“ဘဏ်စနစ်ကောင်းကောင်းနဲ့ကြပ်မှရမယ်ဆိုပြီး လူကြီးတွေနားပေါက်အောင်ပြော၊ လူကြီးတွေက စိုးရိမ်၊တချို့ လုပ်ငန်းရှင်မုန်း ၀ါဒီသမားလည်းရှိတော့ ဒီစနစ်ထွက်လာ၊ အဲဒီအခါကျတော့ ဒီလိုပြဿနာတွေ ဖြစ်လာတာပါ” “၀မင်း” ကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ

 

Tomorrow ။  ။ လက်ရှိ ဆောက်လုပ်ရေး လောကမှာ အိမ်ခြံမြေ အရောင်းအ၀ယ်နဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်ပျက်နေသမျှကို ပြောပြပေးပါ။

ဦးခွန်နောင်မြင့်ဝေ ။  ။ လက်ရှိ အခြေအနေက ဈေးကွက်အနေ အထားနဲ့ပြောရရင် သေနေတာပေါ့။ မြော့မြော့ပဲ ကျန်တဲ့ လူနာ တစ်ယောက်လိုပဲ။ ၂၀၁၃၊ ၂၀၁၄ ခုနှစ်လောက်ကစတာ၊ အကြောင်း အရင်းတွေက အများကြီးရှိတယ်။ ဘာကြောင့်ဆိုတာ ဘယ်သူ့ကိုမှလည်း အပြစ် မပြောချင်ပါဘူး။ နံပါတ်တစ်ကတော့ ကျွန်တော်တို့ Developer တွေထဲမှာ တချို့လည်း လုပ်ရင်းကိုင်ရင်း အမှားဖြစ်သွားတာရှိတယ်။ Customer ဘက်ကလည်း အဲဒီလိုဖြစ်ပြီဆိုရင် ယုံကြည်မှု နည်းသွားတယ်။ အဲဒီ မှာ ဈေးကွက်စအေးလာတယ်။ နောက်နိုင်ငံတော်ကလည်း အကျိုးတူ လုပ်တဲ့ Developer တွေရဲ့ အခန်းတွေကို ကျွန်တော်တို့ထက် သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ထုတ်ရောင်းတယ်။ သူတို့က မဆောက်ရဘဲ ရတာ၊ ကျွန်တော်တို့ ဘက်က    ဆောက်တဲ့အခါမှာ ကုန်ကျမှုတွေ အများကြီးရှိတယ်။ သူတို့နဲ့ အရင်းအနှီးမတူဘူး။ သူတို့ ထုတ်ရောင်းတာ တကယ် နေထိုင်တဲ့ သူတွေရဲ့ လက်ထဲကို ရောက်မသွားဘူး။ သူတို့ရောင်းတဲ့ ပုံစံက ငွေအကျေ စနစ်နဲ့ ရောင်းတာ။ တကယ်နေမယ့်သူက ငွေအကျေစနစ်ကို ဒုံးပေးပြီး မ၀ယ်နိုင်ဘူး။ ဒါကို ဈေးကစားချင်တဲ့သူတွေက အမြတ်ရမယ် ထင်ပြီး ၀ယ်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဈေးကွက်ထဲမှာ အီသွားတယ်။ တကယ်နေ ချင်တဲ့သူတွေအတွက်က အဆင် မပြေတော့ အဲဒီမှာ ဈေးကွက်က စပြီးကျလာတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဘက်က ဘာပြင်ဆင် ထားသလဲဆိုရင် အစိုးရသစ်လက် ထက်မှာ ဈေးကွက်တွေ  ကောင်း လာမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ၀င်လာမယ်၊ အဲဒါကိုမှန်းပြီး ရှိသမျှအင်အားကို လုပ်ဖို့အတွက် စုထားတယ်။ ကျွန်တော့်အပြင် တခြားသူတွေလည်း မြေတွေဝယ် ပြီး ပြင်ဆင်ထားတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ ဈေး ကွက်က အိပ်ရာထဲလဲနေတဲ့ လူ မမာလိုမျိုး ဖြစ်နေတယ်။

 

Tomorrow ။   ။ သာမန် လူတန်းစားတွေ အနေနဲ့ အိမ်ခြံမြေ ၀ယ်နိုင်ဖို့ ဘယ်လိုများ လုပ်ပေးနိုင်ပါသလဲ။

ဦးခွန်နောင်မြင့်ဝေ ။  ။ မြန်မာနိုင်ငံသားတွေ အဆင်ပြေပြေ ၀ယ်ယူလို့ရမယ့် ဘဏ်စနစ်တစ်ခု လိုအပ်ပါတယ်။ အိမ်နီးချင်း နိုင်ငံက သူတွေက သူတို့မှာ ပုံမှန်လစာရတဲ့ အလုပ်တစ်ခုရှိရင် အိမ်ဝယ်လို့ရတယ်။ သူတို့ကို ဘဏ်က နှစ် ၂၀၊ ၃၀  ထားပေးနိုင်တဲ့ ဘဏ်စနစ်တစ်ခုရှိပါတယ်။ အတိုးနှုန်း နည်းနည်းနဲ့ နှစ် ၃၀ ချေးရင်တောင် အိမ်ခန်းတန်ဖိုးကို မကျော်ပါဘူး။ ဒီမှာလည်း တချို့ဘဏ်တွေက ငါးနှစ်၊ ဆယ်နှစ် စသဖြင့်ပေးပါတယ်။ တကယ်လို့ ဆယ်နှစ်ပေးရင်တောင် အတိုးနှုန်းက ၁၃ ရာခိုင်နှုန်းပါ။ ဒါကြောင့် နေနိုင်တဲ့သူ ဘယ်လိုလုပ် ရှိလာတော့မလဲ။ ပုံမှန်ဝင်ငွေရှိတဲ့သူ တစ်ယောက်က ဒီဝင်ငွေကို အာမခံပြီး ၀ယ်နိုင်အောင်လုပ်မှသာ အခန်းတွေ ပြန်ရောင်းရပြီး ဈေးကွက်က ပြန်အသက်ဝင်လာမယ်။

 

Tomorrow ။   ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ လိုအပ်တဲ့ ငွေကြေးအရင်း အနှီးတွေကရော ဘယ်လိုပုံစံမျိုးတွေနဲ့ ရရှိနေပါသလဲ။

ဦးခွန်နောင်မြင့်ဝေ။ ။ အဓိက သုံးမျိုးရှိပါတယ်။ နေရာကို မြေရှင်နဲ့ အကျိုးတူ လုပ်တာမျိုး၊ မြေကိုဝယ်ပြီး လုပ်တာတာမျိုးနဲ့ နိုင်ငံတော်က မြေကိုငှားပြီး B.O.D  စနစ်နဲ့ လုပ်တာမျိုးဆိုပြီး ရှိပါတယ်။ မြေရှင်နဲ့ အကျိုးတူလုပ်တာက ကျွန်တော်တို့က    ဆောက်လုပ်ရေးစရိတ် စိုက်တယ်။ မြေရှင်က မြေစိုက်တယ်။ အခန်းတွေကို ကြိုရောင်းပြီး ဆောက်လုပ်ရေး စရိတ်အတွက် သုံးတယ်။ ကိုယ့်ဘာသာ မြေ၀ယ်ပြီး လုပ်တာကျတော့ ကျွန်တော်တို့ ဒီဇိုင်းထုတ်တယ်။ ပါမစ်ကျရင် အခန်းတွေကြိုရောင်းတယ်။ ဆောက်နေရင်း တဖြည်းဖြည်းကျ လာတဲ့အချိန်ကျတော့ ဘဏ်ချေးငွေ ယူရတယ်။ ဘဏ်ချေးငွေက ကျွန်တော်တို့အတွက် ၀န်လေးပါတယ်။ ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်း ဆိုတာက ဒီလိုမျိုး ဈေးကွက် ပျက်နေတဲ့အချိန် ၀န်တကယ် လေးပါတယ်။ အဓိကတော့ ဘဏ်အထောက်အကူယူ၊ ဈေးကွက်က ရောင်းလိုရတဲ့ ငွေကို ယူပြီး ဆောက်ပါတယ်။

 

Tomorrow ။    ။ လက်ရှိ ဘဏ်တွေဆီက ချေးငွေရယူတာက လွယ်ကူရဲ့လား။ ဘဏ်တိုးနှုန်း တွေကရော တွက်ခြေကိုက်ရဲ့လား။

ဦးခွန်နောင်မြင့်ဝေ။  ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက စကားပုံတစ်ခု ရှိပါတယ်။ လူကြီးတွေက ဆုံးမခဲ့တာ။ ငွေရလာပြီ ဆိုရင် တစ်ပုံကို သုံး၊ လှူဖို့တစ်ပုံကို သိမ်းထား၊ နောက်တစ်ပုံကို ပြန်ပြီးရင်းနှီးမြှုပ်နှံပေါ့။ ဒါပေမဲ့ လက်ရှိ အခြေအနေကတော့ ၀င်ငွေကို ဆယ်ပုံပုံရတယ်။ စားဖို့နဲ့ဝန်ထမ်း စရိတ်အတွက် တစ်ပုံသုံးရတယ်။ ကျန်တဲ့ ကိုးပုံကတော့ အတိုးဖြစ်နေတာပေါ့။

Tomorrow ။    ။ ဒီဘဏ် တိုးနှုန်းတွေအပေါ် ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဦးခွန်နောင်မြင့်ဝေ။ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတယ်။ ဆောက်တယ်။ သူတို့ ယူလာတဲ့ ငွေအရင်းအနှီး၊ Financial Cost က သုံးရာခိုင်နှုန်းထက် မပိုဘူး။ ကျွန်တော်တို့က ၁၃ ရာခိုင်နှုန်း။ ပြီးတော့ သူတို့က ပရောဂျက်ကို ပြပြီး ပရော    ဂျက်ချေးငွေ အပြည့်ရတယ်။ ကျွန်တော်တို့ဆီမှာ ဒီလို ပရောဂျက်ချေးငွေ ဆိုတာမျိုးက မရှိဘူး။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုကို ဘဏ်မှာ ပြပြီး သိမ်းခိုင်းထားရတယ်။ အဲဒါတွေ အကုန်ပြပြီးမှ ချေးလို့ရတဲ့ ပိုက်ဆံကို ၁၃ ရာခိုင်နှုန်း ပေးရတယ်။     ဘာတွေကွာလဲဆိုရင် အတိုးနှုန်းက သုံးနဲ့ ၁၃၊ လေးဆကွာတယ်။ ကျွန်တော်တို့ သူတို့ထက် လေးဆလုပ်၊ လေးဆ ကြိုးစားမှသာလျှင် သူတို့ကို ယှဉ်နိုင်မှာပါ။ Financial Cost တစ်ခုတည်းကို ပြောတာပါ။

 

Tomorrow ။   ။ လက်ရှိ ငွေကြေးအရင်းအနှီးနဲ့ ပတ်သက်ပြီး အခက်အခဲတွေကိုလည်း ပြောပြပါဦး။

ဦးခွန်နောင်မြင့်ဝေ ။ ။ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်း စည်းကမ်း လေးချက်မှာ ကျွန်တော်တို့ကို တိုက်ရိုက် ထိခိုက်စေတာကတော့ လူတစ်ဦး တစ်ယောက်တည်းကို ဘဏ်ရဲ့ ၂၀ ရာခိုင်နှုန်းထက် ပိုပြီးမချေးရဆိုပြီး သတ်မှတ်လိုက်တာ။   ကျွန်တော်တို့ Youg Developer Association မှာဆိုရင် Company ၂၁ ခုရှိတယ်။ တစ်ခုကို ပရောဂျက် သုံးလေးခု လောက်ရှိတော့ ကန့်သတ်လိုက်တဲ့ ချေးငွေက ပရောဂျက်တစ်ခု စာတောင်မရှိဘူး။ အဲဒီအချိန်မှာ တစ်ဖက်က ပိတ်ပြီး             ချေးငွေတွေ ရပ်သွားတယ်။ ဆက်ချေးလို့ မရတော့ဘူး။ ဗဟိုဘဏ်ကနေ ဘဏ်ချေးငွေတွေကို ပြန်ဆပ်ဖို့ ညွှန်ကြားချက်ထွက်လာတယ်။ စချေးကတည်းက သူရဲ့ချေးငွေသက်တမ်း ရှိတယ်လေ။ တစ်ခါထပ်ပြီး အတိုးတင် မဟုတ်ဘူး။ သုံးလ      တစ်ကြိမ် အရင်းပါ ဆပ်ရမယ်ပြောတယ်။ အလုပ်က တန်းလန်းနဲ့ ကျွန်တော်တို့လက်ထဲမှာ တစ်ပြားမှ မရှိဘူး။ သူတို့ဆီပြထားတဲ့ ပိုင်ဆိုင်မှုတွေပဲ ရှိတယ်။

 

Tomorrow ။ ။ ဗဟိုဘဏ်က ဖြေလျှော့ပေးမယ်ဆိုရင်ရော၊ လေးချက်လုံးကို ဖြေလျှော့ပေးဖို့ လိုသလား။ တချို့အချက်တွေကိုပဲ ဖြေလျှော့သင့်တာလား။ ဘဏ်အတွေအပေါ်လည်း ပြောပေးပါဦး။

ဦးခွန်နောင်မြင့်ဝေ။ ။ လက်ရှိ ဆောက်လုပ်ရေး ကဏ္ဍထဲကို ဘဏ်တွေဘက်က အကူအညီပေးမှရမယ်။ အခြေခံ လူတန်းစားတွေ အလုပ်လုပ်နေတာ ဆောက်လုပ်ရေးကဏ္ဍမှာပါ။ ပြီးတော့ဖြစ်လာတဲ့ ပြဿနာက နည်းနည်းလေး စိုးရိမ်ရတော့   ဘဏ်တွေက ကူမှရမှာပါ။ ဘဏ်တွေကို ပိုက်ဆံတွေ ပြန်ပေးရမယ်ဆိုရင် လုပ်ငန်းကို ရပ်ရမှာပါ။ လုပ်ငန်းတွေ မပြီးခင် ရပ်မှရမယ် ဆိုရင်လည်း တစ်ဆိုက်ကို အလုပ်သမားက ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေပါတယ်။ နေ့စဉ် သုံးရတဲ့ငွေက မနည်းပါဘူး။ ဒါကြောင့် အစိုးရကရော ဘဏ်တွေကရော ကယ်မှ ကူမှ ရပါမယ်။

 

Tomorrow ။   ။ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ခွင့်ပြုမိန့် လျှောက်တာတွေကရော အဆင်ပြေမှုရှိရဲ့လား။

ဦးခွန်နောင်မြင့်ဝေ။ ။ အရင်တုန်းကတော့ တစ်မိုင်ကိုရေနှစ်ပုံးထမ်းပြီး သွားရတယ်။ အခု ရေနှစ်ပုံးအပြင် အပေါ်မှာလည်း လူတွေ တင်ထားရတယ်။ တစ်ခါတလေ ညအိပ်ပြီးတောင် သွားရပါတယ်။ စာရွက်စာတမ်းနဲ့ ဆိုင်တာတွေ ပိုပြီး လွယ်   ကူချော့မွေ့မယ်လို့ ထင်ထားခဲ့တာ အခုပိုပြီးကြန့်ကြာပါတယ်။ ဒီလိုကြန့်ကြာမှုတွေ အတွက်လည်း သက်ဆိုင်ရာက ပုံစံ အမျိုးမျိုးနဲ့ ဖြေရှင်းနေပါတယ်။ လောလောဆယ်တော့ လုပ်ငန်းတစ်ခုလုပ်ဖို့ စာရွက်စာတမ်းလုပ်တာ ခြောက်လကနေ       တစ်နှစ်လောက်အထိ ကြာနေပါတယ်။

 

Tomorrow ။     ။ လက်ရှိ ဆောက်လုပ်ရေး လောကကြီး တိုးတက်လာရင် ဖြစ်လာနိုင်တဲ့ ကောင်းကျိုးနဲ့ ရပ်တန့်သွားရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အနှစ်ချုပ်လေး ပြောပြပေးပါ။

ဦးခွန်နောင်မြင့်ဝေ။ ။ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဂိမ်းတွေရှိတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်သွားရတာလဲ။ ဗဟိုဘဏ်က အချိန် မကျသေးခင် ဘာကြောင့် လုပ်ရတာလဲဆိုတာ ကျွန်တော် ဘေးကနေ ထွက်ပြီး နည်းနည်း ကြည့်မိတယ်။      ကျွန်တော်တစ်ယောက်ရဲ့ အမြင်ပေါ့။ တိုင်းပြည်မှာ ခေတ်အဆက်ဆက်က သူဌေးကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေ အများကြီး ရှိပါတယ်။ တချို့တွေမှာလည်း လုပ်နေတဲ့ အလုပ်တွေက တော်တော်နည်းသွားပြီ။ လက်ရှိ Developer အများစုကလည်း ၂၀၁၀ နောက်ပိုင်းမှာ အောင်မြင်လာတဲ့ လူငယ်တွေ များပါတယ်။ တချို့လည်း လူငယ်တွေ တက်လာတာကို နေရာမပေးချင်ကြဘူး။ ရိုက်ချချင်ကြတယ်။ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော့် အမြင်အရတော့ ရိုက်ချတာပါ။ လူငယ် စီးပွားရေးလုပ်ငန်းရှင်တွေ ဘဏ်ချေးငွေနဲ့လုပ်ရင် မလုပ်တတ် မကိုင်တတ်နဲ့ ပြိုလဲနိုင်တယ်၊ တိုင်းပြည်စီးပွားရေး ပြိုလဲနိုင်တယ်၊ သေချာဘဏ်စနစ် ကောင်းကောင်းနဲ့ ကြပ်မှရမယ်ဆိုပြီး လူကြီးတွေ နားပေါက်အောင် ပြော၊ လူကြီးတွေက စိုးရိမ်၊ ဗဟိုဘဏ်ကလည်း စိုးရိမ်၊ တချို့လုပ်ငန်းရှင်မုန်း ၀ါဒီသမားတွေလည်း ရှိတော့ ဒီစနစ်တွေ ထွက်လာ။ အဲဒီကျတော့ ဒီလိုပြဿနာတွေ ဖြစ်လာတာပါ။ ဒီပြဿနာဖြစ်လို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြိုလဲသွားရင် ဘဏ်တွေလည်း ပြိုလဲမှာပဲ။ ဘဏ်တွေ ပြိုလဲရင် တိုင်းပြည်လည်း ပျက်စီးမှာပဲ။ ဘဏ်တွေကို စိုးရိမ်လို့ ကာကွယ်သလိုလိုနဲ့ တက်လာတဲ့သူတွေကို ရိုက်ချတာတော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒီလို သုံးသပ်တယ်။ တကယ်တမ်းသာ ဒါတွေကြောင့်ပြိုလဲသွားရင် ဘယ်သူတွေ တာဝန်ယူမှာလဲ။ ဒီညွှန်ကြားချက်တွေထုတ်တဲ့ ဗဟိုဘဏ်ကလား၊ ဒါမှမဟုတ် ကျွန်တော်တို့ကို အကြွေးပြန်တောင်းတဲ့ ဘဏ်တွေကလား။ ဒီဆုံးဖြတ်ချက်ကိုချတဲ့ လူကြီးတွေက တာဝန်ယူမှာလား။ ဘယ်သူက တာဝန်ယူမှာလဲ။ လောလောဆယ် အနေအထားက ဒီလိုဖြစ်နေပြီ။ တစ်ခါတလေ စိုးရိမ်လွန်ပြီး ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက SME တွေကလည်း အရေးကြီးပါတယ်။ သူတို့တွေကြီးထွားလာမှ လုပ်ငန်းရှင်ကြီးအဆင့် ရောက်မယ်။ ကျွန်တော်တို့ ချေးလို့ရတဲ့ ၀င်ငွေတွေကလည်း SME တွေဆီ ပြန်သွားနေပါတယ်။ ဥပမာ - သံချည်သံ ကွေးအဖွဲ့၊ သစ်အချောထည်အဖွဲ့၊ လေဘာခေါင်းအဖွဲ့ နောက်ဆုံးဆိုက်ထဲမှာ ထမင်းရောင်းသူတွေ၊ ဖြည်းဖြည်းချင်း စီပွားရေးကောင်းလာမယ်။ ထမင်းရောင်းသူဆိုရင်လည်း ထမင်းဆိုင်ကြီး တည်လာနိုင်မယ်။ ဒါကြောင့် လုပ်ငန်းတွေ တိုးတက်မှ သူတို့လည်း နောက်တစ်ဆင့် အနေနဲ့ တိုးတက်မယ်။ အဲဒီတော့ SME တွေအတွက်လည်း ကောင်းအောင်လုပ်ပေးပါ။ ဆောက်လုပ်ရေးကဏ္ဍကို ပြန်လည် လည်ပတ်နိုင်အောင် လုပ်ပေးပါလို့ နိဂုံးချုပ်အနေနဲ့ ပြောချင်ပါတယ်။

 

Category: 

Share