Rating စနစ်ပြောင်းမည့်အပေါ် ဝေဖန်ပိတ်ပင်ခံနေရဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း ပြော

Rating  စနစ်အဖြစ်ပြောင်းလဲရန် ပြင်ဆင်လုပ်ဆောင်နေသည့်အပေါ် ဝေဖန်ပိတ်ပင်ခံနေရကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌဦးဇင်ဝိုင်းက ပြောသည်။
လက်ရှိကျင့်သုံးလျက်ရှိသည့်  ဆင်ဆာဖြတ်တောက်သည့်စနစ်ကို ရုပ်ရှင်လောကသားအများစုက သဘောမကျသဖြင့် ၄င်း၏ဥက္ကဋ္ဌ သက်တမ်းအတွင်း Rating  စနစ် ပြောင်းလဲကျင့်သုံးမည့်အပေါ် အပြာဇာတ်ကားများ ရိုက်ချင်၍လားဟု မေးခွန်းထုတ် ဝေဖန်ပိတ် ပင်နေကြကြောင်း ဦးဇင်ဝိုင်းက ပြောသည်။
''တစ်ခြားနိုင်ငံတွေက ဇာတ်ကားအဆင့်အတန်းကို သတ်မှတ်တဲ့ Rating စနစ်နဲ့သွားနေတာပါ။  Rating  စနစ်ကအများကြီး ကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ပရိသတ်က အဖြူကိုပြပေမယ့် အမည်းထင်သွားနိုင်တာမျိုးတွေရှိတယ်။ Rating စနစ်ဆိုတာက ခြင်ထောင်ခန်းတွေရိုက်ဖို့တော့ မဟုတ်ပါဘူး'' ဟု ဦးဇင်ဝိုင်းက ပြောသည်။
ယခင်ရုပ်ရှင်ဥက္ကဌဟောင်း ဦးလူမင်း လက်ထက်ကလည်း Rating  စနစ်သွားရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် အကြိမ်ကြိမ် ဆွေးနွေးမှုရှိခဲ့ပြီး ၄င်းအချိန်ကလည်းRating  စနစ်ကိုဝေဖန် ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်က ရုပ်ရှင်လောကသားများက ဆင် ဆာအဖွဲ့မရှိသင့်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သော်လည်း လက်ရှိ ရုပ်ရှင်ဇာတ်ကားများကို Rating  စနစ်မကျင့်သုံးရသေးသဖြင့် ဆင်ဆာစနစ်ဖြင့်သာ ပြသနေခြင်းဖြစ်သည်။
ဇင်မင်း

Category: 

Share