ချမ်းသာမယ့်စာရင်းမှာ ပါပါရစေ - လက်စောင်းထက်

ရန်ကုန်တိုင်းဝန်ကြီးချုပ်က SME လုပ်ငန်း ၁၀၀ ကို ပထမအဆင့် သူဌေးဖြစ်အောင်လုပ်ပေးမည်။ ထို ၁၀၀ မှ တစ်ထောင်ဆင့်ပွားပြီး သူဌေးဖြစ်အောင် လုပ်ပေးမည်ဟု ပြောသံကြားလိုက်ရသည်။ အစိုးရနှင့်နီးစပ်သူ တစ်ယောက်ကို မေးကြည့်ရာ ရန်ကုန်တိုင်း အတွင်း SME လုပ်ငန်း ၅၅၀ ရှိသည်ဟု ပြောသည်။ ထိုအဖြေကို ကြားလိုက်ရသည်နှင့် SME ဆိုသည့်အနက်ကို သေချာစွာမသိကြသေးကြောင်း ပေါ်လွင်နေသည်။ သူတို့သိသည့် SME ဆိုသည်မှာ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ စာရင်းသာ ဖြစ်သည်။ SME ဆိုသည်မှာ ကုန်ထုတ်လုပ်ငန်းတစ်ခုတည်းကိုသာ ပြောသည်မဟုတ်ဘဲ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအားလုံး အကျုံးဝင်ကြောင်းလည်း သိပုံမရကြ၊စီးပွားရေး ဆိုသည်မှာဘာကိုခေါ်သနည်း။ ကွယ်လွန်သွားပြီဖြစ်သော စီးပွားရေးတက္ကသိုလ်မှ ဆရာကြီး ဦးသိန်းအောင်စကားဖြင့် အလွယ်ဆုံးပြောရသော် ငွေများကိုစီးဆင်းအောင်လုပ်ခြင်း၊ ပွားများအောင်လုပ်ခြင်း ကိစ္စအားလုံးကို စီးပွားရေးဟု ခေါ်ကြောင်းပထမ ပြောလိုပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းဆိုသည်တွင် ကုန်ထုတ်လုပ်မှုသာမက ကုန်သွယ်ခြင်းနှင့် ၀န် ဆောင်မှုလုပ်ငန်းများလည်း ပါဝင်လျက်ရှိသည်။ မတိုးတက်သေးသော နိုင်ငံများသည် ကုန်ထုတ်လုပ်ငန်းများ ကိုသာအားထားနေရသော်လည်း ခေတ်မီတိုးတက်သည့်နိုင်ငံများတွင်ဝန်ဆောင်မှုလုပ်ငန်းအချိုးက ကုန်ထုတ် လုပ်မှု အချိုးထက် ပိုများနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က စတင်သတ်မှတ်ခဲ့သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖော်ပြ ချက်သည် စက်မှုကုန်ထုတ်လုပ်ငန်း ( SMIs) အတွက်သာဖြစ်နေသေးသည်။ ထိုသတ်မှတ်ချက်အရ အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း SME ကိုအသုံးပြုသည့် လျှပ်စစ်ပမာဏ၊ အသုံးပြုသည့် လုပ်သား အရေအတွက်၊ ရင်းနှီးမတည်ငွေ၊ ကုန်ထုတ်လုပ်မှုပမာဏဖြင့်သာ သတ်မှတ်ခဲ့သည်။ လျှပ်စစ်မြင်းကောင်ရေ သုံးကောင် မှ ၂၅ ကောင်အထိ သုံးသည့်လုပ်ငန်း၊  လုပ်သား ၁၀ ဦးမှ ၅၀ ဦးအထိရှိသည့် လုပ်ငန်း၊ ရင်းနှီးမ တည်ငွေကျပ်တစ်သန်းအထိရှိသည့်လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုတန်ဖိုး ကျပ် ၂ ဒသမ ၅ သန်း အထိ ရှိလျှင် အသေးစား စီးပွားရေးလုပ်ငန်းဟု သတ်မှတ်ပြီး လျှပ်စစ်မြင်းကောင်ရေ ၂၆ ကောင်မှ ၅၀ အထိ သုံးလျှင်၊ လုပ်သား ၅၁ ဦးမှ ၁၀၀ ကြား သုံးလျှင် ရင်းနှီးမတည်ငွေ ကျပ်ငါးသန်း အထိ ရှိလျှင်၊ ကုန်ထုတ်လုပ်မှု ပမာဏ ကျပ် ၂ ဒသမ ၅ သန်းမှ ၁၀ သန်းအထိရှိလျှင် အလတ်စား စီးပွားရေးလုပ်ငန်းဟု သတ်မှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံမှ လာရောက်လေ့ လာသောစစ်တမ်းအရ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင် အကြီးစား စက်မှုလက်မှုလုပ်ငန်း ၃၄၈၃ ခု၊ အလတ်စား ၆၅၁၆ ခု၊ အသေးစား ၃၃၅၀၄ ခု ရှိသည့်အတွက် မြန်မာနိုင်ငံ၏ ကုန်ထုတ် လုပ်ငန်းအများစုမှာ   အသေးစားနှင့် အလတ်စားများသာဖြစ်ပြီး စုစုပေါင်းကုန်ထုတ်လုပ်ငန်း ၏ ၉၁ ဒသမ ၉၉ ရာခိုင်နှုန်း ရှိနေသည်။

တစ်ဖန် ထိုအသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများတွင် အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်းက ၆၅ ဒသမ ၃၆ ရာ ခိုင်နှုန်း ဖြစ်နေသည်ကို တွေ့ရသည်။ ထို့အပြင် SME လုပ်ငန်း ၄၅၇၉ ခုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိနေသည်ကိုတွေ့ရသည်။ သို့ သော် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်က အတည်ပြုလိုက်သော အသေးစားနှင့်အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝါဒတွင် အသေးစားနှင့်အလတ် စား စီးပွားရေးလုပ်ငန်းများကို ထုတ်လုပ်မှုလုပ် ငန်းများ၊ လုပ်အားအခြေပြုလုပ်ငန်းများ၊ လက်ကား ရောင်းဝယ် ရေး အဓိကလုပ်ငန်းများ၊ လက်လီ ရောင်းဝယ်ရေးအဓိကလုပ်ငန်းများ၊ ၀န်ဆောင်မှု အဓိက လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကိုပါ ထည့်သွင်းသတ်မှတ်လိုက်သည်ကို တွေ့ရသည်။ ထို့ကြောင့်  ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ရွေးချယ်ပြီး သူဌေးဖြစ်အောင် လုပ်ပေးမည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များထဲတွင် ကုန်ထုတ်လုပ်မှုမဟုတ်သည့် အခြား ၀န်ဆောင်မှု လုပ်ငန်းများ၊ ကုန်သွယ် မှုလုပ်ငန်း များ ပါမပါ သိလိုပါသည်။ 

ဝန်ကြီးတဲ့ဗျာ၊ Product နဲ့ Brand ကိုတောင် ခွဲခြားမသိဘူး ဟု ဘဏ် လုပ်ငန်း ပညာရှင်တစ်ဦးက ၀န်ကြီးတစ်ပါး ၏ အစည်းအဝေးကိုတက်ပြီး ညည်းညူဖူးသည်။ ပြောလိုသည်မှာ ၀န်ကြီးဝန်ကလေးများအနေဖြင့် အရာရာကိုသိအောင် အရင်လေ့လာစေလိုပါ သည်။ မိမိထံ ကွန်ပျူတာများ၊ ရောင်စုံဆလိုက် များဖြင့် လာရောက်ရှင်းလင်း တင်ပြသည် လောက်ကိုနားထောင်ပြီး မိမိကိုယ်ကို အကုန်သိ အကုန်တတ်ဟု မယူဆစေလိုပါ။ မိမိထံ လာ ရောက်ရှင်းလင်းတင်ပြသူများသည် သူတို့ ကိုယ် ကျိုးစီးပွား အတွက် လာရောက်တင်ပြခြင်းသာ ဖြစ်သည့်အတွက် သူတို့တင်ပြလိုသည့် လုပ်ငန်းကို ခွင့်ပြုပါက နိုင်ငံ အတွက်၊ မြို့တော်အတွက် မည်သည့် အကျိုးကျေးဇူးများ ရမည်၊ အစိုးရ အနေဖြင့် ငွေကြေးမထုတ်ရဘဲ မည်သည့်အကျိုး ကျေးဇူးများရမည်၊ ပြည်သူပြည်သားများအတွက် မည်သို့မည်ပုံ အကျိုးထူးမည်ဟု တင်ပြ မည့်သူ များသာဖြစ်သည်ကို သတိချပ်စေလိုပါသည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်သည်နှင့် တည်ငြိမ်အေးချမ်းရန် နိုင်ငံတွင် လူလတ်တန်းစား အလွှာအားကောင်းရန် လိုပါသည်။ အမေရိကန်လို နိုင်ငံမျိုးပင်လျှင် ဟင်နရီဖို့ဒ်က လူတိုင်းစီးနိုင်သည့် ကား ထုတ်လုပ်ပေးမှုမှ လူလတ် တန်းစားအလွှာ ပေါ်လာခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် SME များ ပစ်ပယ်ခံထားရသည်မှာ ကြာပြီဖြစ်ပါသည်။

ဘဏ်လုပ်ထုံး လုပ်  နည်းများအရ အပေါင်ပစ္စည်း ရှိမှ ငွေချေးနိုင်သော နိုင်ငံတွင် SME များ ရပ်တည်ရန် ခက်ခဲ လှ ပါသည်။ ထို့အပြင် အစိုးရအဆက်ဆက် SME များကို အကာအကွယ် မပေးခဲ့ကြပါ။ ယခုဆိုလျှင် ပြည် တွင်းထုတ် ချည်ချောလုံချည် နှင့် သားရေဖိနပ်များပင်လျှင် တရုတ်မှ အစုလိုက်အပြုံလိုက် ထုတ်လုပ်တင်သွင်း နေသည်ကို လက်ပိုက်ကြည့်နေရပါသည်။ တရုတ်ကဲ့သို့ ပစ္စည်းများကို အစုလိုက်အပြုံလိုက် Mass Product ထုတ်နိုင်သော နိုင်ငံအနီးတွင် နေရသည့်အတွက် မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် များရှင်သန်ရေးမှာ အစိုးရက ဥပဒေများဖြင့် ကာကွယ်ပေး ခြင်း၊ လိုအပ်သည့် ငွေကြေး ထောက်ပံ့ခြင်းတို့ပါမှ ရှင်သန်နိုင်မည် ဖြစ်သည်။ ယခုအခါ ထိုင်း နိုင်ငံတွင် အလုပ်လုပ်နေသော ကမ္ဘောဒီးယားနှင့် လာအိုအလုပ် သမားများသည် သူတို့နိုင်ငံများ ၏ စီးပွားရေး မြင့်တက်လာမှု ကြောင့် နေရပ်ပြန်နေပြီး ထိုနေ ရာများသို့ ပြည်တွင်းတွင် အလုပ် အကိုင်အခွင့်အလမ်း မရှိသော မြန်မာလုပ်သားများက အောက်ဈေးဖြင့် ၀င်ရောက် လုပ်ကိုင်နေ ရပါသည်။ အကယ်၍သာ ပြည်တွင်းတွင် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ပါက ထိုသူများ သားတကွဲ၊ မယားတကွဲ အိုးပစ်အိမ်ပစ်၍ ထိုင်းနိုင်ငံသို့ သွားရောက်ကြမည် မဟုတ်ပါ။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ SMEများကို သူဌေးဖြစ်အောင်လုပ်ပေးမည်ဟူသော ပြောကြားချက်ကို ထောက်ခံပါသည်။ သူဌေးဖြစ်ရန်ထက် ပြည်တွင်းတွင် SME များ ရပ် တည်နိုင်မှ ပြည်တွင်းသွင်းကုန် ယိုပေါက် ကို ပိတ်ဆို့နိုင်မည်ဖြစ် ပြီး ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရမည်ဖြစ်သည်။ SME များကို သူဌေးဖြစ်အောင် လုပ်ပေးမည် ဆိုရာတွင် ဘဏ် ချေးငွေ တစ်ခုတည်းဖြင့် မလုံလောက်ဘဲ လိုအပ်သည့် ဥပဒေ အကာအကွယ်များ၊ အခွန် ဖြေလျှော့မှုများလည်းပေါ်ရန် လိုအပ်ပါသည်။ နိုင်ငံတော်တွင် SME ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ မူဝါဒက ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ထို ပြဋ္ဌာန်းချက်အတိုင်း မျှော်လင့် ချက်များ အမှန်တကယ်ဖြစ် လာပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

Category: 

Share