၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နတ်မောက်မြို့ လူထုလှုပ်ရှား

ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေ၊ နတ်မောက်မြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဧပြီ ၂၄ ရက်နေ့ နံနက်က ပြည်သူများက စီတန်း လှည့်လည်ကာ ပုဒ်မ ၅၉(ဃ)၊ ၅၉(စ) ဖျက်သိမ်းရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြွေးကြော်ပြီး စနစ်တကျ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူ ၁၀၀ ကျော်သည် နတ်မောက်မြို့၊ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ကွင်းတွင် စုဝေးကာ ဘုရားကြီး အနောက်ဘက် မုခ်မှ ရန်အောင်မြင် ဘုရားလမ်း၊ ရန်အောင်မြင် ဘုရားလမ်းမှ မြသည်းခုံ ဘုရား၊ ၄င်းမှ မြို့မဈေး လမ်းပတ်ကာ မကွေး-နတ်မောက် လမ်းမျာသို့ လမ်းလျှောက်၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲသို့ မကွေးမြို့မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ၈၈ မျိုးဆက် မြေလတ်အဖွဲ့၊ ညောင်ဦးမှ ဒီမိုကရေစီ လိုလားသူများပူးပေါင်း ပါဝင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၊ ဆန္ဒထုတ်ဖော် ပွဲအား ဦးဆောင်ခဲ့သူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်ကဗျာ ဆရာ ကိုဇော်မင်းထိုက်က “အခုလို စီတန်းလှည့်လည် ဆန္ဒထုတ် ဖော်ပွဲမှာ နတ်မောက်မြို့နယ်၊ ပြည်သူ့ရဲတွေက လုံခြုံရေး တာဝန်ယူ ပေးပါတယ်။  ဘာပြဿနာမှ မဖြစ်ဘဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်မွေးရပ်မြေမှာ အခုလို ဖွဲ့ စည်းပုံပြင်ဆင်ရေး အတွက် ဆန္ဒ ထုတ်ဖော်ရတာ ကျွန်တော်ဂုဏ်ယူပါတယ်။ စစ်အစိုးရကို ကာကွယ်ပေးထားတဲ့ ဒီ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ တစ်ဖက်သက် ရေးဆွဲထားတဲ့ ဥပဒေ၊ ပုဒ်မတွေဟာ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီပါဘူး။ ဒါတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အတွက် ကျွန်တော်တို့ လုပ်ဆောင် ရတာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ အစိုးရနဲ့ ပြည်သူကြားချုပ် ဆိုရတဲ့ ဥပဒေပါ။ ပြည်သူတွေ မကြိုက်ရင် ပြင်ဆင်ရမယ်၊ ဖျက်သိမ်းရမယ်လေ။ ဒီမိုကရေစီဆို တာ ပြည်သူလူထု လက်ထဲ အာဏာ ရှိရတာပါ။ အခု ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရတာပါ”ဟု ပြောသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရန် ဧပြီလ ၁၈ ရက်က သက်ဆိုင်ရာဌာန များသို့ ခွင့်ပြုမိန့် တင်ပြခဲ့ပြီး ဧပြီ ၂၄ ရက်နေ့တွင် ခွင့်ပြုမိန့် ရရှိခဲ့သဖြင့် ယခုလို တရားဝင် ဆန္ဒဖော် ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

Category: 

Share