မြန်မာ့ရုပ်ရှင် နေမြင်ပြီလား၊ ၀င်ပြီလား အပိုင်း (၄) - ဇာဂနာ

အထက်မှာ တင်ပြခဲ့သလိုပါပဲ ရုပ်ရှင်တစ်ကား ရိုက်တော့မယ်ဆိုရင် ဘယ်သူမဆို ဇာတ်လမ်း အကျဉ်း (Synopsis)နဲ့ ဇာတ်လမ်းအခန်းစဉ်(Scence Serial) ဆိုတာကို တင်ပြရပါမယ်။ အဲဒီနှစ်ခုကိုဖတ်ပြီး ဇာတ်လမ်းစိစစ်ရေးအဖွဲ့က ခွင့်ပြုပြီဆိုရင်တော့ ရုပ်ရှင်ရိုက်ကူးလို့ရပါပြီ။

ဒါပေမဲ့ တော်တော်များများ ထုတ်လုပ်ရေးကုမ်္ပဏီတွေနဲ့ ရုပ်ရှင်ဒါရိုက်တာတွေဟာ ဒီအဆင့်ကို မနှစ်ခြိုက်လို့ပဲလား၊ သာမန်ကာလျှံကာ သဘောထားလို့ပဲလားမသိပါ။ ပေါ့ပေါ့တန်တန်ပဲ လုပ်တတ်ကြပါတယ်။ ဇာတ်လမ်းအကျဉ်းဆိုတာ ရုပ်ရှင်တစ်ကားလုံးကို ခြုံငုံဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ဖတ်ရတဲ့လူတွေက နားလည်မှာပေါ့။ ရှင်းမှာပေါ့။ ခုတော့ မဟုတ်ဘူး။ တချို့တွေများ နောက်နောင် မည်သို့ ဆက်ဖြစ်မည်ဆိုတာကို ဆက်လက်စောင့်မျှော်ကြပါဆိုတာမျိုး၊ ရေးလာတာအများကြီးပါ။ လေနဲ့ဝမ်း မကွဲတာပါ။ ဇာတ်လမ်းအကျဉ်း (Synopsis)နဲ့ ရုပ် ရှင်အညွှန်းနဲ့မှားနေရှာပါတယ်။

ဒီတော့ ဇာတ်ကားလည်း ရိုက်ပြီးရော၊ ဇာတ်လမ်းတင်တုန်းက ဒါတွေ မပါဘူး၊ ပါပါတယ် ဆိုတာလို ငြင်းရခုံရတဲ့ အဖြစ်တွေ တွေ့ရပါတော့တယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို လိုက်စစ်ကြည့်တဲ့အခါ ပေါက်ပင်ကြီး ကိုင်းနေတာ ဘာကြောင့်လို့ ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရပါလိမ့်မယ်။

ဈေးကွက်ပြဿနာ ထပ်ပြောပါ့မယ်။ အခရာ အကျဆုံးက ပြန်ဝင်လာမယ့် ငွေကြေးပမာဏပါ။ ကျွန်တော်တို့က ပရိသတ်ကို ချပြချင်တာ အနုပညာ ပါဆိုတာမျိုးတွေ လာမလုပ်ပါနဲ့။ အကုန်လုံး ပိုက်ဆံလိုချင်လို့ လုပ်နေကြတယ်ဆိုတာကို အမှန်အတိုင်း မြင်ကြပြောကြပါ။ ရုပ်ရှင်ထုတ်လုပ်သူတွေက ဇာတ်ကား တစ်ကားပေါက်ပြီဆိုတာနဲ့ သိန်းရှစ်ထောင် ကိုးထောင်ရတာကိုပဲ မြင်ပါတယ်။ ရုပ်ရှင်ချပြဖို့ နှစ်နှစ်ကျော်ကျော် စောင့်နေရတာကိုတော့ ဘယ်သူမှ မမြင်ပါဘူး။ ငွေတိုးနဲ့တွက်ရင် ကိုက်မကိုက် ဆိုတာတော့ ဘယ်သူမှ မပြောပါဘူး။

ဆိုပါတော့ နေတိုးခေါင်းဆောင်အဖြစ် ပါဝင်တဲ့ ရုပ်ရှင်ကို ထုတ်လုပ်ရေး တိုက်တစ်တိုက်က ငါးကားလောက် ပိုက်ရထားတယ် ဆိုရင် သူဘယ်လောက်ပြန်ဝင်မယ်ဆိုတာ သူကိုယ်တိုင် မသိရှာပါဘူး။ ထင်ကြေးနဲ့ အောလိုက်တာပါ။ ဒါပေမဲ့ မင်းသားမင်းသမီးတွေကတော့ တစ်ကားနှစ်ကားလောက် ပေါက်ပြီဆိုတာနဲ့ သရုပ်ဆောင်ကြေး သိန်းရာချီ ဈေးတက်ပါတော့တယ်။ ခုဆို ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့ ပေါက်ဈေးဟာ သိန်း ၃၅၀ ကနေ ငါးရာအထိ ရှိနေပါတယ်။ ဒါပေမဲ့ ဇာတ်ညွှန်းကို သိန်း ၃၀ ပေးဖို့တော့ ဘယ်သူမှ မစဉ်းစားကြပါဘူး။

စိတ်မကောင်းစရာအဖြစ် တစ်ခုရှိပါသေးတယ်။ ကျွန်တော်တို့ ရုပ်ရှင်လောကကို စရောက်လာတဲ့ ၁၉၈၀ ပတ်ဝန်းကျင်က ဒါရိုက်တာ မောင်တင်ဦးဟာ ရုပ်ရှင်တစ်ကားကို ရိုက်ကူးရင် သုံးလလောက် အချိန်ယူပါတယ်။ မင်းသားကြီး ၀င်းဦးကတော့ နှစ်ပေါက်အောင် ရိုက်ပါတယ်။ ၂၀၁၂ ခုနှစ်လောက်က မြန်မာ့ ရုပ်ရှင်တစ်ကားကို သရုပ်ဆောင် မင်းသားတစ်ယောက်ဟာ ရိုက်ကူးရင် (အနည်းဆုံး) ရက် ၂၀ ပေးရမယ်လို့ သတ်မှတ်ခဲ့ဖူးပါတယ်။ ခုတော့ တန်ခူးလေနဲ့ လျောသွားပါပြီ။ ရုပ်ရှင်တစ်ကားကို ခုနစ်ရက်ကနေ ဆယ်ရက်ပဲ ရိုက်ကူးရက်ပေးပါတော့တယ်။ မင်းသမီးတစ်ယောက်ဆိုရင် ရိုက်ရက် ၁၅ ရက်တောင်းလို့ ဇာတ်ကားမရိုက်တော့ပါဘူး ဆိုပြီး ဖျက်ပစ်လိုက်ပါတယ်တဲ့။

ဒီတော့ ပေးရတဲ့ပိုက်ဆံက နင့်နေတယ်။ ရိုက်ကူးရက်ကလည်း ၁၀ ရက်လောက်ပဲ ရတယ်။ ဘယ်လိုဇာတ်လမ်းတွေ ရိုက်ကြမလဲ။ ထုတ်လုပ်ကြမလဲ၊ လာနော် လာနော် တစ်ပုဒ် လေးရာ၊ တစ်ထောင်ဖိုး သုံးပုဒ်ဆိုတာလို လွယ်လွယ်ပေါ့ပေါ့ ဇာတ်တွေကိုပဲ ရိုက်ကြတော့တာပေါ့။ ဒီတော့လည်း မြန်မာပေါကားများ ဆိုပြီး အပြောခံရတော့တာပါပဲ။

ခက်ခက်ခဲခဲ ဇာတ်ကိုရိုက်ချင်ရင် ရိုက်ရက်များများလိုမယ်။ မင်းသားမင်းသမီးတွေက မပေးနိုင်ဘူး။ ရိုက်ရက်နည်းနည်းပဲလိုတဲ့ ဇာတ်လမ်းမျိုးတွေကိုပဲ ငွေပေါ်အောင် ထုတ်ကြရပါတော့တယ်။ တစ်နှစ်မှာ ၅၂ ပတ် ရှိပါတယ်။ တစ်ပတ်မှာ ရုပ်ရှင်တစ်ကားနှုန်း ပုံမှန်ပြရင် တစ်နှစ်မှာ ၅၂ ကားပဲ ပြနိုင်ပါတော့တယ်။ ခုဆို ရုံတင်ရက်မရသေးတဲ့ မြန်မာ့ ရုပ်ရှင်ဇာတ်ကား ၂၂၀ ကျော်ရှိပါတယ်။ ခုလို စနစ်မျိုးနဲ့ သွားနေလို့ကတော့ ဒီနေ့ ရိုက်တဲ့ကား နောက်လေးနှစ်နေမှ ရုံတင်ပြရပါလိမ့်မယ်။

ရုပ်ရှင်လုပ်ငန်းတွေကို သိပ်စီးပွားဖြစ်လွန်းလို့တော့ မထင်ပါနဲ့။ ရုပ်ရှင်ထုတ်တဲ့ အလုပ်ကလွဲလို့ တခြား ဘာအလုပ်မှ မလုပ်တတ်လို့ပါ။ ဒါကိုပဲ တချို့က မြန်မာရုပ်ရှင်တွေကို တိုက်ခိုက်နေ ကြတာတွေ့ရပါတယ်။ ကိုယ်တိုင် ရုပ်ရှင်နဲ့မကင်းသူတွေကတောင် မြန်မာ့ရုပ်ရှင်ကို မညှာမတာ ဝေဖန်ကြတော့ စိတ်မကောင်းပါဘူး။

နိုင်ငံရေးနဲ့ လှည့်စားလိုက်ရင်လည်း စိတ်မသက်မသာ ဖြစ်စရာပါ။ ဖက်ဒရယ် ခဏထားပါ။ ချင်းပြည်နယ်မှာ ရုပ်ရှင် ဘယ်နှရုံရှိပါလဲ။ ကယားပြည်နယ်မှာရော၊ ကချင်ပြည်နယ်မှာရော၊ ရခိုင်ပြည်နယ်မှာရော၊ တစ်နိုင်ငံလုံးမှာ ပိတ်ကားတစ်ရာ မပြည့်ပါဘူး။ ရန်ကုန်၊ မန္တလေးမှာ နှစ်ပတ်လောက်ပြပြီးရင် နိဋ္ဌိတံသွားရတဲ့ ရုပ်ရှင်လောကပါ။ ဒါကိုပဲ ခဏခဏလာတိုက်ခိုက်နေကြလေတော့ မေးပါရစေ။ ဘယ်ရုပ်ရှင်လောကသား တစ်ယောက်က ခင်ဗျားတို့အိမ်ကို သိမ်းနေသလဲ။ ကျူးကျော်ဖြစ်အောင် လုပ်နေသလဲ။ ခင်ဗျားတို့ စီးပွားပျက်အောင်လုပ်နေသလဲ။ မကူညီချင်နေပါ။ မထောက်ခံချင်နေပါ။ ပြစ်တင်တာနဲ့ ဝေဖန်တာမတူပါဘူး။

ရန်ကုန်မြို့လယ်ကောင်က ပပ၀င်း၊ ဂုဏ်၊ ရဲရင့်၊ တော်ဝင်၊ ယုဇန၊ ဘုရင့်၊ ရွှေဂုန်၊ မြို့မ စတဲ့ရုံတွေ တစ်လုံးပြီးတစ်လုံး ရောင်းစားပစ်လိုက်ကြလို့ ပြစရာ ရုပ်ရှင်ရုံမရှိတော့ပါဘူး။ ဒါတွေကို အစိုးရပိုင်တာ မဟုတ်ပါဘူး။ ရုပ်ရှင်သမားတွေ ပိုင်ခဲ့တာပါ။ ပြည်သူပိုင်အတင်းသိမ်းပြီး ရောင်းစားပစ်လိုက်တာပါ။ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်သူ့ကိုမှ မပြစ်မပြောဘဲ ရုပ်ရှင်အလုပ်ကို ကျားကန် ရုန်းကန်နေရတာပါ။ ဒီတော့ စောစောကပြောသလို ပေါတဲ့ကားတွေလည်း ရိုက်မိပါတယ်။ ကောင်းတဲ့ သပ်ရပ်တဲ့ ကားတွေလည်း ရိုက်ပါတယ်။ ပေါတဲ့ကားတွေ များနေတယ်ဆိုတာကိုလည်း မငြင်းပါဘူး။ ၀န်ခံပြီးသားပါ။ စီးပွားရေးလုပ်ရတာ ဘယ်အလုပ်က ကောင်းနေလို့လဲ။ ခုလက်ရှိ မြန်မာပြည်မှာ အိမ်ခြံမြေဘာဖြစ်နေလဲ။ ဘဏ်လုပ်ငန်းကရော၊ ကားအရောင်းအ၀ယ်ရော၊ ဘယ်ဟာတွေ အဆင်ပြေနေလို့လဲ၊ ကောင်းနေလို့လဲ၊ လူတွေ ပိုက်ဆံမသုံးနိုင်ရင် ရုပ်ရှင်လည်း လာမကြည့်ကြပါဘူး။ ဒါကြောင့် ရတဲ့နေရာရတဲ့ ကားလေးပြပြီး စီးပွားရေးအတွက် ရပ်တည်နေကြရတာပါ။ ဘယ်သူ့ ပစ္စည်းကိုမှ ခိုးနေတာ မဟုတ်ပါဘူး။ မကြိုက်ရင် လာမကြည့်ကြနဲ့ပေါ့။ ရှင်းနေတာပါပဲ။

အထက်စကားကို ဆက်ရရင် ဒါရိုက်တာတွေက ဇာတ်လမ်းအကျဉ်းကို ပြည့်ပြည့်စုံစုံ မတင်ပြနိုင်တာ အကြောင်းအ ချက်တစ်ခုရှိပါတယ်။ မင်းသား မင်းသမီး ရိုက်ကူးရက်မရဘူးဆိုတာနဲ့ ဇာတ်ပြောင်းရေးရပါ တော့တယ်။ ကိုယ်အရင် စဉ်းစားထားတာက ပုဂံမှာ ရိုက်ချင်တယ်။ ပုဂံက တစ်ရက် ငါးသိန်းတောင်းတယ်။ ဘုရားတစ်ဆူ တစ်သိန်းတောင်းတယ်။ မရိုက်နိုင်ဘူး။မပါလို့ကလည်း မဖြစ်ဘူး။ ဒီတော့ ပုဂံမှာ တစ်ရက်ရိုက်၊ ကျန်တာ ကျောက်ပန်းတောင်း တစ်ဝိုက်လှည့် ရိုက်ဆိုတာမျိုး အမြဲလို ကြုံကြရတော့ ဇာတ်လမ်းအကျဉ်းကို တိတိကျကျ မရေးနိုင်ကြရတာပါ။

ဒီဟာ ရုပ်ရှင်သမားတွေဘက်က လိုက်ပြောနေတာပါလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒါရိုက်တာ မီးပွား၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ၀ိုင်း၊ စတီးလ်တို့ရဲ့ ဇာတ်တွေဆိုရင် စာရွက်ပေါ်မှာ ရုပ်ရှင်ရိုက်သလို ပြည့်ပြည့်စုံစုံ တင်ပြလာတာ တွေ့ရပြန်လေတော့ စောစောက အချက်တွေ မှားသွားပြန်သလို ဖြစ်ရပါတော့တယ်။

တကယ်တော့ ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်ကို ပြည့်ပြည့်စုံစုံ ရေးတင်ပြန်တော့လည်း ဇာတ်ကား ရိုက်ပြီးတဲ့အခါ ဖြတ်ချင်ဖြတ်ကြပြန်လေတော့ မုန့်လုံးက စက္ကူကိုကပ်တာလား၊ စက္ကူကပဲ သွားကပ်တာလား ဖြစ်နေတော့တာပေါ့။
ဆက်ပါလက်ဖော်ပြပါမည်။

ဇာဂနာ

 

Category: 

Share