သောင်ရင်းမြစ်ကမ်းဆီသို့ သမီးကလေး ခရီးကြမ်းနှင်နိုင်ခဲ့လေပြီ - ကျော်စွာမြင့် (၁၉၈၈ - ၁၉၉၂ ဗ.က.သ)

သမီးကလေးတဲ့။ နာမည်ကလေးက အေးချမ်းသလောက် မအေးချမ်းတဲ့ ပြည်သူတွေ နေခဲ့ကြရတဲ့ ကျေးရွာလေး တစ်ခုပါ။ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ် ထဲမှာရှိပြီး နိုင်ငံပိုင်မြေလွတ်ပေါ်မှာ ခုတ်ထွင်ရှင်းလင်းပြီး နှစ်ပေါင်း(၂၀)လောက် ကျေးရွာထူထောင်နေခဲ့ကြတဲ့ တိုင်းရင်းသား နင်းပြား ပြည်သူတွေရဲ့ လက်လုပ်လက်စား၊ လယ်ယာ ဥယျာဉ်ခြံလေးတွေနဲ့ အေးချမ်းလှတဲ့ သမီးကလေး ရွာလေးပါ။ ၂၀၀၉ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မဲဆန္ဒပေးပွဲမှာလည်း ပါဝင်ခဲ့ကြသလို ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာလည်း မဲပေးခွင့် ရရှိခဲ့တဲ့ ကျေးရွာတစ်ရွာပါ။

ဒါပေမဲ့ တိုင်းပြည်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲနေ ပါတယ်ဆိုတဲ့ အစိုးရ လက်ထက်ရဲ့ နေ့တစ်နေ့မှာတော့ တပ်မတော်ပိုင် မြေနေရာထဲမှာ သမီးကလေးကျေးရွာ ကျူးကျော်ကျရောက် နေပါတယ်ဆိုခြင်းနဲ့အတူ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ဆောင်းနံနက်ခင်း တစ်ခုမှာ အဖျက်ဆီး ခံလိုက်ရပါတယ်။

ဒေသခံ စစ်တပ်က ရွာတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ ဖြစ်နေရတဲ့ သမီးလေးရွာက ဆင်းရဲသား ပြည်သူတွေဟာ ရုတ်တရက် မတရားအ ဖျက်ဆီးခံလိုက်ကြရတဲ့အခါ အနီးအနားက အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာပဲ ခိုလှုံနေထိုင်ခဲ့ကြရတာပေါ့။ ဒီလိုခိုလှုံနေတာကိုလည်း လက်မခံနိုင်ကြောင်း ဒေသ အာဏာပိုင်တွေက ထပ်ဆင့် အကြပ်ကိုင်လာပြန်တော့ ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဓမ္မနဲ့ ကျေးရွာသားတွေက ကျောင်းသားလေးတွေ စာမေးပွဲ ဖြေပြီးချိန် အထိတော့ ခိုလှုံပါရစေလို့ တောင်းပန်ခဲ့ကြရပါတယ်။ တစ်ချိန်တည်းမှာပဲ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက နှစ်ပေါင်းရှည်ကြာစွာ တည်ခဲ့တဲ့ ကျေးရွာလေး တစ်ရွာကို အခုကျမှ စာရွက်ပေါ်မှာ ကျူးကျော်နေပါတယ်ဆိုပြီး ဖျက်ဆီး သိမ်းဆည်းခဲ့ခြင်း အပေါ် မခံမရပ်နိုင် ဖြစ်ကြပြီး ဒုက္ခသည် သမီးကလေး ရွာသားတွေကို စားဝတ်နေရေး၊ ကျန်းမာရေးကအစ အင်နဲ့အားနဲ့ သွားရောက် ကူညီပံ့ပိုးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သမီးကလေး ကျေးရွာအနီးက အင်းမတီးနဲ့ ဒေါ်ကာလီ ကျေးရွာတွေကိုလည်း တပ်မတော်ပိုင် ကျူးကျော်နေထိုင်သူများ အဖြစ် ခေါင်းစဉ်တပ်ကာ ဆက်တိုက် သိမ်းယူမှုတွေ ပြုလုပ်လာခဲ့ကြပြန်ပါတယ်။

ဒါကြောင့် လှည်းကူးမြို့နယ်ကလေး အတွင်းက ကျေးရွာ(၃)ရွာက တိုင်းရင်းသား မြန်မာနိုင်ငံသားစစ်စစ် ဒုက္ခသည်(၃၀၀)ခန့် အခြေပျက်အနေပျက်၊ အိုးမဲ့အိမ်မဲ့ဘ၀ ရုတ်ချည်း ကျရောက်သွားခဲ့ ကြပါတယ်။

အဲဒီ ကျေးရွာ အဖျက်ခံထားရတဲ့ ပြည်သူတွေ အတွက် တစ်ရက်ထက် တစ်ရက်သာ ကြာညောင်းလာခဲ့ပေမယ့် တာဝန်ရှိသူတွေ ဘက်က နေထိုင်စရာ မြေနေရာ ပြန်လည် အစားပေးမယ်တို့ တစ်စုံတရာ တာဝန်ယူ ပေးမယ်ဆိုတဲ့ အရိပ်အယောင် မတွေ့ရတော့ပါဘူး။

အဲဒီလိုအချိန်မှာ တိုင်းရင်းသား ပြည်သူတွေ အခုလို ပူပြင်းတဲ့ နေရောင်အောက်မှာ နေရမဲ့၊ စားရမဲ့ ဘယ်သူကမှ တာဝန်မယူတဲ့ ဖြစ်ရပ်အပေါ် ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင် အရပ်က ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)အဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ တာဝန်ရှိသူတွေဟာ ဒုက္ခသည်တွေ စခန်းချနေတဲ့ ဘုန်းတော်ကြီးကျောင်းဆီ ရောက်လာခဲ့ကြ ပါတယ်။ တိုင်းရင်းသား အချင်းချင်း ဒုက္ခရောက် ပြည်သူတွေကို မကြည့်ရက်နိုင်လေတော့ သူတို့ရဲ့ ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင် ဒေသကိုသာ လိုက်ခဲ့ကြပါတော့၊ နေစရာ မြေလည်းပေးပါ့မယ်၊ စိုက်ပျိုးစားသောက် လုပ်ကိုင်ဖို့လည်း စီစဉ်ပေးပါ့မယ်လို့ ရင်ထုမနာ ပြောဆိုခဲ့ပါတယ်။

အိုးမဲ့အိမ်မဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ မိသားစု ဘ၀တွေကို DKBAက ကူညီဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီသတင်းဟာ သတင်း မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလိုက်တဲ့အခါ ပြည်သူကို တာဝန်မဲ့စွာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ သိရှိ နားလည်မိလိုက်ကြပါတယ်။ ဒီအခြေအနေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး၊ ၀ါးယားကုန်း ကျေးရွာ အနီးက ပါတီပိုင်မြေ နေရာမှာ မြေကွက်တွေ ပေးအပ်ကူညီမယ် ဆိုပြီး သတင်း မီဒီယာတွေမှာ ဖော်ပြလာကြပြန်တယ်။ အဲဒီလိုပဲ ကြံ့ခိုင်ရေး လွှတ်တော် ကိုယ်စားလှယ် နဲ့ပါတီက တာဝန်ရှိသူ တချို့နဲ့ ဒေသ အာဏာပိုင်မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေကလည်း ဒုက္ခသည်တွေရှိရာ ဘုန်းတော်ကြီးကျောင်းကို ရောက်လာကြပြီး လူဦးရေ၊ မိသားစု စာရင်းတွေ လာရောက် ကောက်ခံ ခဲ့ကြပါတယ်။ ဒုက္ခသည် သမီးကလေးနဲ့ တခြားရွာနှစ်ရွာက ပြည်သူတွေ ၀မ်းသာကြတာပေါ့။

မကြာမီ ကြံ့ခိုင်ရေးပါတီက စီစဉ်ပေးတယ်ဆိုတဲ့ နေရာကို ဒုက္ခသည် မိသားစုတွေ ပြောင်းရွှေ့တဲ့အခါ မူလက ပြောဆိုထားချက်တွေနဲ့ ကွဲလွဲပြီး သောက်စရာ ရေကအစ မရှိအောင် လွင်ထီးပြင်မှာ ဒုက္ခထပ် တွေ့ကြတော့တယ်။ တကယ်တော့ DKBAက ကူညီပါမယ် ဆိုတာကို ဖျက်ဆီးချင်လို့ ဖျက်မျဉ်းသက်သက် ၀င်လုပ်တဲ့ သဘောမျိုးပါ။ တာဝန်ယူမှု စီမံခန့်ခွဲပေးမှု လုံးဝမရှိဘဲ ထပ်ပြီး နစ်သထက်နစ်အောင် လုပ်ခဲ့ကြပြန်ပါတယ်။ သူတို့ကို ကြံ့ဖွံ့ပါတီက မြေနေရာ ပေးပေမယ့် အဲဒီနေရာဟာ လုပ်ကိုင်စားသောက်ဖို့ မလွယ်တဲ့ နေရာဖြစ်နေလို့ မူလ ခိုလှုံရာ ဘုန်းတော်ကြီးကျောင်းဆီသာ ပြန်လာခဲ့ကြပါတော့တယ်။

နောက်ဆုံးမှာတော့ ဒုက္ခသည်တွေကို နေထိုင်ဖို့ ကူညီပေးနေတဲ့ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းက ဆရာတော် အပါအ၀င် သမီးကလေး ကျေးရွာ၊ အင်းမတီးနဲ့ ဒေါ်ကာလီ ကျေးရွာတွေက ဒုကသည် ပြည်သူတွေဟာ DKBA ခေါ် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်က ကမ်းလှမ်းထားတဲ့ ကရင်ပြည်နယ်က ဆုံဆည်းမြိုင်ရွာနဲ့ ကျောက်ခက်ရွာမှာ နေထိုင်လုပ်ကိုင် စားသောက်ဖို့ လိုက်ပါသွားကြဖို့သာ ဆုံးဖြတ်လိုက် ကြပါတယ်။

ဒါကြောင့် ဧပြီလ(၃)ရက်နေ့မှာ အိမ်ထောင်စုဝင် (၃၀၀)ကျော်ဟာ ကရင်ပြည်နယ်၊ ဒေါနတောင်တန်းတွေဆီ ရွှေ့ပြောင်း နေထိုင်ကြဖို့ စီစဉ်လိုက်ကြပါတယ်။ အဓိက ကူညီပေးဖို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ အဖွဲ့တွေဟာ ဦးစီးပြီး လိုက်ပါ ပို့ဆောင်ပေးဖို့ ကားကြီးတွေကအစ ကူညီနိုင်သမျှ ကူညီပေးကြဖို့ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေကို လိုက်လံ ဆွေးနွေး လုပ်ကိုင် ဆောင်ရွက်ပေး ခဲ့ကြပါတယ်။

ဒါပေမယ့် တိုက်ဆိုင်တာလား၊ တမင် လုပ်တာလား မသိအောင် ဧပြီလ(၁)ရက်နေ့မှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ ဦးဝင်းချိုတို့ကို ကျောက်တံတား မြို့နယ်တရားရုံးက လယ်သမားတွေ နစ်နာမှုတွေ၊ ဖမ်းဆီးမှုတွေ အတွက် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြမှုကို ပုဒ်မ(၁၈)နဲ့ တရားစွဲထားတဲ့ အမှုအား ဒဏ်ငွေ ချမှတ်နိုင်ပါလျက် ထောင်ဒဏ်(၃)လ အပြစ်ပေးလိုက်တယ်။ ဒါဆို ဧပြီလ(၃)ရက်နေ့ သမီးကလေး ရွာသားတွေ ကရင်ပြည်နယ် လိုက်ပါသွားဖို့အရေး နှောင့်နှေးရမလို ဖြစ်ခဲ့ပါတယ်။ သမီးကလေး ခရီးစဉ် လမ်းခရီးအတွက် ဦးဆောင်စီစဉ်ပေးမယ့်သူ မဲ့အောင်ပေါ့။

ဒါပေမယ့် ထိရင်ထတတ်တယ်၊ ဖိရင်ကြွတတ်တဲ့ နိယာမ သဘောတရား အရ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့လို ဦးဆောင် ကူညီပေးမယ့်သူတွေ မရှိတော့ပေမယ့် တခြား လူမှုကွန်ရက် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပရဟိတ ကူညီသူတွေဟာ ဧပြီလ(၃)ရက်နေ့ မနက်စောစောမှာ ဆယ်ဘီးကားကြီး(၃)စီးနဲ့ လိုက်ပါပို့ဆောင် ကူညီဖို့ အဆင်သင့် ဖြစ်နေခဲ့ကြပါတယ်။ ရွှေည၀ါ ဆရာတော်ကြီးလည်း ရောက်လာခဲ့ပြီး လမ်းခရီးမှာ အေးချမ်းကြပါစေကြောင်း ဆုတောင်း မေတ္တာပြုခဲ့ပါတယ်။ DKBAက တာဝန်ရှိသူ ဗိုလ်မှူးကြီး စောဆန်းအောင်တို့ကလည်း လမ်းခရီးက အသင့်စောင့်ဆိုင်း ကြိုဆိုနေခဲ့ကြပါတယ်။

ခရီးထွက်လာခဲ့ရင်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်နိမိတ်ခြားထားတဲ့ ဒုံသမိ တံတားနား အရောက်မှာ ရာနဲ့ချီတဲ့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားမြစ် ခဲ့ကြပါတယ်။ ကရင်ပြည်နယ် အစိုးရအဖွဲ့က အိမ်ရာမဲ့ ဒုက္ခသည် ပြည်သူတွေကို ကရင်ပြည်နယ်အတွင်း ၀င်ခွင့် မပြုဘူးတဲ့။

အလွန်အံသြတုန်လှုပ်မိတဲ့ သတင်းပါ။ ပြည်ထောင်စု မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဟာ ကိုယ့်နိုင်ငံအတွင်း လုပ်ကိုင်ရှာဖွေ စားသောက်နေထိုင်ဖို့ ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းနေထိုင်ခွင့် မရှိတော့ လေပြီလား။ မြန်မာနိုင်ငံသားတွေ အသွင် ကူးပြောင်းရေးနဲ့ ဒီမိုကရေစီအရေး အစိုးရ လက်ထက်မှာ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရလေပြီလား။

၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ မူလအခွင့်အရေးနဲ့ တာဝန်များ၊ ပုဒ်မ-၃၅၅ မှာ “နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့် အညီ အခြေစိုက် နေထိုင်ခွင့်ရှိသည်”လို့ ပြဋ္ဌာန်း ပါရှိတာကို လေ့လာဖတ်ရှူ မှတ်သားမိခဲ့ပြီး အခုလို တားဆီးမှုဟာ အစိုးရကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မလေးစား၊ မလိုက်နာရာ ရောက်နေပါတယ်။

ကရင်ပြည်နယ် အစိုးရက တားဆီးရခြင်း ကိစ္စကို အကြောင်းပြတာကတော့ ကရင်ပြည်နယ် အတွင်းမှာ မြေယာကိစ္စတွေပဲ ရှုပ်ထွေးနေသလိုလို ဝေေ၀၀ါးဝါး အကြောင်းပြပြီး တားဆီးနေခဲ့တာ ညနေ မိုးချုပ်ခါနီး အထိပါပဲ။ DKBAက ဗိုလ်မှူးကြီး စောဆန်းအောင်တို့ကလည်း အမျိုးမျိုး ဆွေးနွေးညှိနှိုင်းပေမယ့် မရပါဘူး။ လိုက်ပါ လာကြတဲ့ ဒုက္ခသည် ပြည်သူတွေကို ဘီးလင်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်သူတွေက စားစရာတွေ လာရောက်ပေးအပ်လို့သာ သူတို့တွေ စားသောက် ခဲ့ကြရတာပါ။

မိုးချုပ်ခါနီးမှာတော့ DKBAက တာဝန်ရှိသူတွေက ကရင်ပြည်နယ်ထဲ မသွားတော့ဘူး။ ကျိုက်မရောကနေ ကျိုက္ခမီရေလည် ဘုရားသွားဖူးပြီး ပြန်တော့မယ်လို့ လက်လျှော့သလို ပြောလိုက်တော့မှ ခွင့်ပြုလိုက်ပြီး သမီးကလေး ဒုက္ခသည် ယာဉ်တန်းဟာ ထွက်ခွာခွင့် ရခဲ့ပါတယ်။ ဧပြီလ (၃) ရက်နေ့ ညမှာတော့ ဒုက္ခသည်တွေဟာ ကျိုက်မရော မြို့နယ်က ဘုန်းကြီးကျောင်းမှာ ခိုလှုံခဲ့ကြပါတယ်။ စားသောက်ဖို့လည်း ဘုန်းကြီးကျောင်းကပဲ တာဝန်ယူ ကျွေးမွေးခဲ့ပြီး တချို့ကတော့ ရန်ကုန်ဘက်ကို ပြန်သွားခဲ့ကြပါတယ်။ အများစုကတော့ ဘာဆက်လုပ်ရမှန်းမသိ မျှော်လင့်ချက်မဲ့လျက်ပေါ့။

နောက်ဆုံးတော့ ဧပြီလ (၄) ရက်နေ့မှာ အားလုံးစုစည်း ဆွေးနွေးကြပြီး ဒုက္ခသည် ပြည်သူတွေကို ပုံသဏ္ဋာန်ပြောင်းပြီး ဘားအံလမ်းကြောင်း၊ ကျိုက်မရောလမ်းကြောင်းကနေ ကော့ကရိတ်မြို့ အထွက်ရှိ DKBA (ကလိုထူးဝါး စစ်ဌာချုပ်) စခန်း၊ ကောင်းမှုကျေးရွာဆီ သွားရောက်ကြဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။

ဧပြီလ (၅) ရက်နေ့ မနက်စောစောမှာတော့ မြေယာမဲ့ သမီးကလေး ဒုက္ခသည်တွေဟာ အသွင်သဏ္ဋာန် အမျိုးမျိုး အသွင်ယူကြပြီး DKBAက စီစဉ်ပေးတဲ့ မော်တော်ယာဉ်ငယ်မျိုးစုံနဲ့ တစ်မျိုး၊ ယောကျာ်းလေး တွေက ခရီးသည် တင်ယာဉ်တွေနဲ့ တစ်ဖုံ ကော့ကရိတ်မြို့ဆီ ထွက်ခွာလာခဲ့ကြပါတယ်။

သမီးလေး ရွာသားတွေ အားလုံး ကော့ကရိတ်မြို့၊ ကောင်းမှုရွာက ဗိုလ်မှူးချုပ် ကျော်သက် ဦးစီးတဲ့ DKBA (ကလိုထူးဝါး ဌာနချုပ်စခန်း) ကို ချောမောစွာရောက်ပြီး နေ့လည်စာ စားသောက်ရေချိုးကြရင်း အေးချမ်းတဲ့ အနှောင့်အယှက်ကင်းတဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်နိုင်ခဲ့ကြပါပြီ။ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ် မြ၀တီကို ဆက်လက်ထွက်ခွာဖို့ ယာဉ်ငယ်တန်းကို DKBAက ပြင်ဆင်ပေးခဲ့ပြီး ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။

ဒီနေ့ဟာ မြ၀တီ-ကော့ကရိတ် ကုန်သည်ကားလမ်း အဆင်းရက်ဖြစ်တဲ့အတွက် လမ်းဟောင်းအတိုင်း မြ၀တီကိုသွားလို့ မဖြစ်တာကြောင့် ဖောက်လုပ်နေဆဲ အာရှ ကားလမ်းအသစ်ကနေ သွားကြမှာဖြစ်ပါ တယ်။ သမီးလေးရွာသားတွေ လိုက်ပါမယ့် ကားတန်းလမ်း လုံခြုံရေးကိုတော့ ဒီကေဘီအေ တပ်ဖွဲ့တွေနဲ့ ကေအန်ယူတပ်ဖွဲ့တွေက ကူညီစောင့်ရှောက်ပေးပြီး ထွက်ခွာ လာခဲ့ကြရင်း ညနေ(၆) နာရီကျော်မှာ မြ၀တီမြို့ဝင်က ဖားခြောက်ကောင် ဘုန်းကြီးကျောင်း ရှေ့ရောက်တော့ သမီးကလေး ရွာသားတွေကို မြ၀တီမြို့ခံ DKBAအဖွဲ့၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ABSDK ကျောင်းသား တပ်မတော်၊ ကရင်လူငယ် အစည်းအရုံး KYO၊ KUNစတဲ့ အဖွဲ့အစည်းတွေက ခေါက်ဆွဲကြော်တွေ ကြိုတင် စီမံထားကြပြီး ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကျွေးမွေး ဧည့်ခံခဲ့ကြပါတယ်။

သမီးကလေး ရွားသားတွေကို ကြိုဆို အားပေးတဲ့ ကော့ကရိတ်မြို့က ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့ဝင်တစ်ဦး ပြောပြတာကတော့ “ရွာသားတွေဟာ အတော်ကြီး ပင်ပန်းနေကြတယ်။ ဒါပေမယ့် သူတို့အားလုံး ဒီကေဘီအေက နေရာချထားပေးမယ် ဆိုတဲ့ သောင်ရင်း မြစ်ကမ်းဘေးက ကျောက်ခက်ရွာကို အရောက်သွားဖို့ စိတ်စောနေ ကြတယ်”လို့ ရှင်းပြတယ်။

မြ၀တီကို ရောက်လာကြတဲ့ သမီးကလေး ရွာသားတွေဟာ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းမှာ ခေတ္တနားခိုကြမှာ ဖြစ်ပြီး၊ မြ၀တီမြို့က NLDအဖွဲ့၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ၊ ABSDF ကျောင်းသား တပ်မတော်၊ ကရင်လူငယ် အစည်းအရုံး KYO ၊ KUNစတဲ့ အဖွဲ့အစည်းတွေက ကြိုဆို အားပေး ကူညီခဲ့ကြပါတယ်။

ဧပြီလ(၆)ရက်နေ့ မနက်ခင်းမှာတော့ ပွင့်သစ်စ နေရောင်ခြည်နဲ့အတူ အိမ်ယာမဲ့ မြေယာမဲ့ သမီးကလေး ကျေးရွာ၊အင်းမတီးနဲ့ ဒေါ်ကာလီ ကျေးရွာတွေက ဒုက္ခသည် ပြည်သူတွေဟာ ဘ၀နေ့သစ် တစ်ခုကို ဒေါနတောင်တန်းတွေ ကျော်ပြီး သောင်ရင်းမြစ်ကမ်းနံဘေးမှာ ပြန်လည်မွေးဖွား ထူထောင်နိုင်ခဲ့ကြပါပြီ။

နိဂုံးချုပ် အနေနဲ့ စစ်အာဏာရှင် လက်ထက်မှ ယနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ ကြွေးကြော်နေတဲ့ အစိုးရ လက်ထက်ရောက်မှ  သမီးကလေး ကျေးရွာဖြစ်ရပ်ဟာ အစိုးရက တာဝန်ယူမှု ပျက်ကွက်ခဲ့လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက တာဝန် ယူခဲ့ရကြောင်း အနာဂတ် သမိုင်းစာမျက်နှာမှာ ဒေါနတောင်တန်းတွေကို ကျော်ဖြတ်ပြီး သောင်ရင်းမြစ်ကမ်းဆီသို့ သမီးကလေး ခရီးကြမ်းနှင်ခဲ့ကြရပုံက သမိုင်းဆိုး တစ်ခု အဖြစ် ကျန်ရစ်နေခဲ့လေတော့မှာပါ။

ကျော်စွာမြင့် (၁၉၈၈ - ၁၉၉၂ ဗ.က.သ)

 

Category: 

Share