ကျောင်ကဒယ်ဒုံးယိမ်းအဖွဲ့ အား ကရင်ပြည်နယ်အစိုးရမှ ကပြခွင့်ပိတ်ပင်သည်ဆိုခြင်းမှာ မဟုတ်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆို

Photo-ကရင်အမျိုးသားမီဒီယာ

ကရင်ပြည်နယ်နေ့တွင် ပြိုင်ပွဲဝင်မည့် ကျောင်ကဒယ်ဒုံးယိမ်း အဖွဲ့အား ကရင်ပြည်နယ်အစိုးရမှ ကပြခွင့် ပိတ်ပင်သည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဘားအံပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောကြား လိုက်သည်။

“ကျွန်တော်တို့အစိုးရအဖွဲ့ က ဘယ်ဒုံးယိမ်းအဖွဲ့ကိုမှ ပိတ်ပင်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ ပြည်နယ်မှာ ဒုံးအဖွဲ့ မပါလို့ရှိရင် ဆားမပါတဲ့ဟင်းလိုပါပဲ။ ဒါကြောင့် ဘယ်ဒုံးအဖွဲ့ ကိုမှ ပိတ်ပင်တာ၊ တားမြစ်တာ တွေမလုပ်ပါဘူး။ အခုပြိုင်ပွဲ ဝင် မယ်ဆိုတဲ့ ဒုံးအဖွဲ့ကလည်း သူတို့ ရဲ့သံချပ်စာသားတွေထဲမှာ ကျောက်မီးသွေးနဲ့ ပတ်သက်တဲ့ စာသားတွေပါနေတယ်ဆိုတဲ့ သတင်းရလို့ သက်ဆိုင်ရာအဖွဲ့တွေက ဒီစာသားတွေ ဖြုတ်ပေးဖို့ လာတွေ့ ပါလို့ အကြောင်းကြားတာကို သူတို့က ကော်မတီကိုရော၊ ဝန်ကြီး ချုပ်ဆီကိုရော လာမတွေ့ဘူး ဆိုပြီး သူတို့ တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုဖိုင်မှာ ကျွန်တော်တွေ့ လိုက်ရတယ်။ ပြီးတော့ ကရင်အမျိုးသားနေ့ ဆိုတာကလည်း ကရင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်နေတဲ့ နေ့ထူးနေ့မြတ်ပွဲပါ။ အဲဒီအပေါ်မှာ ပါတီတစ်ခုကပဲ ဖြစ်ဖြစ်၊ လူတစ်စုကပဲဖြစ်ဖြစ် ကျွန်တော်တို့ပွဲကြီးကို အခွင့် ကောင်းယူပြီး ထိခိုက်ပျက်စီး အောင်လုပ်မယ်ဆိုရင် ဘယ်သူ့ ကိုမှ လက်မခံပါဘူး။ ပွဲကိုလည်း အပျက်အစီးမခံပါဘူး”ဟု ဘား အံပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးသန်းနိုင်က ပြောသည်။

ကျောင်ကဒယ်ဓလေ့ပျောက်မှာ စောင့်ရှောက်သူများ ဒုံးယိမ်းအဖွဲ့သည် ၆၂နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးယိမ်းပြိုင်ပွဲဝင်မည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ယင်းအဖွဲ့သည် ကရင်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံနှင့်ပတ်သက်သည့် ကန့်ကွက်သောစာသားများ သံချပ်တွင် ထည့်သွင်းထားသောကြောင့်၊ ယင်းစာသားများအား  ဖြုတ်ချပေးရန်အတွက် ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ လာရောက် တွေ့ဆုံရန် ခေါ်ယူခဲ့သော်လည်း ဒုံးယိမ်းအဖွဲ့မှ တာဝန်ရှိသူများမှ လာရောက် တွေ့ဆုံခြင်း မရှိ ကြောင်းကို ၄င်းက ထပ်မံပြော ကြားခဲ့သည်။

အဆိုပါအဖွဲ့အနေဖြင့် သံချပ်တွင် ကျောက်မီးသွေးနှင့် ပတ်သက်သည့်စာသားများ ပါဝင်နေသည့်အတွက် ပိတ်ပင်ခံရခြင်း ဖြစ်နိုင်ကြောင်း  သတင်းများထွက် ပေါ်လျက်ရှိသည်။         

ပိုင်လေး

Category: 

Share