ဆရာမနဲ့ကျောင်းသား အသက်ဆုံးရှုံးခဲ့ရသည့် အမှုနှင့် တုန့်ဆိုင်းနေဆဲ တရားစီရင်ရေး - အောင်သက်ရှည်

ပြည်နည်းပညာ တက္ကသိုလ်မှာ မေတင်ထွဋ်လို့ခေါ်တဲ့ ဆရာမလေးတစ်ယောက် ရှိခဲ့ပါတယ်။ အသက်အရွယ်အားဖြင့် သက်လတ်ပိုင်း၊ လုပ်နိုင်ကိုင်နိုင်၊ တက်ကြွလန်းဆန်းဆဲ၊ ဒီနေရာတစ်နေရာ ရလာဖို့ အတော်ရုန်းကန်ခဲ့ရတာ၊ မိဘရဲ့ ဓနစီးပွားကြောင့် မဟုတ်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ကြားမှု ဆိုင်ရာမှာ ဒသမတန်းအမှတ် အနည်းငယ် လိုနေတာကြောင့် ကိုယ်ဖြစ်ချင်သော၊ စိတ်ပါဝင်စားသော အင်ဂျင်နီယာ ဖြစ်ခွင့်နှင့်လွဲရတာ အတော်စိတ်ထဲမှာ မကျေမချမ်းနဲ့ နေလို့မရ၊ ဒါနဲ့ အင်္ဂလိပ်စာ အဓိကယူပြီး အင်ကြင်းဆောင်မှာ နေကာ ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာ သိပ္ပံမှာပညာရေးခရီးဆက်ခဲ့တယ်။

အင်ဂျင်နီယာဖြစ်ချင်စိတ်က နည်းနည်းမှလျှော့လို့မရ၊ ဖြစ်နေခံစားနေရတော့ ဒုတိယနှစ် အင်္ဂလိပ် စာတန်းအရောက် ရန်ကုန်အင်းစိန်စက်မှုလက်မှု သိပ္ပံဝင်ခွင့်သွားဖြေ၊ အောင်တဲ့အခါ အင်းစိန် GTI မှာ မြို့ပြဘာသာရပ်ယူပြီး သင်ကြားနာယူလိုက်ရမှပဲ ဘ၀င်ကျတော့တယ်။ စက်မှုလက်မှု သိပ္ပံအောင်တော့ ခေတ်စနစ်တစ်ခုအရ ပေါင်းကူးဆိုတာ မရှိတော့ B.Tech တက် B.E မြို့ပြတက်နဲ့ အချိန်တွေအများကြီး ပေးဆပ်ပြီးမှ ရလာတဲ့မြို့ပြအင်ဂျင်နီယာဘွဲ့၊ အဲဒီကာလ နည်းပညာတက္ကသိုလ်၊ နည်းပညာကျောင်းတွေ တော်တော်များများ ဖွင့်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတော့ သင်ကြားရေးဘက်ဝင်ပြီး မြို့ပြအင်ဂျင်နီယာတွေ ဖြစ်လာမယ့် ကျောင်းသူ/ကျောင်းသားတွေ ထုဆစ်တဲ့အလုပ်ကို တောက်လျှောက်လုပ်လာလိုက်တာ ပြည်နည်းပညာ တက္ကသိုလ်မှာ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်တဲ့အထိပေါ့။ ဇွဲနဲ့စာပေအရာ လိုချင်စိတ်ရှိတဲ့ နေရာမှာတော့ ခေသူမဟုတ်၊ အကြီးတန်းလိုင်စင် အင်ဂျင်နီယာအောင်ခဲ့သလို၊ ပြင်ပ အင်ဂျင်နီယာစစ်ဆေးရေး အလုပ်တွေကို ကြိုးကြားလက်ခံ ဆောင်ရွက်ပေးခဲ့သေးတယ်။ ဒီလို အဆင်ပြေ သာယာနေတဲ့အခိုက် ၁.၂.၂၀၁၇ ညနေ ကျောင်းအဆင်း ပုံမှန်ကျောင်းကားစီးနေကျ၊ ဒီနေ့ တက္ကသိုလ်မှာ ဘာသာရပ်အလိုက် ဘောလုံးပွဲရှိလို့ ကျောင်းကား ပြည်မြို့ထဲကိုအသွား၊ ကားပေါ်မှာ ထိုင်စောင့်နေတုန်း မိမိသင် ကြားပေးနေသော စတုတ္ထနှစ် မြို့ပြအင်/ယာ ဘာသာရပ်သင်ယူနေတဲ့ ကျောင်းသားမှ ဆရာမကို လမ်းကြုံခေါ်တဲ့အတွက် ၄င်း၏ ဆိုင်ကယ်နှင့် ပြည်မြို့ထဲကို အကြုံလိုက်ခဲ့တယ်။ ကျောင်းဂိတ်မှထွက်၊ မီတာ ၁၀၀၀ မပြည့်ခင် သုံးတန် ISUZU အီဆူဇူး ကုန်ကားမှ ၀င်ရောက်တိုက်ခြင်းကို ကံဆိုးစွာနဲ့ ခံစားလိုက်ရပါတယ်။ နည်းပညာတက္ကသိုလ် (ပြည်)ရဲ့ တည်နေရာက ပြည်မြို့အထွက်၊ ပြည်-ပေါက်ခေါင်းသွားကားလမ်း ပေါ်မှာတည်ရှိပြီး လမ်းခွဲမှ တော်တော်လေးတော့ မောင်းရပါတယ်။ ဆရာမနဲ့ ကျောင်းသား စီးနင်းလာသော ဆိုင်ကယ်ကိုနောက်မှတိုက်သော ကုန်တင်ကားဟာ ဆိုင်ကယ်ကို မတိုက်မိခင် ပေါက်ခေါင်း ပြည်လမ်းပေါ်မှာ အခြားကား နှစ်စီးကိုလည်းတိုက်ပြီး မောင်းပြေးတယ်လို့ သိရပါတယ်။ ယာဉ်မောင်းသူဟာ သောက်စားထားကြောင်း၊ မင်္ဂလာဆောင်မှပြန်လာတာလို့ သိရပါတယ်။ ကျောင်းသားကတော့ နေရာတင်ခေါင်းကို ကားဘီးနဲ့ကြိတ်လို့ ဦးခေါင်းခွံကွဲ၊ ဦးနှောက်ထွက်ဒဏ်ရာနဲ့ နေရာတင် အသက်ပျောက်ပြီး ဆရာမကတော့ ရှစ်ပေခန့်နက်သော ကားလမ်းဘေး ချောက်ထဲမှာ။ သတင်းကြားလျှင်ကြားချင်း ကူညီရန် ရောက်လာတဲ့ (ပြည်) နည်းပညာ တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူတွေရဲ့ ကူညီမှုနဲ့ ချောက်ထဲကျသွားတာကို တွေ့အောင်ရှာ၊ အပေါ်ပွေ့တင်၊ ပြည်ဆေးရုံကြီးပို့/ ပြည်ဆေးရုံမှ ရန်ကုန်ဆေးရုံလွှဲ၊ တိုက်တဲ့ကားကတော့ တာဝန်မဲ့စွာ မောင်းပြေးပါတယ်။ လမ်းမှာလည်း ဓာတ်တိုင်ခြံဝင်းကို တိုက်သွား၊ နောက်က မောင်းပြေးတဲ့ကားနောက်ကို လူအုပ်ကလိုက်နဲ့ ရွှေတံခါး ဈေးဘက်ချိုးအကွေ့ ကုန်စိမ်းတန်း ရောင်းကုန်တွေကိုပါ ထပ်တိုက်၊ နောက်ဆုံးဈေးထဲမှာကား သွားမရတော့မှ ရပ်၊ ဆင်ခြင်တုံ တရားမဲ့တဲ့ ယာဉ်မောင်းကတော့ အတော်ကံထူးသူပါ။ အဲလိုမောင်းပြေးလို့ လူအုပ်နဲ့ လိုက်သလို ပြည်မှ အောင်လံသို့အထွက် မှတ် (၃) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကလည်း လိုက်လံလာပါတယ်။ လူအုပ်နဲ့အတူ ရောက်လာတဲ့အတွက် ယာဉ်မောင်းကတော့ ပန်းနဲ့တောင် အပေါက်မခံလိုက်ရပါဘူး။ သူမူးပြီးမောင်းလို့ တာဝန်မဲ့လို့၊ ဆင်ခြင်တုံတရားကင်းလို့ အသက်ဆုံးရှုံးတဲ့သူရှိသလို နေ့စဉ် ဈေးရောင်းပြီးမှ စားရတဲ့ သူတွေမှာလည်း သူကြောင့် ကုန်ပစ္စည်းတွေ ဆုံးရှုံးလိုက်ရပါတယ်။ နည်းပညာမြို့ပြ ကျောင်းသားလေးက တစ်ဦးတည်းသောသား၊ ဖခင်ဖြစ်သူမှာ ၀က်ထီးကန် ရဲသင်တန်းကျောင်းမှ ရဲအရာရှိတစ်ဦးပါ။
မေတင်ထွဋ်အသက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာ အထူးကြပ်မတ်ဆောင်နဲ့ ဦးနှောက်အာရုံကြော ဆေးရုံမှာ အသက်ကယ်ဖို့ လုပ်ပါတယ်။ ဒဏ်ရာဘယ်လောက်ပြင်းသလဲ၊ ဘယ်ဘက်လက်ကောက်ဝတ် အဆက်သွင်သွင်ကျိုး၊ ရင်ညွန့်ရိုးတစ်ပြင်လုံး ကျွံဝင်အဆုတ်ကိုဖိထား၊ ဦးခေါင်းတွင် အလွန်ပြင်းထန်သော ဒဏ်ရာခုနစ်နေရာ ရရှိ၊ ဦးနှောက်အာရုံကြောဌာနမှာ ခေါင်းခွံဖွင့်၊ သွေးခဲများ ဖယ်ရှားပေး၊ ခေါင်းအတွက် လိုအပ်တဲ့ အသက်ကယ်စက်များ တပ်ပြီး ရန်ကုန်ဆေးရုံကြီးထိ ခိုက်ဒဏ်ရာ အထူးကြပ်မတ်ဆောင် (၁) ကို ပြန်လွှဲပို့ပါတယ်။ အဲဒီမှာ ဆယ်ရက်။ တတ်ကျွမ်းတဲ့ ပညာရှင်တွေ အသက်လုပေးပေမယ့်၂၀၁၇ခုနှစ် ဖေဖော်ဝါ ရီ၁၀ရက် ည ၈ နာရီမှာ ဆုံးပါးသွားရှာတယ်။ ဆေးရုံကြီး နှစ်ရုံရဲ့ ဆေးဘက်ဆိုင်ရာ ၀န်ဆောင်မှု ပညာရှင်တွေရဲ့ လူနာအပေါ်ထားတဲ့ စေတနာအံ့မခန်းပါပဲ။ ကမ္ဘာ့အဆင့် မီပါတယ်။ ကွယ်လွန်သွားတာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်။ ယနေ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ တတိယပတ်ထဲ ရောက်နေပါပြီ။ ယာဉ်မောင်းသူ တရားခံကတော့ ယနေ့ထိတရားရုံးဆုံး ဖြတ်ချက်ပြစ်ဒဏ် မရရှိသေးပါဘူး။ ပြည်အမှတ် (၃) ရဲစခန်း မှ (ပြည်)ထောင်မှာ အချုပ်ကျနေပါတယ်။ ခုချိန်ထိလူနှစ်ယောက် အသက်ဆုံးရှုံးပြီး တရားရင်ဆိုင်ဆဲ အနေအထားမှာ ရှိနေပါတယ်။ မနေ့က အိမ်ရှင်းလင်းရေး လုပ်ရင်း Eleven နေ့စဉ်မှ၂၀၁၇ အောက်တိုဘာ ၄ ရက် (ဗုဒ္ဓဟူး) ထုတ် Daily ထဲမှာပါတဲ့ သတင်းကို သွားတွေ့လိုက်မှ ညီမလေး ကံဆိုးစွာနဲ့ ကွယ်လွန်သွားတာ ရှစ်လရှိသွားပြီ။ တွေ့လိုက်ရတဲ့ သတင်းကတော့ ကမာရွတ်မြို့မ ရဲစခန်းမှူးအား ယာဉ်ဖြင့်တိုက်ခဲ့သည့် ယာဉ်မောင်းဖြစ်သူကို ဖြစ်စဉ်ဖြစ်ပွားအပြီး နှစ်လအကြာတွင် ထောင်ခုနစ် နှစ်ချမှတ်ခံရတဲ့။ ချမှတ်ခဲ့တဲ့  ပုဒ်မတွေက ၃၀၄ (က) အရ ထောင်ဒဏ်သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ ထောင်ဒဏ် တစ်နှစ်ကျခံစေရန် ပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ကြောင်း သိရပါတယ်။ ပြည်နည်းပညာ တက္ကသိုလ်ကဆရာမနဲ့ ကျောင်သားကို တိုက်တဲ့သူက ချုပ်ရက်များများ ခံစားရအောင် လုပ်နေတယ်လို့ အတွေးဝင်မိပါတယ်။

အကြောင်းတိုက်ဆိုင်သွားတာက မေတင်ထွဋ်က စာရေးသူ ညီမ တစ်ဝမ်းကွဲ၊ ငယ်စဉ်အခါက အတူနေကြလို့ နှစ်အများကြီး နေခဲ့ကြတော့ သံယောဇဉ်ကြီးပါတယ်။ ညီမမသေခင် လက်ဆောင်ပေးခဲ့တဲ့ ပုဆိုးလေးကို ဗီရိုဖွင့်တိုင်း ထုတ်ကြည့်ဖြစ်ခဲ့တယ်။ မ၀တ်ဖြစ်ဘူး။ အသစ်အတိုင်း ရှိနေစေချင်လို့ မနေနိုင်လို့ ထုတ်ဝတ်ပြီး မိမိဒေါ်လေးအရင်း မေတင်ထွဋ် အဒေါ်အရင်းအိမ် ရောက်သွားတော့ အဒေါ်ကမေးပါတယ်။ အင်းပုဆိုးသိပ်လှပါလား။ ကျွန်တော်လည်း စိတ်မကောင်းစွာနဲ့ပဲ ဒါကျွန်တော့် ညီမလက်ဆောင်ပေးတာလို့ ၀မ်းနည်းသတိရစွာနဲ့ ဖြေလိုက်ပါတယ်။

ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အာဃာတမရှိပါဘူး။ ရန်ကုန်မှာ လူတိုက်ပြီး နှစ်လနဲ့ ပြစ်ဒဏ်ကို စီရင်နိုင်ရင် ပြည်နည်းပညာ ဆရာမနဲ့ ကျောင်းသား အသက်ဆုံးရှုံးရတဲ့အမှုကျတော့ ဘာကြောင့် ဒီလောက်ကြန့်ကြာ နေရတာလဲ အတွေးဝင်မိပါတယ်။

တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်တဲ့ ၀န်ထမ်းကောင်းနဲ့ ကျောင်းသားဟာ အသိကင်းပြီး ဆင်ခြင်တုံတရားကင်းတဲ့ ယာဉ်မောင်းကြောင့် သူတို့ အဖိုးတန် ဘ၀တွေကို စွန့်လွှတ်လိုက်ရပါတယ်။ မေတင်ထွဋ် ဖခင်ဟာလည်း နိုင်ငံ့ဝန်ထမ်း။ ၁၉၆၄ ခုနှစ် မန္တလေးဆေးကျောင်းဆင်းမှ ဆရာဝန်၊ ကျန်းမာရေးဝန်ကြီးဌာနမှာ ရာထူးကြီးတွေ ထမ်းဆောင်ခဲ့သူတစ်ဦးပါ။ ဖခင်မှာလည်း အဖိုးတန် သမီးတစ်ယောက် စောပြီးခွဲခွာသွားတာဟာ ဒီနေ့ထိ ယူကျုံးမရ ကြေကွဲဝမ်းနည်းလို့မဆုံးပါ။

အလားတူ ကြေကွဲဝမ်းနည်း နေသူတစ်ဦးက မေတင်ထွဋ်ရဲ့ ခင်ပွန်းသည်ပဲဖြစ်ပါတယ်။ သူ့ကို လူအများကတော့ ဆရာသန့် (သို့) ဦးသန့်အောင်စိုး၊ မုံရွာနည်းပညာ တက္ကသိုလ်စက်မှုဌာနတွင် စက်မှုဘာသာရပ်ကို သင်ကြားပြသခဲ့သူ စက်မှုအင်ဂျင်နီယာတစ်ဦးအဖြစ် ရပ်တည်ခဲ့သူပါ။ ယခုလက်ရှိ အချိန်မှာတော့ ပြင်ပအင်ဂျင်နီယာကုမ္ပဏီတည်ထောင်ပြီး တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ပူပူနွေးနွေးဖြစ်စဉ်၊ မမျှော်မှန်းထားတဲ့ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် သောကတွေနဲ့ လုပ်ငန်းတွေကို ဖြောင့်ဖြောင့်ဖြူးဖြူး မဆောင်ရွက်နိုင်တော့ပါ။ ဒီလောက်မြေပြင် အခြေအနေမှာ ထင်ရှားပြီး ယာဉ်မောင်း တရားခံလည်း ဖမ်းဆီးထိန်းသိမ်းထားနိုင်ပြီး မောင်းပြေးသောယာဉ်ကိုလည်း မိပြီး ယခုအချိန်တော့ ဖြစ်စဉ်ဖြစ်ပွားပြီး တစ်လကျော်မှာ အာမခံအဖြစ် ယာဉ်ကိုပေးပြီး ပြစ်ဒဏ်စီရင်ချက်ကိုတော့ ယနေ့ထိ မချမှတ်နိုင်သေးတာ ထိခိုက်နစ်နာရသူ ကာယကံရှင်ဘက်မှ သို့လောသို့လော တရားစီရင်ရေး အပေါ်မှာ တွေးတောမိပါတယ်။ တရားခံကို ဖမ်းမိနေလျက်နဲ့ ဘာကြောင့် ကြန့်ကြာနှောင့်နှေးနေတာလဲ ဆိုတာကို စဉ်းစားလျက်ပါ။ လူတိုင်း လူတိုင်းမျှတတဲ့ (ဗြဟ္မစိုရ်) တရား လက်ကိုင်ထားနိုင်ကြပါစေ၊ ကိုယ်ချင်းစာတရား ရှိကြပါစေကြောင်း  တင်ပြလိုက်ရပါတယ်။

အောင်သက်ရှည်

 

Category: 

Share