KNU နဲ့ ဆက်နွှယ်ခဲ့သော နှစ်နှစ် နှစ်လ နှစ်ရက် နှစ်နာရီ - အနီမှိုင်းကေတု

ကျွန်တော့်ညီရဲ့ သစ်ကွင်းက နွေရာသီဆို လမ်းဖောက်ပြီး တံတားဆောက်ပြီးတဲ့အတွက် သစ်ထုတ်တယ်။ သစ်ကတော့ ကွင်းပြောင်ရှင်းဖြစ်တဲ့အတွက် ကျွန်းဆိုရင် အစိုးရသွင်းပြီး ကျန်တဲ့ သစ်တွေကို အခွန် ၄၀ ရာခိုင်နှုန်း သွင်းပြီး ကျန်တာရောင်းချခွင့်ပြုတယ်။

ကျွန်တော်ကတော့ ညီဆီက လခစားပေါ့။ နွေရာသီသစ်ထုတ်တော့ နည်းနည်းအဆင့်မြင့်သွားပြီ။ သစ်ကွင်းကို လမ်းမလျှောက်ရတော့ဘူး။ သစ်ကားနဲ့သွားလို့ရပြီ။ လူတွေကလည်း များလာပြီ။ သစ်ကားသမားတွေ ကရိန်းနဲ့အလုပ်သမားတွေများလာပြီ။ လူရှုပ်လာတဲ့အတွက် ကျွန်တော်တို့ ဆင်ဆင်ခြင်ခြင် နေရတယ်။ တောကလူတွေ သိပ်မလာခိုင်းတော့ဘူး။ သွားစရာရှိရင်ကို ပွဆီသွားပြီး ပြောရသလို သူ့ကိုပဲ သစ်ကွင်းကိုလာခိုင်းတယ်လေ။ ၉၇ မှာသစ်ကွင်းလုပ်ရင် ၉၈မှာ သစ်ထုတ်ရတယ်။ နောက်နှစ်တွေလည်း သစ်ကိုဒီလိုပဲထုတ်သလို သစ်ထုတ်ချိန်မှာ ဒီလိုပဲဆင်ခြင်ရသလို မိုးတွင်းဆင်နဲ့ထုတ်ချိန်မှာတော့ ကျွန်တော်တို့တပ်ခွဲက လူတွေဝင်ထွက်သွားလာလို့ရတယ်။ တပ်မဟာ ၂ခွဲသုံးကတော့ တပ်မဟာ၂တပ်မှူးက ဗိုလ်မှူးချုပ် အားဆီပါ၊ KNU ဥက္ကဋ္ဌဗိုလ်ချုပ် တာမလာပေါ ကွယ်လွန်ရဲ့ သားပါ။ ဒီလိုနဲ့ ၉၉ခုနှစ်ထဲကို ရောက်လာတယ်။ ဦးကိုကြီးက အရေးကြီးတယ် အမြန်လာပါဆိုလို့ကို ပွလာခေါ်တဲ့အတွက် ကျွန်တော် ညောင်သုံးထောက်စခန်းကို လာခဲ့တယ်။ အဲဒီမှာ ဦးကိုကြီးကလေ့ကျင့်ရေး (၅)တပ်မှူး ဒုဗိုလ်မှူးကြီးတင်မြဆီကို ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ စာပို့ခိုင်းတယ်။ ကျွန်တော်နဲ့တစ်ပါတည်း ယူဆောင်ဖို့ နင်းမိုင်း နှစ်လုံး ထည့်ပေးလိုက်တယ်။ အခြေအနေမကောင်းရင် အင်္ကျီဝေ့စ်ကုတ်ထဲမှာထည့်ပြီး နင်းမိုင်းကS ကနေ Aလှည့်ပြီး ကက်တပ်လိုက်ရင်သူ့ကိုလေးဆယ်သား အလေးချိန်ထိဖိထားတာခံပြီး အဲဒီထက်ပိုဖိလိုက်ရင် မိုင်းကကွဲပြီး လူသုံးလေးယောက်တော့ ထိခိုက်မှာဖြစ်ကြောင်းနှင့် မိမိကိုယ်ကို ဆူဆိုက်လုပ်ရန် မှာလိုက်တယ်။ သူတို့လက်ထဲမှာမသေရုံတမည်အညှဉ်းပန်းမခံဖို့နဲ့ အခြေအနေ မကောင်းရင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ကို သေချာမှာပြီး မိုင်းလုပ်ပုံကိုင်ပုံနဲ့ အေးအေးဆေးဆေး စကားပြောဖို့မှာကြားလိုက်ပြီး သူတို့ရဲ့အခြေအနေကို အကဲခတ်ဖို့မှာကြားလိုက်တယ်။ ကျွန်တော်နဲ့ နိုင်ငံရေးအကြောင်းတွေပြော ရေနွေးကြမ်းသောက်ပြီး အဲ့ဒီညက ကျွန်တော့်စခန်းမှာပဲ အေးအေးဆေးဆေး အိပ်လိုက်တယ်။ နောက်မနက်မိုးမလင်းတလင်း ကျွဲကြသွားပြီး ကိုပွဆီမှာ ခဏနားပြီး ရေနီကို ဆက်ထွက်ခဲ့တယ်။ ညနေ၄နာရီလောက်မှာ ရေနီမြို့ကိုရောက်တယ်။ ရေနီရောက်ရင် အရင်ဆုံးဝမ်းသာဆုံး လူကတော့ ကျွန်တော့်သားပေါ့။ ဖေဖေကြီးဆိုပြီး ပြေးဖက်တာပဲ။ သားကိုဆော့ဖို့ အီးတီရုပ်လေး မှတ်မှတ်ရရ ၀ယ်ပေးလိုက်တယ်။ အီးတီရုပ်လေးနဲ့ကျွန်တော့်သားက တူတူပုန်းတမ်းကစားတယ် ပျော်နေတယ်။ လက်တစ်ဖက်က ကျွန်တော့်ကိုဆွဲ ၊ တစ်ဖက်ကတော့ သူ့အီးတီရုပ်လေးဖက်ပြီးဘေးမှာ နေလိုက်တယ်။ ညောင်းရင်ချီခိုင်းတယ်။ မနက်မိုးလင်းတော့ ကျွန်တော်တို့ ခေါင်းဆောင်ဦးကိုကြီးမှာ လိုက်တဲ့အတိုင်း ဝေ့စ်ကုတ်အင်္ကျီအိတ်ကပ် တစ်ဖက်တစ်ချက်မှာ နင်းမိုင်းလေးနှစ်လုံးကို အဆင်သင့်ဖိရင် ကွဲနိုင်မယ့်အတိုင်း ကတ်တပ်ပြီး ရေနီမြို့က လေ့ကျင့်ရေး (၅)တပ်ဘက်ကို လမ်းလျှောက်ခဲ့တယ်။ တပ်ထဲဝင်ပြီး တပ်မှူးနဲ့ တွေ့ခွင့်တောင်းတော့ ကျွန်တော့်ညီကို လူသိတဲ့လူများတဲ့အတွက် အလွယ်တကူပဲ တွေ့ခွင့်ပေးတယ်။ ကျွန်တော့်ညီကိုသန့်က ရေနီမြို့မှာတော့ မသိတဲ့လူမရှိဘူး။ လူသိများတယ်။ ဆက်ဆံရေးပြေပြစ်တာ၊ စကားပြောရင် ပြုံးပြုံးနဲ့ ပြောတတ်တာ၊ ကူညီတတ်တာအတွက် လူချစ်လူခင်များတယ်။ လူကြီးလူငယ် အာဏာပိုင်အဖွဲ့ အစည်းကလူတွေ အကုန်ခင်ကြတယ်။ သိကြတယ်။ ကျွန်တော့်ညီက စီးပွားရေးသမား ဆိုတော့ နိုင်ငံရေးကိုတော့ စိတ်မ၀င်စားပါဘူး။ အဲဒီအချိန်ကတော့ နိုင်ငံရေး အကြောင်းပြောတဲ့လူ၊ နိုင်ငံရေး စိတ်ဝင်စားတဲ့လူ တော်တော်လေးကို နည်းတယ်။ ကျွန်တော်တို့လို နိုင်ငံရေးသမား ဆိုပေါင်းမယ့် လူခေါ်မယ့်လူအရေးတယူ ဆက်ဆံမယ့်လူ မရှိသလောက်ရှားတယ်။ သူတို့ကျွန်တော်တို့နဲ့ ပြောရင် အမှုတွဲမှာပါမှာ ကြောက်လို့တဲ့ အပေါင်းအသင်းမလုပ်ကြဘူး။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောတဲ့လူ ဗိုလ်ချုပ်ပုံ အိမ်မှာချိတ် မယ့်လူမတွေ့ဖူးဘူး။ အခုကတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း အကုန်ပြောင်းလဲကုန်ပြီ။ သူ့ထက်ငါ လူစွမ်းကောင်းတွေ ရဲရဲတောက်တွေပေါ်လာပြီလေ။ အဲဒီတာပါ။ ဒါနဲ့လေ့ကျင့်ရေး(၅)တပ်မှူး ဗိုလ်မှူးကြီးတင်မြနဲ့ တွေ့တော့ ကျွန်တော်ကိုသန့် အကိုပါဆိုတော့ ကိုသန့်က ကားရောင်းမလို့လား။ မဟုတ်ပါဘူး။ ဦးကိုကြီးက ငြိမ်းချမ်းရေးကမ်း လှမ်းတဲ့စာပို့ခိုင်းလိုက်လို့ပါဆိုတော့ သူက အားရ၀မ်းသာနဲ့ သူ့ဆီက ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေခေါ်ပြီးတွေ့လား ဒီမှာ ဦးကိုကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ စာပို့ခိုင်းလိုက်တယ် သူ့ကိုသိလားလို့မေးတယ်။ အဲဒါကိုသန့်အစ်ကို ငါတောထဲကို လွတ်ထားတာ မင်းတို့သိလားတဲ့ဆိုပြီး ကြွားတယ်။ ကျွန်တော်ကတော့ ထင်မှတ်မထားဘဲ အဆင်ပြေသွားတယ်။ နောက်ဗိုလ်မှူးတစ်ယောက်နဲ့ ကားငှားပြီး တောင်ပိုင်းတိုင်းစစ် ဌာနချုပ်မှတိုင်းမှူးနဲ့ တွေ့ရအောင်ဆိုပြီး လွှတ်လိုက်တယ်။ ကျွန်တော်နဲ့ပါလာတဲ့ ဗိုလ်မှူးကတော့ အေးအေးဆေးဆေးပဲ လမ်းမှာစကားတောင် ပြောမသွားဖြစ်ဘူး။ ကျွန်တော်တို့ ရေနီကလာရင် တိုင်းထဲကိုသွားဖို့ မြို့လှမြို့၊ သာဂရမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့တို့ကိုဖြတ်ပြီးတိုင်း လမ်းဆုံကိုရောက်တယ်။ အဲဒီကမှ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ထဲကိုဝင်တယ်။ ဂိတ်တစ်ခုဖြတ်ပြီး တိုင်းမှူးထိုင်တဲ့ ရုံးခန်းရောက်တယ်။ တိုင်းမှူးမအားတဲ့အတွက် တိုင်းထောက်လှမ်းရေးက ဗိုလ်မှူးနဲ့တွေ့တယ်။ သူတို့ကိုဦးကိုကြီးရဲ့ စာကိုပေးပြီး ကျွန်တော့်ကိုမေးတယ်။ ရှာတာတော့မလုပ်ပါဘူး။ ကျွန်တော် အင်္ကျီအိတ်ထဲမှာတော့ မိုင်းနှစ်လုံးကတော့ရှိတယ်။ ကျွန်တော်ကို မေးတယ် စခန်းကဘယ်နားမှာလဲတဲ့ ကျွန်တော်လည်း မမှတ်မိဘူး။ တောင်တွေ လေးငါးလုံးကျော် ရတာပဲဆိုတော့ လက်နက်တွေကော ဘာတွေရှိလည်းတဲ့ အေကေ ၄၇တို့ M ၁၆ တို့ပါလားတဲ့ ကျွန်တော်က သေနတ်အကြောင်းမသိဘူးဆိုတော့ သူတို့က ပြုံးပြီး အာပီဂျီကောပါလားတဲ့၊ ကျွန်တော် မသိဘူးဆိုတော့ ငှက်ပျောဖူးလိုဟာလေတဲ့ အဲဒါတော့တွေ့မိတယ်ဆိုတော့ သူတို့က ကျွန်တော့်ကို သေနတ်အကြောင်း ဘာမှနားမလည် မသိတဲ့လူပါကွာဆိုပြီး ပြောကြတယ်။ နောက်ဟိုမေးဒီမေးနဲ့မေးပြီး တောထဲကလူ တစ်ယောက်ကို ဟိုဘက်ကပိတ် ဒီဘက်ပိတ်ပြီးဖမ်းမယ့်အကြောင်းတွေ ကျောင်းသားတပ်မတော် အကြောင်းတွေပြောကြတယ်။ ပြီး တစ်နာရီလောက်နေတော့ တိုင်းမှူးက မအားလို့မတွေ့နိုင်ဘူးဆို တဲ့အကြောင်းနဲ့ ဦးကိုကြီးရဲ့စာကို ပေးလိုက်တဲ့အကြောင်း ပြောပြတယ်။ ပြီးတော့ လေ့ကျင့်ရေး(၅)က ဗိုလ်မှူးတစ်ယောက်နဲ့ ရေနီကိုပြန်လာခဲ့တယ်။ ကျွန်တော် ရေနီဈေးလမ်းဆုံမှာဆင်းပြီး အိမ်ပြန်ခဲ့တယ်။ ကျွန်တော်လည်း ဦးကိုကြီးခိုင်းတဲ့ကိစ္စကို အဆင်ပြေပြေလုပ်နိုင်ခဲ့တယ်။ အိမ်အပြန်လမ်းကို သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ ပြန်လာခဲ့တယ်။ လမ်းမှာသားစားဖို့အတွက် ချောကလက်ဝယ်ပြီး အိမ်အ၀င်ဝမှာ သားက ပြေးဖက်ပြီး ကျွန်တော် ၀ယ်လာတဲ့ ချောကလက်ကိုင်ပြီး မေမေကြီးရေ သားဖေဖေကြီးက သားကို အမြဲချစ်တယ်တဲ့၊ သားကလည်း ဖေဖေကြီးကို အရမ်းချစ်တယ်ဆိုပြီး ကျွန်တော့် ပါးနှစ်ဖက်ကို အားရပါးရနမ်း ရှုပ်နေပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်

အနီမှိုင်းကေတု

 

Category: 

Share