ရခိုင်ပြည်နယ် ပြဿနာများ NLD အစိုးရသက်တမ်းအတွင်း အဆုံးသတ်မည်လား- ကိုလူသစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောဒေသတွင် ARSA အကြမ်းဖက်အဖွဲ့၏ တစ်ဖက်သတ် အပစ်ရပ်စဲမှုကာလမှာ တစ်လတာ ကျော်လွန်လာသည်နှင့်အညီ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကလည်း တစ်ဖက်တွင် အနည်းငယ် ပြန်လည်ဖြစ်ပွားမှုရှိလာသည်ကို ကြားသိနေရသည်။

အကြမ်းဖက်ရန်ပြင်ဆင်ထား
ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့သည် တစ်လတာ တစ်ဖက်သတ် အပစ်ရပ်စဲပြီးနောက် အသင့်ပြန်လည် အကြမ်းဖက် တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ယင်းသို့ လုပ်ဆောင်ခဲ့မှုများအနက် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ အထက်နန်းရာကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ ချုံပုတ်အတွင်း၌ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးအား အပြာရောင် ပလတ်စတစ်ပုံးအတွင်း ထည့်သွင်းသိုဝှက်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက်တွင် တွေ့ရှိ သိမ်းဆည်းရမိခဲ့သည့် အပြင် အောက်တိုဘာ ၁ ရက်တွင်လည်း မောင်တောမြို့နယ် မြဇင်ကျေးရွာရှိ မီးလောင်ထားသော နေအိမ်ခြံဝင်းအတွင်း၌ မြေသားများပွနေသည်ကို မသင်္ကာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တူးဖော်ရှာ ဖွေခဲ့ရာမြေကြီးအတွင်း စပါးခွံများဖြင့် အုပ်ထားသည့် အချင်း လေး လက်မ၊ အလျားခြောက်လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်းနှစ်လုံးအပြင် အချင်းနှစ်လက်မ၊ အရှည် ကိုးလက်မခန့်ရှိ ဒေသန္တရလက်လုပ် မိုင်း ၁၀ လုံး၊ စုစုပေါင်း ၁၂ လုံး နှင့် RE စာတန်းပါ အဝေးထိန်း ခလုတ်လေးခု၊ နှစ်ပင်လိမ်ဝိုင်ယာကြိုး ၁၂၅ ပေခန့်ရှိ ကြိုးခွေတစ်ခွေတို့ကို ပလတ်စတစ်ပုံးဖြင့် ၀ှက်ထားသည်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း အစိုးရသတင်း ထုတ်ပြန်ရေးကော်မတီ၏ သတင်း ထုတ်ပြန်မှုများအရ သိရသည်။

ထို့အပြင် မေယုတောင်ခြေ အနီးရှိ ချုံပုတ်အတွင်း၌ ARSA အဖွဲ့၏ အကြမ်းဖက်ဖောက်ခွဲမှု ပြုလုပ်ရန် ပြင်ဆင်ထားသော လက်နက်ခဲယမ်းများနှင့် မိုင်းများကို တာဝန်သိပြည်သူမှ တွေ့ရှိသတင်းပို့ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၄ ရက်၌ သွားရောက်ရှာဖွေခဲ့ရာ ၁၂ ဗို့ ပြောင်းချောတစ်လက်၊ ကျည် ၁၄ တောင့်၊ အလျား ရှစ်လက်မ၊ အချင်း ငါးလက်မရှိ လက်လုပ် ဆွဲမိုင်း နှစ်လုံး၊ အလျား ၁၀ လက်မ၊ အချင်းနှစ်လက်မခန့်ရှိ ရီမုကွန်ထရိုး လက်လုပ်မိုင်း နှစ်လုံး၊ အလျား ကိုးလက်မ၊ အချင်းနှစ်လက်မခန့် ရှိသော သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် လက်ပစ်ဗုံး သုံးလုံးအပြင် လက်ပစ်ဗုံးတစ်လုံး၊ မီးခိုးဗုံး တစ်လုံး၊ အလျား ၁၁ လက်မ၊ အချင်းတစ်လက်မခွဲခန့်ရှိ မီးကျည်ချောင်း နှစ်ချောင်း၊ အလျား ခြောက်လက်မခွဲ၊ အချင်းတစ်လက်မရှိ မီးကျည်နှစ်ချောင်းနှင့် လက်လုပ်မိုင်းခွဲရာတွင် အသုံးပြုသည့် သော့ချိတ်ကိုးခု၊ ဓာတ်ခဲနှစ်လုံး တို့အားသိမ်းဆည်းရမိခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင်လည်း မောင်တောမြို့နယ် ကျောက်ပန္တုနှင့် သင်္ဘောကွေ့ ကျေးရွာများ၌ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က ပြုလုပ်ထားသည့် ကျောက်သားအား ထွင်းထားသော အမြင့် လေးပေ၊ အနံသုံးပေရှိပြီး အပေါက်ဝမှ ပေ ၂၀ ခန့်တွင် လမ်းခွဲနှစ်ခုအနက် ယာဘက်လမ်းခွဲအရှည် ၃၅ ပေ၊ ၀ဲဘက်လမ်းခွဲ အရှည် ပေ ၄၀ ခန့်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သည့်အပြင် ကျောကပန္တုကျေးရွာ အလယ်ရှိ တောင်ကုန်းငယ်၌ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ငါးပေရှိ သစ်လုံးများမိုးထားပြီး ပျဉ်ခင်းထားသည့် လူလုပ်လိုဏ်ဂူတစ်ခုနှင့် အကျယ် သုံးပေ အမြင့် ငါးပေခွဲ၊ အရှည် ပေ ၁၃၀ ခန့်ရှိ ကျောက်လိုဏ်ဂူတစ်ခုအား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက် မတိုင်မီက မိုင်းခွဲမှုဖြစ်စဉ်ပေါင်း ၁၃ ကြိမ်ခန့် ပြုလုပ်ခဲ့သည့်အပြင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း၌လည်း မိုင်းဖောက်ခွဲမှု ၇၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။

ပြန်လည်ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုအခြေအနေ
ယင်းသို့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများမှလွဲ၍ ရခိုင်ပြည်နယ်အတွင်းတွင် တည်ငြိမ်မှုများ ရှိလာခဲ့ပြီဖြစ်သော်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်က မောင်တောမြို့နယ် နယ်မြေ (၃) ကွမ်းသီးပင် ချောင်းဝရဲစခန်းသို့ ဓားကောက် ကိုင်ဆောင်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီတစ်ဦးမှ  အလ္လာဝက္ကဘတ်ဟု အော်ဟစ်ကာ ပြေးဝင်လာသည့်အတွက် ကင်းလုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ရပ်တန့်ရန် တားမြစ်ခဲ့သော်လည်း ဆက်လက်ပြေးဝင်လာသည့်အတွက် အသေပစ်ခတ် ဖမ်းဆီးခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည့်အပြင် အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင်လည်း အောင်သပြေကျေးရွာနေ ဒိုင်းနက်လူမျိုး လေးဦးက နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအား ကျော်ဖြတ်ကာ တောဝက်အား ခြေရာခံ လိုက်ဖမ်းခဲ့ရာတွင် အရပ်ဝတ်ဖြင့် သေနတ်ကိုင်ဆောင်ထားသူ ၁၅ ဦးခန့်က ၀ိုင်းဝန်းပစ်ခတ်ခဲ့သည့်အတွက် နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

ထို့အပြင် မောင်တောမြို့နယ်ရှိ လူမနေသည့် ဘင်္ဂါလီကျေးရွာဖြစ်သော ပချီးယားတန်းကျေးရွာရှိ ပုစွန်ကန်အနီးတောစပ်တွင် ရခိုင်အမျိုးသား ခုနစ်ဦးမှ ငါးရှာသွားရောက်စဉ်တွင် အမည်မသိ ဘင်္ဂါလီလေးဦးက ဓား၊ ရဲတင်း၊ သံတုတ်များဖြင့် ၀ိုင်းဝန်းထိုးခုတ် ရိုက်နက်မှုကြောင့် တစ်ဦးဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အပြင် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက် က ပေါင်းဇာရွာ နေရာအိမ်မှူး မာမွတ်တာ မောက်မာမတ်အာရပ်ဖ်ပါ ငါးဦးအား ဓားများဖြင့် လာရောက်တိုက်ခိုက်ခဲ့သော အကြမ်းဖက်သမား ၁၅ ဦးထဲမှ ထွက်ပြေး လွတ်မြောက်ခဲ့သည့် အကြမ်းဖက်သမားတစ်ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည့် ဖြစ်စဉ်များသည် အစိုးရ၏နယ်မြေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အရှိန်အဟုန်မြှင့် လုပ်ဆောင်မှုကို ဆောင်ရွက်နိုင်ရန် အဟန့်အတားဖြစ်လာနိုင်သည့် အခြေအနေများအဖြစ် တည်ရှိနေလျက်ရှိသည်။

ယင်းသို့ အကြမ်းဖက်မှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်းများ၊ မိုင်းများ၊ လူလုပ်လိုဏ်ဂူများနှင့် အနည်းငယ် ပြန်လည်ဖြစ်ပွားလာသည့် အကြမ်းဖက်မှုများကြောင့် လက်ရှိအစိုးရ အနေဖြင့် ရခိုင်ပြည်နယ် အတွင်း၌ ထပ်မံအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာနိုင်မည့် အခြေအနေများအား သတိမပြတ်စောင့်ကြည့်ရန် လိုအပ်ကြောင်း မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

“အစိုးရအနေနဲ့က ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးရေးတွေကို လုပ်ဆောင်နေပေမယ့်လည်း အခုလို တွေ့ရှိမှုတွေ အနည်းငယ် ပြန်လည်ဖြစ်လာတယ်လို့ ထင်ရတဲ့ အခြေအနေတွေကို သတိမပြတ်ဘဲ စောင့်ကြည့်ဖို့တော့ လိုတယ်။ အဲဒီလိုမှ မဟုတ်ရင် ထပ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါ့အပြင် လက်ရှိမှာလည်း တပ်က အင်အားလျော့တာတွေ လုပ်ဆောင်နေတော့ အဲဒါကို အခွင့်ကောင်းယူပြီး ပြန်လည် လုပ်ဆောင်လာနိုင်တယ်” ဟု မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဖိအားပေးမှု
တစ်ဖက်တွင်လည်း  မြန်မာနိုင်ငံအစိုးရအနေဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြု လုပ်လျက်ရှိသော လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုက ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ဖိအားပေး စွပ်စွဲမှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သော တံခါးဖွင့်အစည်းအဝေးတွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ရန် ကြိုးပမ်းခဲ့သော်လည်း သဘောတူညီမှု ရရှိခဲ့ခြင်းမရှိသည့် အတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ကြေညာချက်အား အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်တွင် ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်က အင်အား အလွန်အကျွံသုံးစွဲကာ နယ်မြေရှင်းလင်းမှုများအား မပြုလုပ်ရန်၊ အရပ်သား အုပ်ချုပ်ရေးအဖွဲ့အား ပြန်လည်ဖွဲ့စည်းရန်၊ တရားဥပဒေစိုးမိုးမှုရှိစေရန်၊ လူ့အခွင့်အရေးအား လေးစားလိုက်နာမှုရှိရန်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအ၀င် ကလေးသူငယ်များအား ညဉ်းပန်းနှိပ်စက်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်နှင့် ကျူးလွန်ခံရသူများအတွက် တရားမျှ တမှုများရရှိစေရန် တာဝန်ရှိသူ မှန်သမျှအား တာဝန်ခံစေရန်စသည့် အချက်များဖြင့် မြန်မာနိုင်ငံအစိုးရကို ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘင်္ဂါလီ ဒုက္ခသည်များအား နေရပ်ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်သော်လည်း မြန်မာနိုင်ငံ အနေဖြင့် ထိရောက်စွာ လိုက်နာဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ ပါဝင်လုပ်ဆောင်နိုင်ရန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရန် တိုက်တွန်းတောင်းဆိုခြင်းများအပြင် ကိုဖီအာနန်ကော်မရှင်၏ အကြံပေးချက်များအား လိုက်နာရန်နှင့် ယင်းတောင်းဆိုချက်များအား မြန်မာနိုင်ငံအစိုးရအနေဖြင့် လိုက်နာမှု ရှိမရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်းရေးမှူး အနေဖြင့် လုံခြုံရေးကောင်စီသို့ ရက်ပေါင်း ၃၀ အတွင်း အစီရင်ခံ တင်ပြရန် ဆုံးဖြတ်ချက်ချမှတ်ကြောင်း ဖိအားပေး တောင်းဆိုမှုများကလည်း မြန်မာနိုင်ငံအစိုးရ အတွက် ဖိအားအနည်းငယ် ဖြစ်စေခဲ့သည်။

အစိုးရ၏ ပြန်လည်တုံ့ပြန်မှု
သို့သော် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ ဥက္ကဋ္ဌ၏ ကြေညာချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ၄င်းကြေညာချက်အပေါ် ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည့်အပြင် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကလည်း နိုဝင်ဘာ ၇ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ကြေညာချက်အပေါ် လက်ခံကျေနပ်ခြင်းမရှိကြောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

ဖိအားပေးမှုက စိုးရိမ်စရာ အခြေအနေမဟုတ်သေး
“ဖိအားပေးစွပ်စွဲတယ်ဆိုပေမယ့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်ဟာ အစည်းအဝေး ဆုံးဖြတ်ချက် မဟုတ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးကိုတော့ ၀င်စွက်ဖက်လို့မရပါဘူး။ ဒါ့အပြင် တရုတ်အပါအ၀င် နိုင်ငံအချို့ကလည်း မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့ တစ်ကြိမ်ကနေ နှစ်ကြိမ်၊ သုံးကြိမ်မျိုး ဖြစ်လာမယ်ဆိုရင်တော့ တစ်မျိုးတစ်မည် ပြောင်းလဲလာနိုင်တယ်။ အခုလည်း ဒီကြေညာချက်နဲ့ ပတ်သက်ပြီး အတိုင်ပင်ခံရုံးက လက်မခံနိုင်ဘူးဆိုတာကို ပြန်ပြီးတုံ့ပြန်ထားတယ်။ ဒါကြောင့် အဲဒီ အခြေအနေကတော့ မြန်မာနိုင်ငံအတွက် ဖိအားပေးခံရတာ မှန်ပေမယ့် စိုးရိမ်စရာ အခြေအနေ တစ်ရပ်တော့ မဟုတ်ဘူးလို့ ပြောချင်ပါတယ်”ဟု မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဆက်လက်ပြောကြားသည်။

အစိုးရ၏ လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်နေမှု
သို့သော် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဖိအားပေးစွပ်စွဲမှုများနှင့် သွေဖည်လျက်ရှိသည့် ဆောင်ရွက်ချက်များဖြစ်သော လူသားချင်းစာနာမှု အထောက်အပံ့များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နေရပ်စွန့်ခွာ ပြည်သူများအတွက် ကျေးရွာများနှင့် အိုးအိမ်များ စနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ဆောက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့များက အကူအညီ ပေးဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်မှလည်း ရခိုင်ပြည်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီကို အောက်တိုဘာ ၁၇ ရက်က ဖွဲ့စည်းခဲ့ပြီး ၄င်းစီမံကိန်း၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနများ၏ ဆောင်ရွက်ပေးမှု
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ အသက်နှစ်နှစ်အောက် ကလေးငယ်များ၊ အဖိုးအဖွားများနှင့် ထိခိုက်ဒဏ်ရာရသူ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များရှိသော ကလေးသူငယ်များအတွက် ဆန်ရိက္ခာ ထောက်ပံ့ခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရက်ကန်းစင်များ၊ အထည်ချုပ်စက်ရုံများ ထူထောင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် စက်မှုဝန်ကြီးဌာနကလည်း အသုံးအဆောင်ပစ္စည်းများ၊ 20 Watt Solar Home Lighting System အစုံ Solar Home Lighting System အစုံ ၁၅၀နှင့် စက်မှုအသက်မွေးပညာ ကာလတို ရွေ့လျားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် အားကစားနှင့် ကျန်းမာရေး ၀န်ကြီးဌာနမှလည်း လတ်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တွင် ဆရာဖြစ် သင်တန်းပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးခြင်း အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် ပမာဏကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများအရ သိရသည်။

ထို့အပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနကလည်း ဘင်္ဂါလလူမျိုးများအား National Verification Process လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နယ်စပ်ရေးရာ ၀န်ကြီးဌာနကလည်း စုစည်းကျေးရွာများအဖြစ် ကိုင်းကြီး(မြို)ကျေးရွာ၊ နံ့သာတောင်ကျေးရွာတို့တွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးလျက် ရှိသည့်အပြင် မီးဒိုက်လမ်းဆုံ- မီးဒိုက်စခန်း- မိုင်တိုင် ၃၇ အထိ ၆/၁ မိုင် အားလည်းကောင်း၊ လိပ်ရလမ်း ဆုံ-လိပ်ရအထိ ၂/၅ မိုင်အား လည်းကောင်း၊ ကျွန်းပေါက်လမ်း ဆုံ-ကျွန်းပေါက်အထိ ၃/၃ မိုင်နှင့် ငါးခူရ-စပယ်ပင်ရင်း ကင်းစခန်း ၂/၅ မိုင်အား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်း ကျေးရွာ ၂၃ ရွာ၌ ရေတွင်း ၁၈ တွင်း၊ ရေကန် လေးကန်၊ စိမ့်စမ်း တစ်ခုနှင့် အခြား ရေပေးရေးလုပ်ငန်း ၁၀ ခုအား လည်းကောင်း၊ မောင်တောမြို့နယ်၌ ၀ပ် ၃၀၀ အားရှိ လုံခြုံရေး စလိုက်မီးတပ်ဆင်ခြင်း၊ ကျေးလက် တန်ဖိုးနည်း အိမ်ရာအလုံး ၂၀၀ တည်ဆောက်ပေးခြင်း၊ မိုးစပါး ဧကပေါင်း ၁၄၄၀၀ အား ရိတ်သိမ်းခြင်းနှင့် သိုလှောင်ပေးခြင်း၊ ရေထိန်းတံခါးများ တည်ဆောက်ပေးခြင်းအပြင် ဧက ၄၄၁ ဧကအတွက် မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းများ ထူထောင်ခြင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ ၂၃၃၃၂ တင်း ဖြန့်ဖြူးပေးခြင်း၊ မိုးစပါးစိုက်ဧက ၂၅၀၀ တွင် မျိုးသန့် စိုက်ပျိုးရေး ဇုန်တည်ဆောက်ပေးခြင်း၊ မိုးစပါးဧက ၃၃၀ တွင် စံပြကွက်များ ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိသည့်အပြင် ကျွဲ၊ နွားများ ဖြည့်ဆည်းပေးခြင်း၊ မျိုးတိရစ္ဆာန်များ ထောက်ပံ့ ပေးခြင်းစသည့် မွေးမြူရေးထုတ်လုပ်မှု တိုးချဲ့နိုင်ရန်အတွက်ကိုလည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကျေးရွာ ၈၂ ရွာ အတွက် ငါးကန်များ တူးဖော်ခြင်း၊ ငါးမျိုးနှင့် ကဏန်းမျိုး စိုက်ခဲ့ခြင်းနှင့်ကမ်းနီး ငါးဖမ်းလုပ်ငန်းအား တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာနမှလည်း ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့မှုရှိစေရန် ရခိုင်ပြည်နယ်အတွင်းရှိ လမ်းများအား အဆင့်မြှင့်တင်ခြင်းနှင့် တံတားများ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှလည်း ရခိုင်ပြည်နယ် အတွင်း၌ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း သိရသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများကမူ ထိုသို့အစိုးရ၀န်ကြီးဌာနများက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးခြင်းနှင့် ဒေသခံဖွံ့ဖြိုးရေး လုပ်ငန်းများအား လုပ်ဆောင်ပေး လျက်ရှိသော်လည်း လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာမှုများနှင့် ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်တွင် ဘင်္ဂါလီ ဦးရေ ၁၂၇၃ ဦး၊ နိုဝင်ဘာ ၈ ရက်တွင် ဘင်္ဂါလီဦးရေ ၃၁၂၄ ဦး၊ နိုဝင်ဘာ ၁၀ ရက်တွင် ၁၄၈၀ တို့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာလျက်ရှိသည့်အပြင် ၄င်းတို့သဘော ဆန္ဒအရ ဆက်လက်ထွက်ခွာရန် အတွက်လည်း နှစ်နိုင်ငံနယ်စပ်အနီး၌ လူဦးရေ ၆၉၅၃ ဦးတို့ကလည်း ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဘင်္ဂါလီလူမျိုးများ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လက်ရှိအချိန်အထိ ထွက်ခွာနေမှုများကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖိအားပေးစွပ်စွဲမှုများအနက် တစ်ချက်အပါအ၀င် ဖြစ်သည့်အတွက် ယင်းသို့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားလာနိုင်သည့် အခြေအနေများ၊ အနည်းငယ်ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ ကုလသမဂ်္ဂ လုံခြုံရေးကောင်စီ ဖိအာပေး စွပ်စွဲ တောင်းဆိုမှုများနှင့် ယခုကဲ့သို့ ဘင်္ဂါလီ လူမျိုးများ၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ထွက်ခွာနေမှုများသည်  အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသော ရခိုင်ပြည်နယ် အရေးအပေါ် အဟန့်အတားများ ဖြစ်စေနိုင်သည့်အတွက် မြန်မာအစိုးရအနေဖြင့် ၄င်းရခိုင်ပြည်နယ်အရေးအား လက်ရှိအစိုးရ သက်တမ်းအတွင်း ဆောင်ရွက်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည်သာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။  

ကိုလူသစ်

 

Category: 

Share