သေဆုံးတာတောင် အမှု့ဖွင့်အရေးယူခံရသူ

လမ်းဘေးတွင် ရပ်ထားခဲ့သော ကွန်တိန်နာအား တိုက်မိခဲ့ရာမှ ဆိုင်ကယ် စီးနင်းလာသူ သုံးဦးလုံး သေဆုံးခဲ့ရသော ဖြစ်ရပ်တစ်ခု ယခုလ (၂၆)ရက်နေ့ မနက်(၄)နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့ရကြောင်းနှင့် ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ စိုင်းခမ်းမောင် (သေဆုံး)အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်း၌ ယာဉ်(ပ) ၂၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) လမ်းမကြီး အတိုင်း တောင်မြောက် လမ်းဆုံဘက်မှ ရွာသာကြီးဘက်သို့ စိုင်းခမ်းမောင် (စိစစ်ဆဲ) မောင်းနှင်ပြီး လာသော ဆိုင်ကယ်မှာ အမှတ်(၅၃၃)တပ်ရှေ့ အရောက်တွင် လမ်းဘေးတွင် ရပ်ထားသော ကွန်တိန်နာယာဉ်၏ နောက်ဘက်အား တိုက်မိခဲ့ကြောင်းနှင့် ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် အသက်(၂၈)နှစ် အရွယ် ကိုစောမင်းထွန်း၊ အသက်(၃၂)နှစ် အရွယ်၊ အောင်နိုင်ဦး နှင့် စိုင်းခမ်းမောင် တို့ သေဆုံးခဲ့ကြောင်း သိရသည်။

 

Category: 

Share