ဇာဂနာ မရယ်နိုင်တော့ပါဘူး - ဇာဂနာ

 

၂၀၂၀ မှာ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ပါတော့မယ်။ ဒေသတွင်းနိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံက ရုပ်ရှင်နဲ့ ပတ်သက်လာရင် အစဉ်အလာကောင်း ခဲ့တယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ အဲဒီအစဉ်အလာကို မထိန်းနိုင် တာလဲ ထိပ်ဆုံးကပါပဲ။ ခုတော့  မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲဆိုတာလဲ ဒီကနေ့ပဲ ကျင်းပတယ်ဆိုပါတော့။ မြန်မာ့ရုပ်ရှင်လောကကြီး တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့ ဘယ်သူမှာ တာဝန်ရှိပါသလဲ။ အစိုးရမှာလား၊ ဖန်တီးသူ တွေမှာလား။ ပရိသတ်ဆီမှာလား။ ရုပ်ရှင်တစ်ကားနှစ်ကားနဲ့ ရုပ်ရှင်လောက ပြောင်းလဲမယ်ဆိုတာ ရူးလို့ပြော ကြတာပါ။ ကားတစ်ရာရိုက်လဲ မပြောင်းလဲပါဘူး။ လူတွေရဲ့ စိတ်တွေ အထိုင်တွေ ပြောင်းဖို့က အဓိက ကျပါ တယ်။

မြန်မာ့ရုပ်ရှင်ဗဟိုချက်မ ဆိုတဲ့ ၃၅ လမ်းမှာ ကားငါးဆယ်လောက် ရိုက်ထားသူတွေ ရှိနေ ပါတယ်။ ကျပ်သိန်း ငါးသောင်းလောက် ရင်းနှီးမြှုပ်နှံထားသူ တွေ ရှိနေပါတယ်။ သူတို့တွေဟာ ပိုက်ဆံပေါလို့ ပျင်းလို့ ရင်းနှီး မြှုပ်နှံ ထားတာ မဟုတ်ပါဘူး။ စီးပွားရေးပါ။ စားဝတ်နေရေးပါ။ ခုရုပ်ရှင်မရိုက်တော့ဘူးဆိုတာနဲ့ ထမင်းငတ်မှာ မိသား စုလေးရာကျော် ရှိပါတယ်။ နောက်ခြောက်လ အကြာမှာ ထမင်းငတ်မှာ မိသားစုတစ်ထောင့်သုံးရာကျော် ရှိပါ တယ်။ နောက်တစ်နှစ်အကြာမှာတော့ မိသားစု နှစ်ထောင်ကျော် ထမင်းငတ်ကြပါလိမ့်မယ်။ အဲသလို ထမင်းငတ် ကုန်ကြရင် သူတို့အပူတွေ လမ်းမပေါ် ရောက်လာကြပါလိမ့်မယ်။ ကျွန် တော်တို့ဒီအထိ ထည့်တွက်ကြဖို့ လိုပါ တယ်။ ရုပ်ရှင်လေးတစ်ကားလောက်နဲ့ ခေတ်ပြောင်း တော် လှန်ရေးပါလို့ အော်နေကြသူ တွေလို လိုက်မရူးနိုင် အားပါဘူး။

၁၉၈၈ ကို ကြုံဖူးခဲ့သလို ၁၉၉၆ ကိုလည်း ဖြတ်သန်းခဲ့ပြီး ပါပြီ။ နီးနီးနားနား ၂၀၀၈ ခုနှစ် ကို မမေ့သင့်သေးပါ ဘူး။ နာဂစ်ဖြစ်လို့ ရုပ်ရှင်မရိုက်ရတာ သုံးလ လောက်ရပ်သွားရုံနဲ့ လူတွေရဲ့ ဗိုက်တွေ ရပ်မသွားခဲ့ပါဘူး။ ထမင်း စားတာတွေ ရပ်မသွားပါဘူး။ အခု ဒီစကားပြောနေတာဟာ ကိုယ်တစ်ယောက်တည်းအတွက် ကိုယ် ထမင်းစား ရဖို့အတွက် ပြောနေ တာမဟုတ်ပါဘူး။ကိုယ်ကျင်လည်ရာ ရုပ်ရှင် လောကအတွက်၊ ရုပ်ရှင်လောက သားတွေနဲ့ သူတို့ဆက်စပ်နေတဲ့မိသားစုအတွက်ပါ။ရုပ်ရှင်လောက ပြောင်းလဲဖို့၊ တိုးတက်လာဖို့ဆိုတာ ရုပ်ရှင်လေး တစ် ကား ရိုက်ပြီး လေကြီးမိုးကျယ်ပြောနေဖို့ မဟုတ်ပါဘူး။ ဒီလောကကို စေတနာဘယ်လောက်ရှိသလဲ။ ဘယ် လောက်လုပ်နိုင်သလဲ၊ ဘယ်အတိုင်းအတာထိ လုပ်ပေးနိုင်သလဲ။ ပြောစမ်းပါ။ ပြောကြပါ။ လုပ်စမ်းပါ။ လုပ် ကြပါလို့ တိုက်တွန်း ချင်ပါတယ်။

တတ်နိုင်လို့ လကမ္ဘာပေါ် တက်ပြီး ပညာသင်လာလာ၊ ကိုယ်ကျင်လည်ရာ ဘ၀အတွက် ဘာတစ်ခုမှ မလုပ် ပေးနိုင်ဘဲ ကြီးကြီးကျယ်ကျယ်ပြောနေကြ တာတွေကိုတော့ သနားတယ်လို့ ပြောပါရစေ။ ခုလိုပြောနေရတာ မချိတင်ကဲပါ။ အင်မတန် ရင်နာ ပြီး ပြောနေရတာပါ။ ရုပ်ရှင်လောကဖွံ့ဖြိုးဖို့ ဘယ်သူ့တာဝန်လဲ။ ရုပ်ရှင်သမား တွေ တာဝန်လို့ ပဲ ပြောချင်ပါတယ်။ ပရိသတ်နဲ့ ဘာမှမဆိုင်ပါဘူး။

ဒီလိုတိုးတက်ဖွံ့ဖြိုးလာဖို့ ဆိုတာ အကုန်လုံးဝိုင်းလုပ်ကြဖို့ လိုပါတယ်။ တစ်ယောက်တည်း လုပ်လို့မရပါဘူး။ ရုပ်ရှင်အစည်း အရုံးတစ်ခုတည်းနဲ့လည်း မရပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့လည်း မရပါဘူး။ ဘာဖြစ်ချင်တာလဲ။ ဘာလုပ်ချင် တာလဲ။ ဥပဒေရှိနေပါတယ်။ ဥပဒေဘောင်အတွင်းကနေ ပြောင်းလဲမှုကို အရ ယူရပါမယ်။ လုပ်ယူရပါမယ်။ ဥပဒေဆိုတာကြီးကို မေ့ထားလို့ မရပါဘူး။

ကိုယ့်ဇာတ်ကား ရုံမတင်ရတာ။ ရုံနည်းနည်းပဲ တင်ရတာ။ ပိုက်ဆံထင်သလောက် မရတာ။ စတာ စတာတွေဟာ ဒီဥပဒေကြီး ကြောင့် ဖြစ်နေရတာဆိုတာကို တော့ သဘောပေါက်ကြဖို့လိုပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်သေးလို့ အခု လက်ရှိအစိုးရ ဘာအကျပ်အ တည်းတွေ တွေ့နေရသလဲ။ ရုပ်ရှင် တစ်လောကတည်း အကျပ်ရိုက်နေတာ မဟုတ်ပါဘူး။ ဥစ္စာရင် လို ဥစ္စာခဲပေါ့။ ရုပ်ရှင်လောက အခက်တွေ့ရင် ရုပ်ရှင်လောက သားတွေ ပြင်ကြပေါ့။ ဆွေးနွေးကြ ပေါ့။   တိုင်ပင်ကြပေါ့။

ခုတော့ ရင်နာစရာ။ Forever အဖွဲ့က တာဝန်ယူပြီး  ကိုယ့်ရုပ် ရှင်လောကကောင်းဖို့ တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့ ပိုက်ဆံ အကုန်အကျခံ ဖိုရမ်လုပ်ပေးတာ။ ရုပ်ရှင်သမား ဘယ်နှယောက် လာတက်သလဲ။ မရှက်ပါနဲ့။ ပြောကြပါ။ ကား ပေါင်းများစွာ ရိုက်နေတဲ့ ဒါရိုက်တာကစလို့ တစ်ကားတည်းရိုက် တဲ့ဒါရိုက်တာအထိ တစ်ယောက်မှ မလာကြဘူး။ မဖိတ်လို့ဆိုတဲ့ စကားမလိုပါဘူး။ ဒီပွဲထဲတက်လာ လို့ ဘယ်သူ့ကိုမှ မောင်းမထုတ်ပါ ဘူး။ ဖိတ်မှလာမယ်ပြောရအောင်လည်း တစ်ခွန်းတည်းမေးပါရစေ။ ခင်ဗျားဘာလဲ။

ဇာဂနာဆိုတဲ့ ကျွန်တော်က တော့ ဖိတ်စာမရသလို၊ ဘယ်သူကမှ လည်း မဖိတ်ပါဘူး။ ကိုယ့် တာဝန်ရှိတယ်လို့ ယုံကြည်ပြီး သွားပါတယ်။ ထမင်းတစ်လုတ် မစားခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့်ကို ထမင်းအလုပ်ပေါင်းများစွာ ကျွေး ခဲ့တဲ့ ရုပ်ရှင်လောက အကျိုးပါ။ ခုတော့ ရင်နာစရာ။ ဒါရိုက်တာ နာမည်ကျော်တွေ မတွေ့ရဘူး။ ဖေ့စ်ဘုတ် ပေါ်မှာ သိပ်တတ်နေတဲ့ လူတွေလည်း မလာကြဘူး။ ဇာတ်ညွှန်းဆရာတွေလည်း လောက်လောက်လား လားမတွေ့ ရဘူး။ ထုတ်လုပ်သူတွေကတော့ ကျဲတောက်တောက်ပါ။ ဒါဆို ဘာလို့ဒီပွဲလုပ်နေကြတာလဲ။ မေးရပါတော့မယ်။

ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်သူ့လွှတ်တော်၊အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ကြီး တွေတောင် အချိန် ပေးပြီး တကူးတက တက်နေရက်သားနဲ့ ရုပ်ရှင်လောကသားတွေ ဘာလို့ မတက်ကြတာလဲ။ ဘာမှားနေ သလဲ။ ဆန်းစစ်ကြရပါတော့ မယ်။ အခုလုပ်တာဆင်ဆာမူဝါဒ ကိစ္စပါပဲ။ ရုပ်ရှင်ပဲဖြစ်ဖြစ် ဗီဒီယို ပဲဖြစ်ဖြစ် ဆင်ဆာကိုမကျော်မဖြတ်ဘဲ လိုရာမရောက်ပါဘူး။ ဒီတော့ဆင်ဆာနဲ့ပတ်သက်လို့ ပြောသင့်ဆွေးနွေးသင့်တယ်မဟုတ် ပါလား။ ဆင်ဆာဆိုတာ ရှိသင့်လား၊ မရှိသင့်တော့ဘူးလား။ လျှော့ပေါ့သင့်သလား။နေမြဲလား။ Rating စနစ်ကို သွားသင့်ပြီလား။ စောင့်ရဦးမလား။ ပြောဖို့လိုပါ တယ်။ ပြောတယ်ဆိုတာ ဆွေး နွေးတာ၊ ညှိနှိုင်းတာပါ။ ဒီမိုက ရေစီရဲ့ အနှစ်သာရဟာ ဆွေးနွေး ညှိနှိုင်း ဖို့ပါ။ ဘုံသဘောထား အရယူဖို့ပါ။

လာလည်းမပြော၊ အဖြေ လည်းမရှာဘူးဆိုရင်တော့ မပြောင်းလဲတဲ့အခါ အပြစ်မပြော ကြပါနဲ့။ ဒီနေရာမှာ စဉ်းစားစရာကောင်းတဲ့ကိစ္စပေါ်လာပါ တယ်။ မလာကြတာ ရုပ်ရှင် အစည်းအရုံးကို မယုံတာလား၊ ပြောင်းလဲ ချိန်တန်ပြီပြောတဲ့ အစိုးရကို မယုံတာလား။

 ဆက်ပါမည်။

Category: 

Share