သီလ၀ါ အထူးစီးပွားရေးဇုန် ရှယ်ယာဝယ်လိုအား အဆိုပြုချက်များ ကျပ်၄၀ဘီလျှံကျော်အထိ မြင့်တတ်

သီလ၀ါ အထူး စီးပွားရေးဇုန်၏ ရှယ်ယာရောင်းချမှုတွင် သတ်မှတ်ရှယ်ယာ အရေအတွက်များ သတ်မှတ်ချက်ထက် နှစ်ဆကျော်အထိ မြင့်တတ်ခဲ့ကာ ကျပ် ၄၀ ဘီလျှံကျော်ထိ မြင့်တတ်နေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ရှယ်ယာ အရေအတွက်များ မြင့်တတ်နေသော်လည်း အနိမ့်ဆုံး ၀ယ်ယူသူများကို ဦးစားပေး ရောင်းချပေးသွားမည် ဖြစ်ကြောင်း နှင့် အဆိုပါ မြန်မာ ကွန်ဆိုတီယန် (Myanmar Thilaea SEZ Holdings Limited) အနေဖြင့် အစုရှယ်ယာ ရောင်းချမှုအား အရေအတွက်အားဖြင့် ၂၁၄၅၀၀၀စု (၂၁၄၅၀၀၀၀၀၀၀ကျပ်)သာ သတ်မှတ်ထား သော်လည်း ၀ယ်ယူရန် အဆိုပြု အရေအတွက် တစ်သောင်း ခုနှစ်ထောင်ကျော်မှ ရှယ်ယာပေါင်း လေးသန်းကျော် (ကျပ် ၄၀ဘီလျှံကျော်)ဖိုး တင်သွင်းလာသည့် အတွက် ရှယ်ယာ စုစုပေါင်း ၁ ဒသမ ၈ သန်းကျော်(ကျပ် ၁၈ဘီလျှံကျော်) မြင့်တက် နေသည်ဟုလည်း သိရသည်။

“သက်မှတ်ရှယ်ယာ အစု ၅၀၀ ငွေကြေးအားဖြင့် ကျပ်သိန်း ၅၀အထိကို ၀ယ်ယူသူတိုင်းကို ရောင်းချပေးသွားမယ်၊ အဲထက်ပို သွားရင်တော့ ရာခိုင်နှုန်းနဲ့တွက် ပေးသွားမယ်”ဟု မြန်မာ ကွန်ဆိုတီယန်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရှယ်ယာ ၀ယ်ယူလိုသူများ ၊ပြန်လည် ရောင်းချလိုသူများ အနေဖြင့် မိမိ သဘောအတိုင်း ရောင်းချခြင်း၊ ၀ယ်ယူခြင်း ပြုလုပ်ခွင့် မရှိဘဲ မြန်မာ ကွန်ဆိုတီယန်ရုံးသို့ တင်ပြလုပ်ဆောင် ရမည်ဟုလည်း သိရသည်။

“အခုလောက် ဖြစ်အောင်ကို မနည်း လုပ်နေရတာ၊ နိုင်ငံခြားနဲ့တော့ တိုင်းတာ ယှဉ်ပြိုင်လို့ မရဘူး၊ နိုင်ငံတကာမှာက အတွေ့အကြုံရင့်ပြီး ဖြစ်တဲ့အတွက် အွန်လိုင်းပေါ်မှာတင် အလုပ်လုပ် သွားကြတာ၊ ဒီမှာက အဲလိုဖြစ်ဖို့ဆိုရင် အများကြီး ကြိုးစားရအုံးမှာပါ”ဟု မြန်မာကွန်ဆိုတီယန်  (Myanmar Thilaea SEZ Holdings Limited)မှ ဒေါက်တာ ဥာဏ်သစ်လှိုင်က ပြောသည်။

သီလ၀ါ အထူး စီးပွားရေးဇုန်အား မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ပြီး သဘောတူညီချက် အရ မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဖက်မှ ၄၉ရာခိုင်နှုန်း အသီးသီး ပါဝင်မည် ဖြစ်သည်ဟုလည်း သိရသည်။

 

Category: 

Share