ကွီးဖြိုးရဲ့ ရိုက်ချက်အသစ် (သို့) စီးတီးတက္ကစီ - ဦးမျိုးကြီး

ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးတဲ့နောက် လုပ်ခဲ့ကိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကွီးဖြိုးရဲ့ အရှိန်ပြင်းတဲ့ ရိုက်ချက်များဆိုပြီး ဦးမျိုးကြီး စာတစ်တန် ပေတစ်ဖွဲ့ လုပ်ခဲ့ဖူးတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအချိန်တုန်းကတည်းက ဦးမျိုးကြီး စာဖတ်ပရိသတ်ကို အသိပေးခဲ့တာ တစ်ခုရှိပါတယ်။ တခြား မဟုတ်ပါဘူး။ ကွီးဖြိုးလုပ်နေကိုင် နေတာတွေဟာ စိတ်ကူးထဲရှိရာတွေကို လုပ်နေတာလို့ ဦးမျိုးကြီးကတော့ မသတ်မှတ်ဘူး။ စီစဉ်တကျ အကွက်ကျကျ စီမံချက်ချပြီး လုပ်ကိုင်နေတာဖြစ်တယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ နောက်မှာ သူ့ဘ၀ရှိနေတယ်။ သူ့လုပ်ဆောင်ချက် အောင်မြင်ရင် အောင်မြင်၊ မအောင်မြင်ရင်တော့ သူ့ရဲ့ နိုင်ငံရေးဘ၀က လုံးဝကို ဂွမ်းသွားမှာ သေချာတယ်လို့ ရေးခဲ့တာဖြစ်ပါတယ်။ ကျူးကျော် ကိစ္စ၊ အထပ်မြင့်အဆောက်အဦတွေ ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားတာ၊ ကွန်တိန်နာတွေ နေ့ဘက် မောင်းနှင်ခွင့် ပိတ်ပင်လိုက်တာ၊ သင်္ကြန်မဏ္ဍပ်၊ အဲဒီနောက် မကြာခင်လပိုင်းအတွင်းမှာပဲ မဘသ၊ တစ်ခါ နောက်ခဏနေတဲ့ အခါကျပြန်တော့ ပြည်တွင်းက ထိပ်တန်းဂျာနယ်ကြီးတစ်စောင်က တာဝန်ရှိသူတချို့ကို တရားစွဲခဲ့တာ။ အဲဒီပြီးပြန်တော့ ခေတ်အဆက်ဆက် ကိုင်တွယ်ရခက်တဲ့ လမ်းဘေးဈေးသည်၊ နောက်သိပ် မကြာခင်မှာပဲ မထသကို ဖျက်သိမ်းပြီး YBS အစရှိသဖြင့် ခြေတစ်ချက်ချော်တာနဲ့ တစ်ဘ၀လုံး ဂွမ်းသွားနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ ချမှတ်လုပ်ကိုင်ခဲ့တဲ့ ဦးဖြိုးမင်းသိန်းဟာ အခုတစ်ခါမှာတော့ ရန်ကုန်မြို့ပေါ်က စီးတီး တက္ကစီသမားတွေနဲ့ ထိပ်တိုက် ရင်ဆိုင်နေရပြန်ခဲ့ပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ စီးတီး တက္ကစီတွေကို မှတ်ပုံတင်ဖို့ ဆော်သြလိုက်တာပဲ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ အားလုံးသိပြီးဖြစ်လို့ အကျယ်မချဲ့ပါဘူး။ အနှစ်ချုပ်ကတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ စီးတီးတက္ကစီတွေ အနေနဲ့ မှတ်ပုံတင်ရမယ်။ မတင်ရင် ပြေးဆွဲခွင့်ရပ်ဆိုင်းမယ်လို့ သတင်းထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်လို့ ဒါဟာကွီးဖြိုးလက် ချက်ပဲဆိုပြီး တက္ကစီဆရာအများစုက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ဆုတောင်းမေတ္တာ တန်းစီပို့သနေကြတာ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလအတွင်း အပြီးသတ် မှတ်ပုံတင်ကြရမှာ ဖြစ်ကာ အဲဒီကာလလွန်မြောက်ရင်တော့ အရေးယူမှုတွေ စတင်လုပ်ဆောင်မှာပါ။ ဒီနေရာမှာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ရဲ့ လုပ်ဆောင်ချက်က ဘယ်လောက်အထိ မှန်ကန်မှုရှိသလဲ၊ ဘယ်လောက်အထိ အောင်မြင်မှုရနိုင်သလဲ၊ မှားလား၊ မှန်လားဆိုတာကို ဦးမျိုးကြီးအနေနဲ့ သုံးသပ်ဖို့ ဉာဏ်မမီပါဘူး။ ဘာကြောင့်လဲဆိုတော့ ဦးမျိုးကြီးဟာ အဲဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက် မဟုတ်လို့ပါ။ အဲသို့သော်လည်းပဲ ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်း အရှိန်ပြင်းပြင်းနဲ့ ရိုက်ခဲ့တဲ့ ရိုက်ချက်တွေ ဘယ်လို အနေအထားမှာ ရှိနေသလဲဆိုတာကို ပြန်ကြည့်မယ်ဆိုရင်တော့ သူကိုယ်တိုင် ပြောခဲ့သလိုပဲ အားလုံးမြင်လောက်တဲ့ အနေအထားတစ်ခုမှာ ရှိနေခဲ့ပြီဖြစ်ပါတယ်။ သင်္ကြန်မဏ္ဍပ်ကိစ္စပြီးသွားပါပြီ။ ကွီးဖြိုး ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖြစ် ရှိနေသမျှ ကာလပတ်လုံး စီးပွားရေးဆန်တဲ့ သင်္ကြန်မဏ္ဍပ်တွေကို ရန်ကုန်မြို့ပေါ်က လူစည်ကားရာ လမ်းမကြီးတွေပေါ်မှာ ပြန်မြင်ရဖို့ မရှိသလောက် ဖြစ်သွားခဲ့ပါပြီ။ လမ်းဘေးဈေး သည်ကိစ်္စကိုကြည့်မယ်ဆိုရင် လည်း အခုဆို ရွှေဘုံသာလမ်းက အဟောင်း ဈေးလေးကိုတောင် ထပ်ရွှေ့လိုက်ပြီဖြစ်ပါတယ်။ မထသဘက်ကို ကြည့်မယ်ဆိုရင် တော့ နှစ်ရာတန်လေးတွေ ကိုယ်စီကိုင်ပြီး ကားအသစ်ကြီးတွေပေါ်ကို တိုးတက်နေတဲ့ ခရီးသည်အများစုကို မြင်ရမှာဖြစ်သလို အလုပ်ပြုတ်သွားလို့ဆိုပြီး ဆန္ဒပြခဲ့တဲ့ ယာဉ်နောက်လိုက်ဆိုသူ တွေကိုလည်း မမြင်ရတော့ပါဘူး။ ဂျာနယ်တစ်စောင်က တာဝန်ရှိ သူတချို့ကို တရားစွဲခဲ့တဲ့ကိစ္စ ဘယ်လို အနေအထားမှာ ရှိနေ လဲဆိုတာ မသိရသေးပေမယ့် ပြီး ပြတ်သွား ဟန်တော့မရှိသေးပါ ဘူး။ နောက်ဘယ်သူမှ မထိရဲ မတို့ရဲတဲ့ မဘသကိစ္စ၊ ဒါလည်း ဒီနောက်ပိုင်းမှာ အသံလေးတွေ တော်တော်ကျဲလာတာ သတိပြုမိပါတယ်။ ဆိုတော့ကာ ကွီးဖြိုးရိုက်ခဲ့တဲ့ ရိုက်ချက်တွေအားလုံးဟာ ရာနှုန်းပြည့် အောင်မြင်တာ လားဆိုရင်တော့ မအောင်မြင်ဘူးလို့ပဲ ဦးမျိုးကြီး ဆိုချင်ပါတယ်။ အဲဒါပေမဲ့ မအောင်မြင်လို့ ကွီးဖြိုး ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်သွားရလောက်တဲ့အထိ ဖြစ်ခဲ့သလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ဒါဆိုရင် အောင်တော့ အောင်မြင်တယ်၊ ရာနှုန်းပြည့်တော့ မဟုတ်ဘူးလို့ ဦးမျိုးကြီးက ကောက်ချက်ဆွဲရင် တော်တော်များများ လက်သင့်ခံကြမယ်ထင်ပါတယ်။ ပထမတစ်ကြိမ် ကွီးဖြိုးရဲ့ အရှိန်ပြင်းတဲ့ ရိုက်ချက်များရေးတုန်းကလည်း ဦးမျိုးကြီးပြောခဲ့ပါတယ်။ ဦးဖြိုးမင်းသိန်း လုပ်နေကိုင်နေတာတွေကို သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ပရမ်းပတာ အစီအမံနဲ့ လုပ်ချင်ရာတွေ စိတ်ကူးထဲ တည့်ရာတွေ လုပ်နေတယ်လို့ ထင်စရာရှိပေမယ့် အမှန်ကတော့ အဲဒီလိုမဟုတ်ဘူး။ သူဟာ ကိစ္စတစ်ခုကို ဆုံးဖြတ်တော့မယ်ဆိုရင် အနည်းဆုံးခြောက်လလောက် အချိန်ယူလေ့လာတယ်။ အများပြည်သူတွေဆီကို ပစ်တယ်။ တန်ပြန်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေအတွက် အစီအမံတွေကို အရံသင့်ထားတယ်။ ပြီးမှ လုပ်လေ့ရှိတယ်လို့ တင်ပြခဲ့ဖူးပါတယ်။ အခုလည်း ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေနဲ့ အာရုံများနေချိန်မှာ စီးတီးတက္ကစီဆိုတာကြီးက ထပ်ရောက်လာခဲ့တာဖြစ်ပါတယ်။ တိုက်ဆိုင်မှုရှိတာလား ဒါမှမဟုတ် ဘယ်လိုအကြောင်းကြောင့်လဲ ဆိုတာတော့ အထက်မှာတင်ပြခဲ့သလိုပဲ ဦးမျိုးကြီး ဉာဏ်မမီပါဘူး။ သို့သော်လည်းပဲ တက္ကစီဆရာတွေ ဘက်မှာတော့ တော်တော်လေး လှုပ်လှုပ်ရွရွ ဖြစ်နေကြတာ သေချာပါတယ်။ တချို့လည်း လက်မှတ်တွေ ဘာတွေတောင် စုစည်းဖို့ လုပ်နေတယ်ဆိုတဲ့ ကောလဟလလိုလို သတင်းမှန်လိုလိုတွေလည်း ကြားနေရတာ ရှိပါတယ်။ ဘယ်လိုပဲ ကြားနေရသည်ဖြစ်စေ ဒီဆောင်းပါးကိုရေးနေတဲ့ နိုဝင်ဘာ ၂၄ ရက်အထိတော့ မှတ်ပုံတင်ရမယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ပြင်ဆင်တာ မျိုးမတွေ့ရသေးပါဘူး။ ဦးမျိုးကြီး ကြားဖူးနားဝတစ်ခုရှိပါတယ်။ တခြားမဟုတ်ပါဘူး။ အာဏာဆိုတာ ခြောက်လလောက် ကြာသွားရင် ခိုင်ခံ့သွားတတ်တယ်တဲ့။ ခိုင်ခံ့သွားပြီဆိုရင်လည်း ပြန်ပြုတ် ကျအောင်လုပ်ဖို့ လွယ်လွယ်နဲ့ ဖြစ်မလာတော့ဘူးတဲ့။ အဲဒီမိုက ရေစီနိုင်ငံဆိုရင်တော့ ရွေးကောက်ပွဲကတစ်ဆင့် ပြန်ဖြုတ်ချဖို့ လုပ်ကြပေါ့။ ဒါတောင် အာ ဏာရပါတီကို ကျော်ဖြတ်အနိုင် ယူဖို့ဆိုတာ တော်တော်လေး ခက်ခဲမှာ သေချာပါတယ်။ အခု  ပဲကြည့်လေ အမေရိကန် သမ္မတကြီး လူထုထောက်ခံမှုမရပေမယ့် သူ့ဟာနဲ့သူတော့ သွားနေတာပဲ မဟုတ်လား။ ဆိုတော့ကာ လက်ရှိ အာဏာရထားတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပါ။ သူတို့ပါတီ အာဏာရနေချိန်မှာတော့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့ရဲ့ အစီအမံတွေအောက်မှာ နေကြထိုင်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်လို့ အစိုးရတစ်ရပ်အနေနဲ့ အကောင်းအဆိုးကို ကိုယ်ကိုယ်တိုင်က ဆုံးဖြတ်ချက်ချ ပိုင်ခွင့်ရမှာမဟုတ်ဘဲ ပြည်သူကသာ သူတို့ကောင်းလား၊ ဆိုးလားဆိုတာကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ မကျေနပ်တော့လည်း နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဖြုတ်ချကြပေါ့။ အဲဒီလိုမှ မဟုတ်ရင်လည်း ကွီးဖြိုးနုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုတာတွေဘာတွေ လုပ်ကြပေါ့။ အဲ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ ကွီးဖြိုးရဲ့ ရိုက်ချက်အသစ်တွေက ဆက်ရန် ရှိနေနိုင်သေးတယ် ဆိုတာပါပဲ။ ဘယ်အချိန်မှာ ဘယ်လိုတွေ ထရိုက်ဦးမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့။ ကွီးဖြိုး ကျန်းမာနေကောင်းအောင်မြင်ပါစေပေါ့ဗျာ။

ဦးမျိုးကြီး

 

Category: 

Share