ရွှေတိဂုံစေတီတော်၏ နိုင်ငံခြားသားဝင်ကြေးအား ဒီဇင်ဘာလမှစ၍ကျပ် ၁ဝဝဝဝ နှုန်းသတ်မှတ်

ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များ ပေးဆောင်ရသည့်ဧည့်ဝင်ကြေးကို ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး နှုန်းထားအသစ် ကျပ်တစ်သောင်းနှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

ရွှေတိဂုံစေတီတော်သို့ လာ ရောက်သည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဧည့်ဝင်ကြေးအဖြစ် ယခင်ကဧည့်သည် တစ်ဦးလျှင် ကျပ် ၈ဝဝဝ ကောက်ခံခဲ့ရာမှ ပြင်ဆင်ပြောင်းလဲလိုက်သည့် နှုန်းထားသစ်အရ တစ်ဦးကို ကျပ် ၁ဝဝဝဝ ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ပြောင်းလဲကောက်ခံ မည့် အကြောင်းကို ရွှေတိဂုံစေတီတော် သို့ လာရောက်လေ့လာကြသော ကမ္ဘာလှည့် ခရီးသွားဧည့်သည် များနှင့်  ဧည့်လမ်းညွှန်များသိရှိ စေရန် စောင်းတန်းထိပ်အတက် နေရာ၌ ကြော်ငြာဆိုင်းဘုတ်များ ဖြင့် အသိပေးသွားမည်ဖြစ် ကြောင်း သိရသည်။
''ကမ္ဘာလှည့်ခရီးသွားဧည့် သည်တွေရဲ့ ဧည့်ဝင်ကြေးပြောင်း လဲကောက်ခံဖို့ တရားဝင်သတ် မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ပြောင်းလဲကောက်ခံမယ့် နှုန်းထားအသစ်ကို ဒီဇင်ဘာ ၁ ရက်ကစပြီး ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ပြောင်းလဲ ကောက်ခံမယ့်နှုန်း ထားအသစ်နဲ့ ပတ်သက်ပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေနဲ့ ဧည့်လမ်းညွှန်တွေ သိရှိစေဖို့အတွက် ဘုရားစောင်းတန်းထိပ် အတက်နေရာတွေမှာ ဆိုင်းဘုတ် တွေ တပ်ဆင်ပေးသွားမှာပါ''ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။
ရန်ကုန်မြို့တော်သို့ လာ ရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားအများစုသည် ရွှေတိဂုံစေတီတော်သို့ အဓိကလာရောက်လေ့ရှိရာ အောက်တိုဘာတစ်လအတွင်း လာရောက်သူကမ္ဘာလှည့်ခရီးသွားဧည့်သည် ပေါင်း ၅၆၃၉၈ဦး လာရောက်ခဲ့ကြောင်း သိရသည်။
ကိုညီ

Category: 

Share