စတုတ္ထအကြိမ်မြောက် AIR KBZ ရွှေအောင်လံ မြန်မာ-ပြင်သစ်-ဂျပန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး ကျင်းပမည်

AIR KBZ မှအဓိကကူညီ ပံ့ပိုးကာ Myanmar Media Group က စီစဉ်သော စတုတ္ထ အကြိမ်မြောက် AIR KBZ ရွှေအောင်လံ မြန်မာ-ပြင်သစ်-ဂျပန် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကြီးကို ရန်ကုန်မြို့ သိမ်ဖြူ မြန်မာ့ ရိုးရာ လက်ဝှေ့အားကစားပြိုင်ပွဲရုံတွင် ဒီဇင်ဘာ ၁၀ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကြီးတွင် တွဲဆိုင်း ခုနစ်ဆိုင်းပါဝင်ပြီး အထူး အမျိုးသမီးစိန်ခေါ်ပွဲတစ်ပွဲလည်း ပါဝင် မည်ဖြစ်ကြောင်းသိရသည်။ ပထမ တွဲဆိုင်းအနေဖြင့် အောင်ပိုင် (မြန်မာ)နှင့် အိ့(ဖ်)(စ်)Yves (ပြင်သစ်)၊ ဒုတိယတွဲဆိုင်းအနေဖြင့် လမ်းမယူ (ရာမညအားမာန်) နှင့် သားအသည်းတစ်ပွင့် (ဗမာ့သွေး)၊ တတိယတွဲဆိုင်းအနေဖြင့် ထက်အောင်ဦး(မြန်မာ)နှင့် ဒိုင်ခိခနဲကို (ဂျပန်)၊ စတုတ္ထတွဲဆိုင်းအနေဖြင့်  စောမင်းအောင်(မြန်မာ)နှင့် တိုခဲ ရှီ (ဂျပန်)၊ ပဉ္စမတွဲဆိုင်းအနေဖြင့် ဒေ၀ (မြန်မာ) နှင့် ကော်တန်ယာလွန် (ပြင်သစ်)၊ ဆဋ္ဌမ တွဲဆိုင်း အနေဖြင့် ဖျံသွေး (ရွှေမိုးထိငြိမ်း ချမ်းရေး)နှင့် စောဂေါ်မူဒို(သတ်္တိ)၊ အထူးအမျိုးသမီးစိန်ခေါ်ပွဲအနေ ဖြင့် ရွှေကိုလေး (ပဲခူး)နှင့် လင်းယုန်မေ (လင်းယုန်ကလပ်) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ် သည်။ ကော်တန်ယာလွန်မှာ WKN ၏ ကမ္ဘာ့ကစ်ဘောင်ဆင် ချန်ပီယံဖြစ်ပြီး ရိုးရာလက်ဝှေ့ ထိုးသတ်ရန် တစ်နှစ်အချိန်ယူပြင် ဆင်ခဲ့ကြောင်း သိရသည်။

“အခုဒီပြိုင်ပွဲက လမ်းမယူ နဲ့ သားအသည်းတစ်ပွင့်တို့ကို အရည်အချင်း စစ်တဲ့ပွဲလို့လည်း ပြောလို့ရပါတယ်။ သူတို့နှစ်ဦးထဲ က အကောင်းဆုံးကစားသမားကို ဂျပန်ခေါ်သွားဖို့ရှိတယ်။ နောက်ဆုံးပြိုင်ပွဲက ရွှေကိုလေးနဲ့ လင်းယုန်မေတို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ ရွှေစည်းခုံ ဘုရားပွဲ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ Bagan Fighter မှာ ပရိသတ် အကြိုက်များခဲ့ပါတယ်။ ဒီပွဲက တချို့ကစားသမားတွေကို ဖေဖော်ဝါရီ ၂၁ ဂျပန်မှာ ကျင်းပမယ့် လက်ဝှေ့ပွဲကို ခေါ်သွားမှာ ဖြစ်တယ်” ဟု မြန်မာမီဒီယာဂရု(ပ်) အမှုဆောင်အရာရှိချုပ် ဦးလင်းထက်အောင် က ပြောသည်။ အဆိုပါ ပြိုင်ပွဲကို MNTV မှ နောက်ကျထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။

 လင်းထက်             

Category: 

Share