တက်သစ်စ အက်ရှင်သရုပ်ဆောင်ဝါသနာပါသူများဖြင့်  Fighter Hero's အဖွဲ့ ဖွဲ့စည်းသွားမည်ဟု သရုပ်ဆောင် ရဲမင်းပိုင် ကြေညာ

မြန်မာဗွီဒီယိုလောကတွင် တစ်ခေတ်တခါက  အက်ရှင်မင်းသားအဖြစ် နာမည်ကြီးခဲ့သည့် သရုပ်ဆောင် ရဲမင်းပိုင်သည် အက်ရှင်အနုပညာပိုင်းတွင် ဝါသနာပါသည့် တက်သစ်များဖြင့် Fighter Hero's အမည်ဖြင့်အဖွဲ့ ဖွဲ့ကာ ယင်းအဖွဲ့တွင်ပါဝင်မည့်သူများအား သင်တန်းပေးလေ့ကျင့် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

၎င်းFighter Hero'sအဖွဲ့တွင်အက်ရှင်အနုပညာအား စိတ်ပါဝင်စားသည့်အသက် ၃၀ခန့်အမျိုးသား၊အမျိုးသမီးများပါဝင်နိုင်ပြီး သင်တန်းကာလ နှစ်လတာဖြစ်သည့်အတွက် အချိန်ပြည့်သင်ယူနိုင်သူများကိုသာ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ၄င်းသင်တန်း နှစ်လတာကာလတွင် တစ်ရက်လျှင် ၆ နာရီမှ ၇ နာရီကြား အက်ရှင်ပိုင်းဆိုင်ရာများအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နေစဉ်ကင်မရာများဖြင့် ထိတွေ့၍ ကျရာဇတ်ရုပ်အတွက် အမျိုးမျိုးသော သရုပ်ဆောင် အလုပ်များကို အလှည့်ကျလေ့ကျင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း သရုပ်ဆောင်ရဲမင်း ပိုင်က ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။

ထို့အပြင် အက်ရှင်ဇတ်ရုပ်များ သင်ကြားရာတွင် စိတ်ကြိုက်ရိုက်ကူးသွားမည့် ဇာတ်လမ်းတိုများအား ရွေးချယ်ကာ ၁၀မိနစ်ခန့်ရှိ Shot Film Movies များကိုလည်းလူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင် ကြော်ငြာသွားမည်ဖြစ်ကြောင်းနှင့် ၄င်းFighter Hero'sအဖွဲ့ကို လူဦးရေ ၃၀ ဦးခန့်ဖြင့်ဖွဲ့စည်းသွား မည်ဖြစ်ပြီး ပထမအသုတ်အနေဖြင့် အမျိုးသမီး ၅ ဦး၊အမျိုးသား ၂၀ ဦး၊စုစုပေါင်း ၂၅ ဦးအား ခေါ်ယူ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သရုပ်ဆောင်ရဲမင်းပိုင်သည် အမေရိကန်ပြည်ထောင်စု၊Fort Wayne လေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက် နေ့ ည ၅နာရီခန့်တွင်ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။

ရဲမင်းပိုင်သည် အမေရိကန်တွင် မိသားစုနှင့်အတူနေထိုင်နေခြင်းဖြစ်ပြီး အမိမြန်မာပြည်နှင့် ခွဲခွာခဲ့သည်မှာ ၁၄ နှစ်ရှိသွားပြီဖြစ်သည်။ ရဲမင်းပိုင်သည် မြန်မာပြည်သို့ ပြန်ရောက်ရောက်ချင်း အမိမြေကို ကန်တော့ခဲ့သည်။

သတင်း-ကိုလူသစ်

Photo -  Ye Min Paing (FB)

Category: 

Share