၈၈ ခွပ်ဒေါင်းမျိုးဆက်များ နိုင်ငံရေး ဒီရေကျဆင်းချိန် - ဇော်သက်ထွေး

၂၀၁၂ ခု နှစ်ဆန်းပိုင်းက ဝေဇယန္တာလမ်းမပေါ်က လုံးချင်းတိုက်တစ်ခုမှာ ရုံးခန်းတစ်ခု ဖွင့်လှစ်ပွဲ လုပ်ခဲ့ပါတယ်။ဒီရုံးခန်းဖွင့်ပွဲကို နိုင်ငံအနှံ့အပြားက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ထောင်ထွက် ကျောင်းသား ဟောင်းတွေ၊ပြည်သူတွေလာရောက်ကြတဲ့အတွက် ကြက်ပျံမကျ စည်ကားပြီး တိုးလို့တောင်မပေါက်ခဲ့ပါဘူး။လူအားလုံးရဲ့ မျက်လုံးတွေမှာလည်း တိုင်းပြည်ရဲ့ အနာဂတ်အတွက် အားတက်ပျော်ရွှင်နေလို့ တလက်လက်တောက်ပလျက်ရှိပါတယ်။ ဖွင့်လှစ်လိုက်တဲ့ ရုံးခန်းကတော့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဒီမိုကရေစီအရေး တော်ပုံက မွေးဖွားလိုက်တဲ့ ကျောင်းသားမျိုးဆက်တွေနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက အကြွင်းမဲ့ယုံကြည်အားကိုးတဲ့ အဖွဲ့ဖြစ်လို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ပေမယ့် တိုင်းနိုင်ငံမှာ နိုင်ငံရေးသြဇာကြီးမားတဲ့အဖွဲ့ဖြစ်ပါတယ်။ အခုတော့ ဒီအဖွဲ့ထဲကနေ ဒဏ္ဍာရီသူရဲကောင်းသဖွယ်ဖြစ်ခဲ့တဲ့ ကျောင်းသားဟောင်းကြီးတွေဟာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာနေကြပါပြီ။

မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေးဇာတ်လမ်းတွေထဲမှာ ရခိုင်အမျိုးသားပါတီ (ANP) မှ ဒေါက်တာအေးမောင် နုတ်ထွက်စာတင်လိုက်ပြီးတဲ့နောက်မှာ ရခိုင်အမျိုးသား နိုင်ငံရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ လွန်ခဲ့သော ၂၇ နှစ် အာဏာရှင်စနစ် အားအကောင်းဆုံးအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုဝန်းရံပြီး ကျောချင်းကပ် ရပ်တည်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေထဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ALD ပါတီခေါင်းဆောင် ဖြစ်တဲ့ ဦးအေးသာအောင်ဟာ NLD ကို ထောက်ခံဝန်းရံခဲ့တဲ့ အတွက် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ချင်းတိုင်းရင်းသားခေါင်းဆောင် ဦးပုကျင်းရှင်ထန်တို့နဲ့အတူ ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံခဲ့ရသူ ဖြစ်ပါ တယ်။ ၂၀၁၀ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ပြီးတဲ့နောက် တိုင်းရင်းသားခေါင်းဆောင်တွေ ထောင်ထဲက ထွက်မလာခင်မှာ နိုင်ငံရေး လိုအပ်ချက်အရ တိုင်းရင်းသား ပါတီတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီထဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)လည်း ပေါ်ပေါက်လာသလို ရခိုင်လူမျိုးတွေအတွက် ဒေါက်တာ အေးမောင်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်လည်း ပေါ်ထွက်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဦးအေးသာအောင်တို့ လည်း ပြန်လည်လွတ်မြောက်လာ ပြီးတဲ့နောက်မှာတော့ ရခိုင်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေးပါတီ တစ်ခုသာရှိသင့်တယ်ဆိုတဲ့ အယူအဆကြောင့် ဒေါက်တာအေးမောင်ရဲ့ပါတီ RNDPနဲ့ ဦးအေးသာအောင်ရဲ့ ပါတီ ALD တို့ကို ဖျက်သိမ်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းဖွဲ့စည်း ခဲ့ပါတယ်။ ANP ပါတီပေါင်းစည်းရာမှာလည်း ဒေါက်တာအေးမောင်ဟာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ အခုတော့ ဒေါက်တာအေးမောင်က ပါတီခေါင်းဆောင်တွေအချင်းချင်း ညီညွတ်မှုမရှိတဲ့အပြင် လူမှုမီဒီယာများမှာပါ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းများကြောင့် ရန်ဘက်အသွင်ဆောင်နေသည့်အတွက် ပါတီမှ နုတ်ထွက်သွားကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီဂယက်နဲ့ မရှေးမနှောင်း ဆိုသလိုပဲ မြန်မာနိုင်ငံကိုအာဏာရှင်စနစ်ဆိုးအောက်ကနေ ဘ၀တွေအနစ်မွန်းခံပြီး လွတ်မြောက်စေခဲ့တဲ့ ၈၈ ခွပ်ဒေါင်းမျိုးဆက် များထဲကတစ်ဦးဖြစ်တဲ့ ကိုမြအေးဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကနေ နုတ်ထွက်လိုက်ပြီလို့ ကြေညာခဲ့ ပြန်ပါတယ်။ ကိုမြအေးနုတ်ထွက်တာနဲ့ ပတ်သက်ပြီး ၈၈ ပွင့်လင်းကတော့ ဘာမှထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။အမှန်တကယ်တော့ ၁၉၈၈ ခု ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍအသီးသီးက ပါဝင်ဆောင်ရွက်ခဲ့သူတွေထဲမှာ ကျောင်းသားခေါင်းဆောင် ကိုမြအေးဟာ ထင်ရှားပါတယ်။ ဒီမိုကရေစီ တောင်းဆိုတိုက်ပွဲဝင်မှုတွေကြောင့် ထောင်ဒဏ်အကြိမ်ကြိမ်ကျခဲ့ပြီး နောက်ဆုံးတိုက်ပွဲကတော့ လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုကို ဆန့်ကျင်ဆန္ဒပြတဲ့ အတွက် ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ် ၆၅ နှစ် ခြောက်လ အပြစ် ပေးခံခဲ့ရသူဖြစ်ပါတယ်။ အင်းစိန် ထောင်၊ မအူပင်ထောင်၊ လွိုင်ကော် ထောင်နဲ့ တောင်ကြီးထောင် တွေမှာ လေးနှစ်ကျော်နေထိုင်ခဲ့ရ ပြီး ၂၀၁၂ ခု ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

ဒီမိုကရေစီ တောင်းဆိုဆန္ဒ ပြမှုကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့သူတွေအားလုံး ပြန်လည် လွတ်မြောက်လာတဲ့ အချိန်မှာတော့ နိုင်ငံသားအားလုံးက အကြီးအကျယ် ၀မ်းသာပီတိဖြစ်ပြီး နိုင်ငံရေးနိုးကြားမှုလည်း အမြင့်ဆုံး အခြေအနေကိုရောက်ရှိခဲ့ပါ တယ်။ NLD ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်လည်း နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာသလို NLDကိုလည်း ပါတီမှတ်ပုံတင်ခွင့် ပြန်လည်ရရှိခဲ့ပါတယ်။ နိုင်ငံရေးနိုးကြားမှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ပြုလုပ်ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ NLDက နေရာအားလုံးလိုလို အနိုင်ရရှိခဲ့ပြီး ၈၈ ကျောင်းသား ခေါင်းဆောင်အများစုပါဝင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဟာလည်း ဒေါ်အောင်ဆန်းစုကြည် ပြီးရင်  ပြည်သူတွေ  ယုံကြည်အားအထားရဆုံး အဖွဲ့တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီအဖွဲ့မှာ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ ဌေးကြွယ် တို့က ဦးဆောင်ခဲ့ပြီး ၈၈ ခွပ်ဒေါင်းမျိုးဆက်တွေ ဖြစ်တဲ့ ဂျင်မီ၊ မြအေး၊ ပြုံးချို၊ ထွန်းမြင့်အောင်၊ စိုးထွန်း၊ အောင်သူ၊ ကိုကြီးသန်း၊ ဇော်ဇော်မင်း၊ ဉာဏ်လင်း၊ သက်ဇော်၊ ပဏ်္ဏိတ်ထွန်း၊ မာကီး၊ မီးမီး၊ နီလာသိန်း၊ သက်သက်အောင်၊ မာမာဦး၊ နုနု၊ မီမီလွင် စတဲ့ အမာခံကျောင်းသားဟောင်းကြီးတွေပါဝင်ခဲ့တဲ့အတွက် အင်မတန်တောင့်တင်းတဲ့ အဖွဲ့ အစည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလမ်းခရီး သာယာဖြောင့်ဖြူးစေဖို့နဲ့ ပြည်သူတွေ ဝေေ၀၀ါးဝါး မဖြစ်စေဖို့အတွက် နိုင်ငံရေး ပါတီအဖြစ် ဖွဲ့စည်းဖို့တောင်းဆိုမှုတွေကို လျစ်လျူရှုပြီး လူမှုရေးနဲ့ ပရဟိတလုပ်ငန်းတွေကိုပဲ ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ လူ့အခွင့်အရေး၊ လယ်သမားအရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး စတဲ့အလုပ်တွေကို ဌာနကြီးတွေဖွဲ့ပြီး ကူညီဆောင်ရွက်ခဲ့ပါတယ်။ ငါးနှစ်တာကာလအတွင်း စစ်ဘေးရှောင်တိုင်းရင်းသားများကို ကူညီစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တာယ်နဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဒုက္ခရောက်သူတွေကို ကူညီကယ် ဆယ်ရေးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းကိုဖွဲ့စည်းပြီး တစ်နိုင်ငံလုံးကို စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပြည်သူလူထုရဲ့ မကြုံစဖူးအားပေး ထောက်ခံမှုကြောင့် နိုင်ငံရေးရေချိန်အရ အမြင့်မားဆုံးအချိန်ကို ရောက်ရှိခဲ့တာပါ။ ၂၀၁၃ ခုနှစ် မှာလည်း ၈၈၈၈ ငွေရတုပွဲကို ခမ်းခမ်းနားနားနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီနောက် မှာတော့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေဟာ နှေးကွေး တုံ့ဆိုင်းခဲ့ရသလို ဒီမိုကရေစီအင်အားစုတွေ အဓိကမျှော်လင့်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာလည်း ထင်သလို ဖြစ်မလာခဲ့ပါဘူး။ အထူးသဖြင့် ၂၀၁၅ ခု အထွေထွေရွေးကောက် ပွဲမှာ ၈၈ မျိုးဆက်ကျောင်းသား များ NLDမှာ ပါဝင်ရွေးချယ်ခံပြီး ဒေါ်အောင်ဆန်းစုကြည်အလွန် ဒီမိုကရေစီ အင်အားစုကို ဆက်လက်ဦးဆောင်နိုင်ရေး ရည်မှန်းချက်ဟာလည်း ထပ်မံပြီးေ၀၀ါးသွားခဲ့ပြန်ပါတယ်။

အထူးသဖြင့် နှစ် ၃၀ ကြာ ဒီမိုကရေစီ ခရီးကြမ်းမှာ စိတ်ဓာတ်နဲ့ ခနာကိုယ်ကို ပေးဆပ် ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေး အန်္တိမ ရည်မှန်းချက်ကို ဆက်လက်သယ်ဆောင်သွားသင့်တယ်လို့ နိုင်ငံ သားတွေက မျှော်လင့်ယုံကြည်ပေမယ့် လက်တွေ့မှာတော့ ထင်သလို ဖြစ်မလာဘဲ ၈၈ မျိုးဆက်တွေဟာ နိုင်ငံရေးလမ်းကြောင်းတွေ၊ အုပ်စုတွေ အမျိုးမျိုးကွဲပြား သွားပါတယ်။ ၂၀၁၂ ခုနှစ်က အညီညွတ်ဆုံး ဒီမိုကရေစီအင်အားစုဖြစ်ခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပထမဆုံး ကိုအောင်တို့ နုတ်ထွက်သွားသလို ကိုဌေးကြွယ်ကိုလည်း နောက်ပိုင်းမှာ မတွေ့ရတော့ပါဘူး။ ခေါင်းဆောင်ပိုင်းထဲက ကိုပြုံးချိုတစ်ယောက်သာ NLDက ရွေးချယ်ခဲ့လို့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားရ ပြန်ပါတယ်။ ကျန်တဲ့ အင်အားစုတွေဟာ တိုင်းပြည်ရဲ့ လူမှုရေးလို အပ်ချက်တွေကို ဆက်လက်ဆောင် ရွက်နေပေမယ့် ၂၀၁၆ ခုနှစ် အတွင်းမှာတော့ ပါတီထောင်မလား၊ လူမှုရေးလုပ်မလား ဆိုတဲ့ အယူအဆနှစ်ရပ်ပေါ်မှာ ထပ်မံ ကွဲပြားသွားခဲ့ပြန်ပါတယ်။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ဦးဆောင်တဲ့အစုဟာ ၈၈ ပွင့်လင်း အဖွဲ့နဲ့ ဆက်ရှိနေပြီး ကျောင်းသား ခေါင်းဆောင်ကိုကိုကြီး ဦးဆောင်တဲ့အစုအဖွဲ့ကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းရေး လိုအပ်ချက်အရ ၈၈ မျိုးဆက်တွေပါဝင်တဲ့ ပါတီတစ်ရပ် လိုအပ်တယ်လို့ ခံယူပြီး ပါတီပေါ်ပေါက်လာဖို့ဆောင် ရွက်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ နှစ်ပေါင်းများစွာ အတူလက်တွဲလုပ်လာတဲ့ ကိုမြအေးဟာ ၈၈ ပွင့်လင်းကနေ နုတ်ထွက်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် ၈၈ ခွပ်ဒေါင်း မျိုးဆက်တွေဟာ ထောင်ထဲက ပြန်လည်လွတ်မြောက်ပြီး ခြောက်နှစ်တာကာလ မရောက်ခင်မှာပဲ တစ်ဦးချင်းနဲ့ အစုအဖွဲ့များအဖြစ် ကွဲထွက်သွားပါတယ်။ ဒီမိုကရေစီ စနစ်မှာ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ခွင့် ရှိတယ်ဆိုပေမယ့် အမျိုး သားနိုင်ငံရေး မဟာဗျူဟာ တစ်ရပ်ကတော့ ရှိနေသင့်ပါတယ်။ လက်ရှိအခြေအနေကတော့ ဒီမိုကရေစီသူရဲကောင်းများရဲ့ နိုင်ငံရေးဒီရေ ကျဆင်းချိန်ဖြစ်ပြီး ခမ်းနားထည်ဝါတဲ့ ဒေါင်းမျိုးဆက် သမိုင်းကို ကိုယ့်ဟာကိုယ်နင်းချေ မပစ်မိဖို့ ၈၈ မျိုးဆက်အားလုံးမှာ တာဝန်ရှိကြောင်း တိုက်တွန်းအကြံ ပြုအပ်ပါတယ်။

Category: 

Share