အသက်ရှည်ရာ အနာမဲ့ကြောင်း - မာဂျေ

မောင်ကြွက်နီရေ ..ကိုသူရ (ဇာဂနာ)က မနေ့က ပို့စ်တစ်ခု ရေးတင်တယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အသရေ အဖျက်ခံရတဲ့ ကောင်မလေးတစ်ယောက် အကြောင်း ရိုက်ထားတဲ့ရုပ်ရှင်ဇာတ်လမ်း ရေးထားတာ။ အဲဒီရုပ်ရှင်မှာ ဆိုရှယ်မီဒီယာပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တဲ့ ကောင်မလေး တစ်ယောက်က တစ်နေ့တစ်မျိုး မရိုးရအောင် ပို့စ်တွေတင်ဖို့ တခြားရိုးသားတဲ့ တစ်ယောက်ကို ခုတုံးလုပ် အသုံးချတာရေးထားတယ်။ နောက်ဆုံးမှာတော့ မသိနားမလည် ရိုးသားပြီး သူများအသုံးချခံရတဲ့ ကောင်မလေးကို ပရိသတ်က လူဆိုးလို့မြင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဆယ်လီလုပ်နေတဲ့ အလည်မကို လူတော်လူကောင်းလေး၊ သူတစ်ဖက်သားကို ကူညီတတ်သူလေးလို့ အများကသတ်မှတ်လိုက်ကြတယ်။ ကိုသူရက ဆယ်ကျော်သက် ကလေးတွေရဲ့ နုနယ်တဲ့အသည်းကို လက်ဖ၀ါးပေါ်တင်ပြီး ခြေမွနိုင်တာ ဆိုရှယ်မီဒီယာပဲတဲ့။ လူတစ်ယောက် အကောင်းအဆိုးကို လက်ကလေး နှစ်ချောင်းနဲ့ အဆုံးအဖြတ်ပေးနေကြတယ်။ စဉ်းစားဆင်ခြင်မှုတွေ ပျောက်ပြီး တွေ့တာ အကုန်ယုံရတဲ့ခေတ်ကြီးကို မြန်မာတွေတင် မဟုတ်ဘူး အမေရိကန်တွေလည်း ဖြတ်သန်းနေရတယ်လို့ ရေးတင်ထားသကွ။

ဒီပို့စ် ဖတ်ပြီး ငါကတော့ အပြည့်အ၀ထောက်ခံတယ်။ ငါတို့ဆီကလူတွေက အလုပ်အကိုင် ရှားပါးနေလို့လား၊ လွယ်လွယ်နဲ့ ပိုက်ဆံတွေရနေကြလို့လားတော့ မသိဘူး။ အချိန်တွေအရမ်းပိုနေပုံရတယ်။ ငါ့အသိတွေဆိုရင် ကြည့်လိုက်တိုင်း ဖေ့စ်ဘွတ်ခ်မီးတွေက မိုးလင်းမိုးချုပ် စိမ်းနေတာပဲ။ ငါ့ သမီးဆိုရင် စာသာမကျက်တာ၊ တယ်လီဖုန်းနဲ့ မျက်နှာနဲ့ခွာတာ မဟုတ်ဘူး။ ငါ့မိန်းမလည်း ထို နည်း၎င်းပဲ။ ငါက ဆူလွန်းတော့ တစ်ရေးနိုးလို့ပဲ ဖေ့စ်ဘွတ်ခ်သုံး နေသလိုလို ပြောတယ်။ အမှန်က မနက် နှစ်နာရီလောက်အထိ မအိပ်ဘဲ သုံးနေတာ။ သူတို့မှာ ဖေ့စ်ဘွတ်ခ်ထဲက အတင်းအဖျင်းတွေကိုပဲ အဟုတ်မှတ်နေကြတယ်။ တို့နိုင်ငံသားတွေ အများစု သုံးနေတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း တစ်နေ့တစ်နေ့ မရိုးအောင် တင်လိုက်တဲ့ ပို့စ်တွေ။ ဒါပေသိ အဲဒါတွေ ခြုံကြည့်ရင် တိုင်းပြည်တိုးတက်ဖို့၊ တိုင်းပြည် စည်းလုံးညီညွတ်ဖို့ဆိုတဲ့ ပို့စ်တွေထက် တိုင်းပြည်ပြိုကွဲဖို့၊ တိုင်း ပြည်ခေါင်းဆောင်တွေကို အပုပ်ချဖို့၊ ကိုယ့်ဘာသာ သာသနာကို ညှိုးနွမ်းအောင်လုပ်ဖို့ဆိုတဲ့ ဖျက်လိုဖျက်ဆီး အကြောင်းအရာတွေချည်း များနေတယ်။

အမှန်ကတော့ လူတိုင်း တယ်လီဖုန်းကိုင်နိုင်တာ ဆယ်နှစ် မပြည့်သေးတဲ့ ငါတို့လူတွေနဲ့ ဆိုရှယ်မီဒီယာတွေနဲ့ တွေ့ပြီး အဲဒီလို ကိုးရိုးကားရားတွေ ဖြစ်နေတာပဲ။ ဒီကြားထဲ Like တောင်းတဲ့ သူတောင်းစားတွေက တစ်မျိုး၊ အလကား စားရမှာလားဆိုတဲ့ နှာဘူးတွေကတစ်ဖုံ၊ ငါတို့မှ မကယ်တင်ရင်တော့ ဒီလုပ်ငန်း၊ ဒီအားကစား၊ ဒီစီးပွားရေး ပျက်တော့မှာဆိုတဲ့ ဘ၀င်ရူးတွေက တစ်နည်း၊ မွေးရာပါလေးတွေပြပြီး စီးပွားရှာနေသူတွေကလည်း အစုလိုက် အပြုံလိုက်နဲ့ သူ့အရပ်နဲ့သူ့ဇာတ် ဟုတ်နေတာပဲ။ အဲဒီထက် ဆိုးတာတွေ ရှိသေးတယ်။ ဥပမာပြောရရင်ကွာ စကိုင်းနက်က ဥရောပဘောပွဲတွေကို ငွေအကုန်ခံပြီး ၀ယ်ပြတယ်။ အဲဒါကို ဆော့ဖ်ဝဲသုံးပြီး စကိုင်းနက် လိုဂိုနေရာမှာ သူခိုးတွေက သူတို့ လိုဂိုအစားထိုးပြီး ပြနေကြတယ်။ ဒါမျိုး ငါ့လက်ဝှေ့ပွဲမှာလည်း ဖြစ်ဖူးတယ်။ တစ်နိုင်ငံလုံးကြည့်လို့ရအောင် အခမဲ့ရုပ်သံလိုင်းက အလကား ပြပေးနေတဲ့ကြားက အဲဒီပြတာကို သူတို့လိုဂို ခိုးတပ်ပြီး ခပ်တည်တည်နဲ့ လုပ်စားနေတဲ့သူတွေ ရှိနေတယ်။ မင်းစဉ်းစားကြည့်လေ။ ဘောလုံးပွဲဆိုတာ အလကားပြခွင့်ရတာ မဟုတ်ဘူး။ ဒေါ်လာသန်းချီပေးပြီး ၀ယ်ရတာ။ အဲလိုပဲ လက်ဝှေ့ပွဲဆိုတာလည်း တစ်ပွဲကို သိန်းရာပေါင်းများစွာအကုန်ခံ ကျင်းပရတာ။ အဲဒီပွဲတွေကို ဆိုရှယ်မီဒီယာပေါ်မှာ သူတို့လိုဂိုတွေတပ်ပြီး ခပ်တည်တည် လွှင့်နေတာက သက်သက်မဲ့ သူများအကျိုးကို ဖျက်လိုဖျက်ဆီး လုပ်တာပဲ။ ငါတို့မှာသာ အလကားလည်းပြရသေး၊ ပွဲကိုလည်း ငွေကုန်ခံ ကျင်းပရသေး၊ူငလန မပြလို့ဆိုပြီး တစ်နည်း၊ သူတို့ကြည့်ချင်တဲ့ရုပ်သံလိုင်းက မပြလို့ဆိုပြီးတစ်ဖုံ အဆဲခံရသေးတယ်။ အဲဒီဆဲတဲ့သူတွေကို ပြန်ကြည့်ရင် ဘောလုံးကွင်းထဲ၊ လက်ဝှေ့ရုံထဲ တစ်ခါမှလာ မကြည့်ဖူးပဲ သက်သက် အလကားရတဲ့ နေရာက ကြည့်ပြီး ပရိသတ်စု၊ ဆရာကြီးလုပ်နေတဲ့သူတွေ ဖြစ်နေတယ်။ ပြီးတော့ ဘယ်လိုပဲ ကောင်းအောင်လုပ်လုပ် ဆဲမယ်ဆိုတဲ့လူတွေကရှိသေးသကွ။ ဒီတော့ ဆိုရှယ်မီဒီယာဆိုတာ သူများကို အလကားဆဲခွင့် ပေးထားတဲ့ လွတ်မြောက်နယ်မြေ တစ်ခုလို ဖြစ်နေတယ်။

အကြောင်းအရာ တစ်ခုခုကို တစ်ယောက်ယောက်က တင်လိုက်တာနဲ့ ဆယ်တန်းသာ အောင်ချင်မှအောင်မယ်၊ လိုင်းပေါ်မှာ ဆရာကြီးတက်လုပ် ဟိုလိုအကြံပြု၊ ဒီလိုအကြံပေးနေတဲ့သူတွေကလည်း အများကြီး။ တစ်နေ့ တစ်နေ့လည်း တက်လာလိုက်တဲ့ အကြောင်းအရာတွေက များမှများ၊ မင်းသမီးလေးတစ်ယောက် ဘုရားရောင်တော်ဖွင့်လဲ ဆဲကြတာပဲ။ အနုပညာရှင်သုံးယောက်ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းမှာလဲ ၀ိုင်းမြှောက်ပေးပြီး ဆဲကြတာပဲ။ ဆိုရှယ်မီဒီယာမဟုတ်ဘဲ မြန်မာနိုင်ငံမှာတော့ အဆဲမီဒီယာဖြစ်နေတယ်။ ဒီတော့  အသက်ရှည်ရာ အနာမဲ့ကြောင်းအဖြစ် နည်းပညာနောက်ကို ငါတော့မလိုက်တော့ဘူး။ ငါ့အလုပ်နဲ့ပတ်သက်ပြီး ပရိသတ်ကို အသိပေးစရာရှိရင်တင်မယ်။ မော်ဒယ်လေးတွေနဲ့ တွဲရိုက်တာရှိရင် ကြွားဖို့တင်မယ်။ သူ့ဟာသူ ဆဲဆဲဆိုဆို၊ ဘယ်လိုပဲ အပုပ်ချချ ငါကမဖတ်တော့ စိတ်ချမ်းသာတယ်။ ဒီလိုရေးတာက အကြောင်းရှိတယ်။ ခုတလော မင်းလဲ ဆိုရှယ်မီဒီယာပေါ်မှာ ဆရာတစ်ဆူလိုဟိုဟာ ရေးလိုက် ဒီဟာဝေဖန်လိုက်တွေ့ နေရလို့။ မင်းရဲ့ မသေခင် မြေအောက်ရထားစီးဖူးချင်တဲ့၊ မိုးပျံရထား စီးဖူးချင်တဲ့ အငုံ့စိတ်ကို ငါနားလည်တယ်။ ဒါပေမဲ့ မင်းရဲ့ ဆန္ဒက နောက်ထပ် အစိုးရ သုံးဆက်လောက်ပြောင်းတောင် ဖြစ်လာဖွယ်မရှိဘူး။ ဒီတော့ အကန်တွေလည်းမရေးနဲ့၊ စိတ်ကိုလည်းလျှော့။ သူများတွေက အကောင့်အတုနဲ့ ပုဆိုးခြုံထဲက လက်သီးပုန်းပြနေတာ။ မင်းက မင်းပုံကြီးနဲ့ တင်ပြီး လျှောက်လျှောက်ရေးနေတော့ ဆန်ခိုးမမိ၊ ဖွဲခိုးမိ ဆိုသလို ကြားထဲက ကားနေမှာစိုးလို့ စေတနာနဲ့ သတိပေးတာ။ မင်းက ကျန်းမာရေးလည်း ကောင်းတာမဟုတ်၊ လျှာကို လေဖြတ်ထားတော့ လက်ကလေးနှစ်ချောင်းသုံးပြီး ကမ္ဘာကြီးနဲ့ ဆက်သွယ်နေရမှန်း နားလည်ပါတယ်။ ဒါပေမဲ့ အဲဒီလို လက်ကလေးနှစ်ချောင်းပါ လေထပ်ဖြတ်သွားမှာစိုးလို့ ချစ်ခြင်းမေတ္တာနဲ့ သတိပေးနေတယ် မှတ်ပါမောင်ကြွက်နီ ...။

မာဂျေ

 

Category: 

Share