောင်းဖျရသည်များ ဖြစ်လာသည်။ ဒီကြားထဲမှာ မြောက်ဥက္ကလာမှ ဆရာစိုင်း (၀င်းအောင်လွင်) ဆုံးသည်။ စိုးနိုင်လည်း လိုက်ပို့လိုက်သေးသည်။ ကျွန်တော်နှင့်တွေ့တိုင်း ဂျာနယ်အဟောင်းတွေကို ပုသိမ်နှင့် ဆားမလောက်က စာကြည့်တိုက်များအတွက် တောင်းလေ့ရှိသည်။ ကျွန်တော်ကလည်း ဂျာနယ်နှင့် လမ်းစရိတ်ကို တွေ့တိုင်းပေးသည်။ နောက်ပိုင်း စိုးနိုင်ကြည့်ရသည်မှာ အားနည်းပြီး ကျန်းမာရေး ထိခိုက်လာသည့် အခြေအနေ ဖြစ်လာသည့်အတွက် ကျွန်တော့်ရုံးခန်း လာလည်ချိန်တွင် ပြင်းပြင်းထန်ထန် ပြောပစ်လိုက်သည်။ သူက ဘာမှ ပြန်မပြောဘဲ မျက်ရည်တွေ ဝေ့နေသော မျက်လုံးများနှင့် ကျွန်တော့်ကို စိုက်ကြည့်နေသည်။ သူ့ အခြေအနေမဟန်၍ သူတို့ ဇနီးမောင်နှံနှစ်ယောက်ကို တိုက်ကြီးကိုသက်ဦးက သူ့ခြံထဲခေါ်ထားသည်။ အရက်ဖြတ်ခိုင်းသည်။ အစပိုင်းတွင် ကိုသက်ဦး ပြောစကား နားထောင်သော်လည်း နောက်ပိုင်း အရင်အတိုင်း ပြန်ဖြစ်သွားသည်။ နီးစပ်ရာ သူငယ်ချင်းများနှင့် စိုးနိုင်ကို ထိန်းသိမ်းရန် ပြောသော်လည်း အားလုံးက လက်လျှော့သွားကြသည်။ သူ့အတွက် အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကလည်း အစွမ်းကုန် ကူညီထောက်ပံ့ပေးခဲ့သည်။ သူငယ်ချင်းများကလည်း တတ်နိုင်သမျှ ကူညီခဲ့သည်။ သို့သော် အခြေအနေက တိုးတက်မလာတော့။

တိုက်ကြီးမှ ပုသိမ်သို့ သူပြန်တော့မည်ဖြစ်ကြောင်း ကျွန်တော့်ကို ဖုန်းဆက်ပြောသေးသည်။ ထို့နောက် သူပြန်သွားပြီး မကြာခင် စက်တင်ဘာလ ၁၇ ရက်နေ့၌ လူ့လောကထဲမှ စိုးနိုင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရခြင်း ဖြစ်သည်။

သူ့တို့အမှုတွဲ သုံးယောက်မှာ ကိုးကွယ်ယုံကြည်မှု မတူသော်လည်း ဘ၀ဇာတ်သိမ်းများမှာ ထူးဆန်းစွာ တူညီခဲ့သည်။ သူတို့သုံးဦးအနက် လူ့ဘ၀မှ အရင်ထွက်ခွာသွားသူမှာ လှဌေးဖြစ်ပြီး ဒုတိယထွက်ခွာသွားသူမှာ တာရာမင်းဝေဖြစ်သည်။ တာရာမင်းဝေ၏ နောက်ဆုံးခရီးတွင် ဦးထုပ်တွင် ရေးထားသော ကဗျာကို ရွတ်ပြီး ထိုဦးထုပ်ကို အခေါင်းထဲသို့ ထည့်ပေးလိုက်သူမှာလည်း စိုးနိုင်ပင်ဖြစ်သည်။ ယခု သူငယ်ချင်း စိုးနိုင်ကတော့ နောက်ဆုံး ခရီးထွက်ခွာသွားသူ ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ခဲ့သော်လည်း မြောက်မြားလှစွာသော ပြဿနာများဖြင့် နေမွန်းတည့်နေအောက်မှာ ပူလောင်နေဆဲဖြစ်သည်။ စိုးနိုင်အတွက် နောက်ဆုံး ဆုတောင်းကတော့...

“ဘ၀ဆက်တိုင်း ...
မွန်းတည့်နေအောက်မှာ...
လမ်း...မပျောက်ပါစေနဲ့”
ဟူ၍။

ဇော်သက်ထွေး

Category: 

Share