ဆန္ဒပြမယ် ကျောင်းထုတ်မယ် - ဇော်သက်ထွေး

ပြီးခဲ့တဲ့တစ်ပတ်က အိုင်တီနည်းပညာကျွမ်းကျင်ပြီး တိုင်းပြည်ရဲ့ ဥပဒေပြုရေးကဏ္ဍက ညီငယ်တစ်ယောက်နဲ့ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Digital Expo ၂၀၁၈ ပြပွဲကို သွားရောက်ခဲ့ပါတယ်။ Digital Transformation  လို့ခေါ်တဲ့ နည်းပညာပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ Digital Economy Promotion Agency  (DEPA) နဲ့  Digital Econmy and Society ၀န်ကြီးဌာနတို့က ဦးဆောင် ကျင်းပခဲ့တာဖြစ်ပါတယ်။ သူတို့ဖိတ်ကြားမှ ထိုင်းနိုင်ငံမှာ ဒီလိုဝန်ကြီးဌာနရှိမှန်း သိရတာဖြစ်ပါတယ်။

တကယ်တော့ ထိုင်းနဲ့မြန်မာဆိုတာ နယ်မြေချင်း ဆက်စပ်နေတဲ့ အိမ်နီးချင်းတွေဖြစ်သလို ကိုးကွယ်ယုံကြည်မှု ချင်းလည်း တူပါတယ်။ အတိတ်သမိုင်းကို လှမ်းမျှော်ကြည့်ရင် မြန်မာဆိုတာ ထိုင်းတွေ အတွက်တော့ အထင်ကြီး လေးစားရတဲ့နိုင်ငံ တစ်ခုပါပဲ။ ဘာသာရေးအရ ကြည့်မလား၊ ခမ်းနားတဲ့ ယဉ်ကျေးမှုလက်ရာတွေနဲ့ ရွှေတိဂုံစေတီတော်ကြီးရှိတယ်။ စစ်ရေးအရ ကြည့်မလား၊ ထိုင်း နိုင်ငံ အယုဒ္ဓယအထိ သိမ်းပိုက်ခဲ့ဖူးတယ်။ နိုင်ငံရေးအရ ကြည့်မလား၊ ၁၉၄၆ ဖဆပလ ခေတ်က  တည်းက ပါလီမန်ဒီမိုကရေစီစနစ်ကို မြန်မာက ကောင်း ကောင်း ကျင့်သုံးခဲ့တယ်။ စီးပွားရေးအရ ကြည့်မလား၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုတာ ထိုင်းတွေ အတွက်တော့ ခမ်းနားထည်ဝါလှတဲ့ လေဆိပ်တစ်ခု ဖြစ်ခဲ့တယ်။ ပညာရေးအရ ကြည့်မလား၊ ပြင်ဦးလွင် သစ်တောကျောင်းက သင်တန်းဆင်းလက်မှတ်ရမှ ထိုင်းနိုင်ငံမှာ သစ်တောခေါင်းလုပ်ခွင့်ရှိတယ်။ အခုတော့ ရာစုနှစ် တစ်ဝက်အကြာမှာ ဒီနိုင်ငံနှစ်ခုဟာ မိုးနဲ့မြေလို ခြားနားသွားပါပြီ။ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်ကို  ရောက်တယ်ဆိုရင်ပဲ လေဆိပ်ကို တိုးချဲ့ဖို့ ဆောက်လုပ်နေတဲ့ ကရိန်းတွေကို ထိုးထိုးထောင်ထောင် တွေ့ရ တယ်။ ထိုင်းနိုင်ငံကို တစ်နှစ်တစ်နှစ် လာရောက်လည်ပတ်တဲ့ တိုးရစ်စုစုပေါင်းဟာ သန်း ၂၀ ကျော်ပါတယ်။ ဘန်ကောက်မြို့ထဲကိုေ  လကြောင်းတစ်ခုတည်းက ၀င်ပေါက်အဖြစ် ဒွန်မောင်းလေဆိပ်နဲ့ သုဝဏ္ဏဘူမိ လေဆိပ် မှာ ငါးမိနစ် လေယာဉ် တစ်စင်းနှုန်း ဆင်းသက်လျက်ရှိပါတယ်။ ဒီလောက် စီစဉ်ပေးထား တာတောင် မလုံ လောက်တဲ့အတွက် သုဝဏ္ဏဘူမိလေဆိပ်မှာ Terminal 2 ကို ဆောက်ဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ဆင်ကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိနိ္ဒယဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ချမ်းသာ ကြွယ်ဝ လာပြီး ခရီးသွားလာမှုလည်း တိုးတက်လာပါတယ်။ သူတို့ကို လာချင်   အောင် ဆွဲဆောင် နေတာကတော့ မြန်မာမဟုတ်ဘဲ ထိုင်းနိုင်ငံ ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံထဲကို နေ့စဉ် လာရောက် လည်ပတ်တဲ့ တရုတ်နဲ့ အိနိ္ဒယတွေ များပြားလွန်းတဲ့အတွက် လေဆိပ်မှာ အင်္ဂလိပ်လိုသာမက တရုတ် နဲ့ အိနိ္ဒယလိုပါ ခရီးစဉ်တွေကို ကြေညာပေးနေရပါတယ်။

လေဆိပ်အထွက်မှာ ကုမ္ပဏီ အမှတ်တံဆိပ်တွေကို တပ်ဆင်ထားတဲ့ တက်္ကစီတွေရှိနေပါတယ်။ လေဆိပ်အ၀မှာ ကိုယ်သွားချင်တဲ့ နေရာ ဟိုတယ်ကို ပြောလိုက်ရုံပါပဲ။ အဲဒီကတာဝန်ရှိသူက မိမိစီးလိုတဲ့ တက်္ကစီအမျိုးအစား (ဥပမာ - မာစီဒီး၊BMW ၊ ယိုတာ ခရောင်း၊ Town Ace ) ကြိုက်တာကို ရွေးစေပါတယ်။ ကားရွေးပြီးရင် ကိုယ် သွားမယ့်လမ်းအပိုင်းအလိုက် သတ်မှတ်ထားတဲ့ ဈေးနှုန်းကို ပြပါတယ်။ သဘောတူရင် တခါတည်း ငွေချေပြီး တက်စီးသွားရုံပါပဲ။ ဒါကြောင့် ထိုင်းနိုင်ငံ မရောက်ဖူးတဲ့ ခရီးသွားတွေအတွက် လုံခြုံရေးအရ စိတ်ပူစရာ မလိုပါ ဘူး။ ဘယ်ကားက ဘယ်ခရီးသည်ကို ဘယ်ပို့တယ်ဆိုတာ မှတ်တမ်းရှိနေပါတယ်။ မြန်မာပြည်မှာလို ကိုယ့် တိုင်းပြည်က တက္ကစီကို ကိုယ့်လူမျိုးအချင်းချင်း ငှားစီးတာတောင် လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးမဟုတ်ပါဘူး။ ပြီးတော့ ကားတွေအားလုံးဟာ မှန်အလုံပိတ်၊ အဲကွန်းဖွင့်ပြီး သန့်ရှင်းသပ်ရပ်နေပါတယ်။ ကားမောင်းတဲ့သူဟာ ယူနီဖောင်းဝတ်ဆင်ထားပြီး သူ့အင်္ကျီမှာ လေဆိပ်မှာ တရားဝင်ပြေးဆွဲတဲ့ အေဂျင်စီရဲ့ အမှတ်တံဆိပ်တပ်ဆင် ထားပါတယ်။ မြန်မာနိုင်ငံက တက္ကစီတစ်စီးကိုငှားစီးရင် ပထမဆုံးကတော့ ကိုယ်သွားမယ့်ခရီး အတွက် ကျသင့်ငွေကို အကြီးအကျယ် ညှိနှိုင်းရတာပါပဲ။ ပြီးရင် အဲကွန်းမဖွင့်ဘဲ မှန်ချမောင်းတဲ့ တက်္ကစီနောက်ကို လိုက်ရပါလိမ့်မယ်။ ကားထဲမှာ တက္ကစီမီတာအစား ကားမောင်းသူရဲ့ ကွမ်းတံတွေးဘူး၊ ဒါမှမဟုတ် သောက် လက်စ ဆေးလိပ်နဲ့ မီးခြစ်ကို တွေ့နိုင်ပါတယ်။ ကွမ်းတံတွေးဘူး မတွေ့လို့ရှိရင်လည်း ၀မ်းသာမသွားပါနဲ့။ ကားဆရာက မီးပွိုင့် မိရင် သူ့ဘေးက ကားတံခါးကို   ဖွင့်ပြီး ကတ္တရာလမ်းပေါ်ကို ကွမ်းတံတွေး ထွေးချမှာ မို့လို့ပါပဲ။ ဒီ ကွဲပြားခြားနားမှုကို အမုန်းတရားနဲ့ မဟုတ်ဘဲ နာနာကျင်ကျင်နဲ့ ရေးပြနေတာဖြစ်ပါတယ်။ ဘာလို့ နှစ်ပေါင်း ၅၀ အတွင်း Chemistry တူတဲ့ လူမျိုးနှစ်မျိုးဟာ ဘာကြောင့် ဒီလောက်  ခြားနားသွားရတာလဲ။ ကိုး ကွယ်ယုံကြည်မှုကို ပြောရရင်လည်း အတူတူပါပဲ။ ပညာရေးကို ပြောရရင်တော့အရင်က ပညာရေး အဆင့် အတန်းမှာ မြန်မာက သာပေမယ့် အခုတော့ နောက်ကျန်ခဲ့ပြီဖြစ်ပါတယ်။ အသိဉဏ်မှာတော့ မြန်မာက အဆင်း ရဲဆုံးပါပဲ။

ထိုင်းက လက်ရှိသူတို့ရဲ့ စီးပွားရေးကို Digital Econmy  ဖြစ်အောင် ပြုပြင်ပြောင်းလဲနေတဲ့ အချိန်မှာ ကျွန်တော်တို့ ပွဲရုံတွေ ကတော့ တစ်လီ၊ နှစ်လီ ရေတွက် နေတုန်းပါပဲ။ မြန်မာက ရခိုင်ပြည် နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့အ    တွက် မကြာခင်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ဖွဲ့ လိုက်တဲ့အချိန်မှာ ထိုင်းနိုင်ငံကတော့ Digital Econmy and Society ၀န်ကြီးဌာနမျိုးကို  ဖွဲ့စည်းထား ခဲ့တာကြာပါပြီ။ သူတို့ ရဲ့ ရည်မှန်းချက်က သမားရိုးကျ စီးပွား  ရေးသမားတွေကို ပြုပြင်ပြောင်းလဲဖို့ တွန်းအားပေးမောင်းနှင်မှာ ဖြစ်ပါတယ်။ ဘာတွေကို မောင်းနှင်မှာလဲဆိုတော့ အင်တာနက်၊ အချက်အလက်နဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ ပြောင်းလဲအောင် လုပ်ဆောင်မှာဖြစ်ပြီး ဈေးကွက်ယှဉ်ပြိုင်မှုမှာ အသာရအောင် လုပ်ဆောင်နိုင်ဖို့အတွက် Digital Solution  တွေကို ရှာဖွေ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို သုံးရက်တိုင်တိုင် ကျင်းပခဲ့တာဖြစ် ပြီး ထိုင်းနိုင်ငံနဲ့အနီးဆုံး မြန်မာ နဲ့ လာအိုနိုင်ငံကတော့ နည်းပညာ ပြပွဲမှာ လာရောက် ပြသ နိုင်ခြင်း  မရှိပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်ကတော့ ဒီပွဲမှာ အကြီးအကျယ် ပါဝင်ခဲ့ပါတယ်။ ဒီနိုင်ငံတွေကလည်း ခေတ်သစ် စီးပွားရေးနယ်ပယ်ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် အခုကတည်းက ပြင်ဆင် နေတာ သိသာလွန်းပါတယ်။ ပထမနေ့မှာ ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ဖွင့်ပွဲ ကျင်းပပြီးတဲ့နောက်မှာတော့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ထူးခြားမှုတစ်ခု အဖြစ် ကဏ္ဍအလိုက် သက်ဆိုင်တဲ့ တက္ကသိုလ်တွေက ကျောင်း သား ကျောင်းသူတွေကို        ဖိတ်ကြားထားတာပဲ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် iflix က တင်ဆက်တဲ့ New Media Era ဆိုတဲ့ ဆွေးနွေးပွဲမှာ ဂျာနယ်လစ်တွေ၊ သတင်း အေဂျင်စီတွေ၊ ရုပ်သံလွှင့် ကုမ္ပဏီ နဲ့ အွန်လိုင်းစီးပွားရေး အေဂျင်စီတွေ တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ Blockchain and Healthcare အကြောင်း ဆွေးနွေးတဲ့အခါ မှာတော့ ထိုင်းနိုင်ငံဆေးတက္ကသိုလ်က စီနီယာ ကျောင်းသားကျောင်းသူတွေ တက်ရောက်ဆွေးနွေးခဲ့ တာကိုတွေ့ရပါတယ်။ Innvation in Payment  အကြောင်း ပြောတော့ စီးပွားရေး တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေ ရောက်လာပြန်ရော။ သူတို့တွေ ကို ကြည့်ရတာ အနာဂတ် အတွက် ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ကိုယ်စီရှိနေတာလည်း တွေ့ရတယ်။ ဒီလို Seminar တွေက လည်း တက္ကသိုလ်တွေကို ချိတ်  ဆက်ပြီး အနာဂတ်အတွက် ဂရုတစိုက် ပျိုးထောင်ပေးနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ အစည်းအဝေးတွေ၊ နှီးနှောဖလှယ်ပွဲတွေမှာ တက္ကသိုလ်တွေကို ဖိတ်လေ့ဖိတ်ထ မရှိပါဘူး။ တက္ကသိုလ်ထဲမှာ ကိုယ်ယူတဲ့ ဘာသာအလိုက်       သင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ပရော် ဖက်ရှင်နယ်လောကထဲက အမြင်တွေ၊  အတွေးအခေါ်တွေကို အလွယ်တကူ ထိတွေ့ခွင့်မရှိပါ ဘူး။ မြန်မာ နိုင်ငံက ပညာရေး ၀န်ကြီးဌာန အကြီးတန်းပုဂိ္ဂုလ်တွေရဲ့ ဦးနှောက်ထဲမှာ မျိုး ဆက် သစ်တွေအတွက် ဘယ်လိုပြုစု ပျိုးထောင်မလဲဆိုတာ သဲလွန်စ အချက်အလက် ကျွန်တော်တို့ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာက တော့ ပညာရေးဘတ်ဂျက်နည်း ပါးလို့ ဆန္ဒပြတဲ့အလုပ်ကို ကျောင်းသား ကျောင်းသူတွေက လုပ်ပြီး ပညာရေး ညွှန်ကြားရေးမှူးတွေ၊ ပါမောက္ခတွေက ကျောင်းထုတ်တဲ့ အလုပ်ကိုလုပ်ပါတယ်။ ဒီလုပ်ရပ် တွေရဲ့ အဆုံးမှာ Find to Solution ရှိမနေပါဘူး။ အာဃာတတွေ၊ အမုန်းတရားတွေ၊ ဒေါသတွေနဲ့ နာကျင်ကြေကွဲမှုတွေသာ ရှိနေပါတယ်။

ဒါကြောင့်ကျွန်တော်တို့တိုင်း ပြည်ကို “လက်ပြထားရစ် ကျန်ရစ်ခဲ့ပြီ မြန်မာပြည်” လို့ ကင်ပွန်းတပ်ရင် စိတ်မဆိုးကြပါနဲ့။

Category: 

Share