မြန်မာနိုင်ငံအပေါ် စေတနာကောင်းမရှိသော နိုင်ငံတကာ သတင်းဌာနများ ဘယ်လဲ၊ ဘာလဲ - ဇော်သက်ထွေး

မြန်မာနိုင်ငံမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က ကြံ့ကြံ့ခံနိုင်တဲ့ NLD အစိုးရကို အလွန်အမင်းချီးကျူးခဲ့တဲ့ နိုင်ငံတကာ သတင်းအေဂျင်စီတွေဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီ အရေးအခင်းလည်းဖြစ်ရော ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ အစိုးရကိုရော၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကိုရော အကြီးအကျယ် ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

အဓိက သူတို့ စွပ်စွဲဝေဖန် တိုက်ခိုက်ခဲ့တဲ့ အချက်နှစ်ချက်ကတော့ မြန်မာနိုင်ငံဟာ လူနည်းစု ဘင်္ဂါလီတွေကို လူမျိုးသုဉ်း သတ်ဖြတ် သုတ်သင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေကို အပြစ်မ တင်ဘဲ နှုတ်ဆိတ်ခဲ့တဲ့အတွက် ကြံရာပါတစ်ဦးဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုအပြစ်တင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်သတင်းတွေကို ဖော်ပြရာမှာ နိုင်ငံတကာ သတင်းအေဂျင်စီတွေဟာ သိသိသာသာဘက်လိုက်ခဲ့ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်ရဲ့ ပကတိ မြေပြင်သတင်း အချက်အလက်တွေကို ဥပေက္ခာပြုပြီး မြန်မာနိုင်ငံရဲ့ Image ကို သက်သက် ပုံဖျက်စေဖို့အတွက် ရည်ရွယ်ခဲ့တဲ့ ခြေရာလက်ရာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက သတင်းထုတ်ပြန်မှုနှေးကွေးတုံ့ ဆိုင်းနေမှုအပေါ် အခွင့်အရေးယူပြီး နိုင်ငံတကာ သတင်းအေဂျင်စီတွေက စိတ်ကြိုက်ပုံသွင်းပြီး ခြယ်လှယ်ခဲ့ပါတယ်။ သူတို့တွေရဲ့ တစ်ဖက်သတ် ရေးသားဖော်ပြချက်တွေ၊ ဓာတ်ပုံတွေကြောင့် ကမ္ဘာကြီးက မြန်မာနိုင်ငံဟာ ဘင်္ဂါလီလူမျိုးတွေကို အနိုင်ကျင့် သတ်ဖြတ်နေတယ်လို့ ထင်မြင်စေခဲ့ပါတယ်။

တကယ့်ပြဿနာကို မီးစမွှေးခဲ့တဲ့ ဖြစ်ရပ်ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က ကင်းစခန်း ၃၀ ကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း အတိုက်ခံခဲ့ရတာဖြစ်ပြီး လုံခြုံရေး ဆောင်ရွက်တဲ့အခါမှာ အကြောက်လွန်နေတဲ့ ဘင်္ဂါလီတွေက တစ်ဖက်နိုင်ငံကို အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာက အတင်းအကျပ် မောင်းထုတ်နေတဲ့သဘော ပေါ်လွင်စေဖို့အတွက် ဘူးသီးတောင် မောင်တောနယ်က သြဇာရှိတဲ့ ဗလီဆရာတွေရဲ့အာဏာကို အသုံးပြုပြီး အားလုံး ဘင်္ဂလားဒေ့ရှ်ကို ပြေးဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကို သတင်းအေဂျင်စီတွေက လူသန်းဝက်ခန့် ရင်ဆိုင်ခဲ့ရတဲ့ ကမ္ဘာ့ကပ်ဘေးဆိုးကြီးသဖွယ် ရေးသားတင်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတကာ သတင်းအေဂျင်စီတွေဟာ ငွေကြေးချမ်းသာတဲ့ အစ္စလာမ္မစ် နိုင်ငံတွေရဲ့ လောင်းရိပ်အောက်ကို ကျသွားခဲ့ပုံပေါ်ပါတယ်။ သတင်းအေဂျင်စီတွေရဲ့ လေသံတွေဟာ မီဒီယာကျင့်ဝတ် (Code of Ethic) ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ပြီး ရေးသားတင်ဆက်လာပါတယ်။ သက်သေ သာဓကတွေကို အဓိကထုတ်ဖော်ပြသရမယ်ဆိုရင် စက်တင်ဘာလ ၂၇ ရက်နေ့က မြန်မာတာဝန်ရှိ ပုဂိ္ဂုလ်တွေက ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ သံတမန်တွေကို ရခိုင်ပြည်နယ်ကို လိုက်လံပြသမယ့် အစီအစဉ်တစ်ခု ရေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့ လေဆိပ်မှာ ရာသီဥတုအရမ်းဆိုးလာတဲ့အတွက် သံတမန် အများစုရဲ့ သဘောထားကို ရယူပြီး ရခိုင်သွားမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာပဲ ကမ္ဘာ့သတင်း အေဂျင်စီတစ်ခုဖြစ်တဲ့ လန်ဒန်အခြေစိုက် BBC သတင်းဌာနက ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ရခိုင်သွားမယ့် အစီအစဉ်ကို အကြောင်းပြချက်မပေးဘဲ မြန်မာအစိုးရဘက်က ဖျက်သိမ်းလိုက်တယ်လို့ ရေးသားတင်ဆက်ခဲ့ပါတယ်။ အလားတူပဲ ရန်ကုန်မြို့မှာ အင်မတန် ဆုံးရှုံးမှုကြီးမားတဲ့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် မီးလောင်တဲ့သတင်းကို ကမ္ဘာ့သတင်းဌာနတစ်ခုက တင်ဆက်ရာမှာ မီးလောင်တဲ့သတင်းကို ဖော်ပြပြီး မဆီမဆိုင် သတင်းအပိတ် မြန်မာနိုင်ငံအကြောင်း ဖော်ပြရာမှာ ဘင်္ဂါလီလူနည်းစုတွေကို နှိမ်နင်း သတ်ဖြတ်နေတဲ့နိုင်ငံလို့ အောက်ဆုံးအပိုဒ်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒီလိုမျိုး ၀ါဒဖြန့်ချိမှုတွေဟာ ရာထောင်မက ရှိနေပြီး ကမ္ဘာ့သတင်းကွန်ရက်ကို စီးမိထားတဲ့ သူတို့တွေအတွက် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို အရေးယူဖို့အတွက် အနောက်နိုင်ငံတွေကပဲ အသည်းအသန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း တရုတ်၊ အိနိ္ဒယအပါအ၀င် ရုရှား၊ ဂျပန်နိုင်ငံတွေက မြန်မာနိုင်ငံကို ထောက်ခဲ့တဲ့အတွက် သူတို့ရဲ့ မျှော်မှန်းချက် ပျက်စီးသွားခဲ့ရပါတယ်။ မကြာမီက ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြီး စီးခဲ့တဲ့ APEC အစည်းအဝေးမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး မြန်မာရဲ့ ပကတိအခြေအနေကို ရှင်းပြခဲ့သေးပါတယ်။ အကျိုးရလဒ်ကတော့ အမေရိကန်ရဲ့ မဟာမိတ် ကနေဒါဝန်ကြီးချုပ်ဟာ ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး “ဒေါ်အောင်ဆန်းစုကြည်ကို လက်ညှိုးထိုးအပြစ် တင်နေမှာ မဟုတ်ဘူး” လို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းပါပဲ။ ဆက်တိုက်ဆိုသလို အာဆီယံအသိုင်းအ၀ိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန် ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်ပြီး ဘင်္ဂါလီအရေးအခင်းကို ကိုယ်တိုင်လေ့လာ အကဲခတ်ကာ “မြန်မာကို အရေးယူပိတ်ဆို့ရမယ့်အချိန် မဟုတ်ဘူး”လို့ ပြောဆိုခဲ့ခြင်းဟာလည်း ဘင်္ဂါလီလိုလားသူ သတင်းမီဒီယာတွေအတွက် ဆူးတစ်ချောင်းလို ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံတကာသတင်း မီဒီယာတစ်ခုဖြစ်တဲ့ AP သတင်းဌာနဟာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ (၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်မိန့်ခွန်းပြောခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကို အများနားလည်မှုလွဲအောင် ရေးသား ဖော်ပြလိုက်ပါတယ်။ သူတို့ ရေးသားဖော်ပြလိုက်တဲ့ သတင်းမှာ “လူအများ တရားမ၀င် ရွှေ့ပြောင်းနေထိုင်ခြင်းက အကြမ်းဖက်မှုအမျိုးမျိုးကို ပြန့်ပွားစေတယ်” လို့ ဒေါ်အောင်ဆန်း စုကြည် ပြောပါတယ်ဆိုပြီး ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည် ပြောတာက “ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေဟာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်ခြင်း၊ အကြမ်းဖက်ဝါဒ ပြန့်ပွားခြင်း၊ အကြမ်းဖက် အစွန်းရောက်ဝါဒ လူမှုရေးသဟဇာတ ကင်းမဲ့ခြင်းနဲ့ နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှု အန်္တရာယ်အထိ ကြီးမားတဲ့ ခြိမ်းခြောက်မှုအသစ်တွေနဲ့ အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေပါတယ်” လို့ပဲ ပြောခဲ့တာဖြစ်ပါတယ်။

ဒီလို မှားယွင်းဖော်ပြမှုကြောင့် AP သတင်းဌာနရဲ့ Code ကို ကိုးကားဖော်ပြခဲ့တဲ့ TIME, The New York Time, The Washington Post, Sanfranciso Chronicle စတဲ့ သတင်းဌာနတွေကြောင့် ဒီသတင်းမှားဟာ ကမ္ဘာတစ်ဝန်း ပြန့်ပွားသွားပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ရှုတ်ချဝေဖန် ပြစ်တင်တဲ့ အသံတွေကလည်း ပွက်လောညံသွားစေခဲ့ပါတယ်။ တကယ်တော့ ဒီအစည်းအဝေးမှာ နိုင်ငံပေါင်း ၅၁ နိုင်ငံ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ ဥရောပကော်မရှင်စတဲ့ အဖွဲ့အစည်းအားလုံး တက်ရောက်ခဲ့တာဖြစ်ပြီး ဥရောပ ကော်မရှင်ကိုယ်စား တက်ရောက်လာတဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Federica Mogherini က “မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်အောင် ကူညီပံ့ပိုးပေးသွားမယ်” လို့ ထုတ် ဖော်ပြောဆိုတဲ့အထိ နိုင်ငံတကာ အမြင်ကောင်းလာခဲ့ပြီး ဖြစ်ပါ တယ်။ ဒီအခြေအနေကို သဘောမကျတဲ့ ဘင်္ဂါလီအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံကို စေတနာနည်းပါးတဲ့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ မတော်တဆလိုလို ဆောင်ရွက်ချက်ကတော့ နိုင်ငံရဲ့ အမျိုးသားဂုဏ်ကို ထိခိုက်နစ်နာစေခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် AP ရဲ့ မှားယွင်းတဲ့ သတင်းဖော်ပြချက်ကို ပြည်တွင်း သတင်းမီဒီယာ အဖွဲ့အစည်းတွေထဲက မြန်မာစာနယ်ဇင်း သမဂ္ဂ (MJU) နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း (MJA) က ပြင်းထန်စွာကန့်ကွက် ရှုတ်ချခဲ့ပါတယ်။ တချို့သတင်းသမားတွေကတော့ AP သတင်းဌာနရဲ့ လုပ်ရပ်ဟာ သတင်းမီဒီယာဥပဒေ အပိုဒ် (၉) နဲ့ ငြိစွန်းနေတဲ့အတွက် သတင်းမီဒီယာကောင်စီကို တိုင်ကြားပြီး သက်ဆိုင်ရာ သတင်းဌာနက မြန်မာ နိုင်ငံကို ၀န်ချတောင်းပန်သင့်တယ်လို့ ဝေဖန်ပြောဆိုလျက်ရှိပါတယ်။ AP သတင်းဌာနအနေနဲ့ ရိုးသားစွာ မှားယွင်းခဲ့တယ်ဆိုရင်တော့ ယခုတောင်းဆိုချက်ဟာ ၀န်လေးနေစရာမလိုဘဲ ချက်ချင်းလုပ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ဇော်သက်ထွေး
 

Category: 

Share