စကြ၀တေးမင်းပင်စင် - မာဂျေ

“အစ်ကိုကြီးရေ သိန်းနှစ်ရာဆိုရင် အထုပ်ဘယ်လောက်ကြီး သလဲဗျာ”လို့ မောင်ကြွက်နီက မေးလာလို့ “အဲဒါကတော့ ပိုက်ဆံက ဘယ်လောက်တန် အရွက်လည်း ဆိုတဲ့အပေါ် တည်သကွ၊ တစ်သောင်းအုပ် ဆိုရင်ဖြင့် အုပ်နှစ်ဆယ်ပဲ ရှိပေမဲ့ တစ်ထောင်တန် ဆိုရင်ဖြင့် အုပ်၂၀၀ပေါ့ကွာ။ ဘာလဲ မင်းက ဘဏ်ရှေ့သွားပြီး ဓားပြတိုက် မလို့လား” မေးမိတော့ သူက ”သြော် ဂျာနယ်တစ်စောင်မှာ သွားလေသူကြီးရဲ့ အငြိမ်းစား လစာက တစ်လကို ပုံး ၂၀၀ လို့ ရေးတာ ဖတ်လိုက်ရလို့ပါ”တဲ့။

မာဂျေက ”မင်းကလဲ။ ဘာပုံး ၂၀၀ လဲဟ။ သိန်းနှစ်ရာ ပြောစမ်းပါ”ဆိုတော့ သင်းက ”ဒါကတော့ လောင်းကစားသမားတွေ အခေါ်အဝေါ်နဲ့ ခေါ်လိုက်တာ ခင်ဗျားကြီး ကလဲ ညံ့ချင်တဲ့ နေရာကျ သိပ်ညံ့တာပဲ”ဆိုပြီး အသားလွတ်ခွပ် လိုက်သေးတယ်။ ပြီးမှ သူက “ဟာ မေ့နေလိုက်တာ။ အစ်ကိုကြီးလည်း အငြိမ်းစားကြီးပဲဟာ။ ပင်စင်ဘယ်လောက်ရသလဲ”တဲ့။

မာဂျေက “အခုတော့ ကိုးသောင်းရတယ်။ ပင်စင်ယူစတုန်း ကတော့ ခြောက်ထောင်ပေါ့ကွာ။ ငါ့ညီစစ်ဗိုလ် တိုက်ပွဲကျတော့ ပင်စင်က တစ်လ ၁၉၇ ကျပ်ရတယ်။ ဘဏ်ကို သွားရမယ့် ဓါတ်ဆီခ မကျေတာနဲ့ မထုတ်ဘဲထားတာ အကြာကြီး။ ပင်စင်တွေတိုးတယ် ကြားမှ သွားထုတ်ရတာ။ ဘာလဲ အခု ပင်စင်တွေ ထပ်တိုးဦးမယ် ကြားလို့လား မေးမိတော့” ဘယ်သူကမှ ခင်ဗျားတို့လို ပင်စင်နာတွေကို သတိရမှာ မဟုတ်ဘူး”ဆိုပဲ။

“ဒါထက်မေးလက်စနဲ့ မေးလိုက်ဦးမယ်။ နိုင်ငံတစ်ခုမှာ အစိုးရ လခစားတွေထဲမှာ ဘယ်သူက လစာ အများဆုံးလဲ”တဲ့။ စိတ်တို စပြုလာတဲ့ မာဂျေက “မင်းအဘ သမ္မတပေါ့ဟ။ နိုင်ငံတိုင်းမှာ အစိုးရ အဖွဲ့အကြီးအကဲက လစာ အများဆုံး”လို့ ပြောလိုက်ရော သူ့ရဲ့ ထပ်ဆင့်မေးခွန်းက “ဒါဆိုရင် ဟိုအငြိမ်းစား ယူထားတဲ့သူက ဘာလို့ သမ္မတထက် လစာပိုများနေသလဲ။ သမ္မတကမှ လစာသိန်း ငါးဆယ်ရတာ”တဲ့။

“အဲဒါတော့ ငါလည်း မလျှောက်တတ်တော့ဘူး။ နေပြည်တော် လိုက်ပြီး စာဖတ်နေသူကြီးကို မင်းထုတ်တဲ့ စာအုပ် လက်ဆောင်သွား ပေးပြီး မေးကြည့်ပါလား။ ငါထင်တာကတော့ တိုင်းပြည်ကို နှစ်ပေါင်းများစွာ နှိပ်စက် (အဲလေ) နှစ်ပေါင်းများစွာ နေ့မအိပ်၊ ညမအိပ် တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့လို့ များများပေးတယ် ထင်တာပဲ။ ပူဇာစပူဇနေယျံ၊ ဧတံမင်္ဂလမုတ္တမံ ဆိုတဲ့ စကားတောင် ရှိတာပဲ။ အခု လူကြီးတွေက ပူဇော်ထိုက်သူကို ပူဇော်တာ နေမှာပေါ့”လို့ ပြန်ပက် ရပေတော့တယ်။

ဒါပေသိ မောင်ကြွက်နီက လက်မလျှော့ဘဲ “အမေရိကန် သမ္မတရဲ့ ပင်စင်ကရော တစ်နှစ်ဘယ် လောက်ရသလဲဟင်”တဲ့။ မာဂျေလည်း သူပြောမှ အင်တာနက်ခေါက်ပြီး “အမေရိကန် သမ္မတဟောင်းရဲ့ ပင်စင်က တစ်နှစ်ကို ဒေါ်လာ တစ်သိန်းကိုးသောင်း ဆိုတော့ မြန်မာငွေနဲ့ တွက်ရင် တစ်လကို ကျပ်သိန်း ၁၅၀ လောက် ရသကွ”လို့ ဖြေလိုက်ရတယ်။

မောင်ကြွက်နီက “အဆန်းကြီးဗျနော်။ အမေရိကန် သမ္မတဆိုတာ စကြ၀တေးမင်းပဲ၊ စကြ၀တေးမင်းတောင် ပင်စင်က ကျွန်တော်တို့ဆီက သွားလေသူကြီးထက် နည်းနေတယ်။ ဒီတော့ ကျွန်တော်တို့ သွားလေ သူကြီးကို စင်္ကြ၀တေးမင်းလို့ခေါ်ရင် ကောင်းမယ်ထင်တယ်” တဲ့။

“တော်စမ်းပါ မောင်ကြွက်နီရယ်။ ငါတို့နိုင်ငံက လူကြီးတွေ အလိုလိုမှ ဘုရင်ရူးရူး နေကြတာ။ မင်းလုပ်မှ စကြ၀တေးမင်းဆိုတာ မသေမချင်း အုပ်ချုပ်လို့ရတယ်။ ပင်စင် မရှိဘူးဆိုပြီး အပြင်ပြန် ထွက်လို့ တိုင်းပြည် ပြန်အုပ်ချုပ် မယ်ဆိုမှ ငါးပါးမကဘူး။ ဆယ်ပါးပါ မှောက်ကုန်ပါဦးမယ်”လို့ ချော့လိုက်ပေမဲ့ သင်းက လက်မလျှော့ဘဲ “ဒီလိုပြန်အုပ်ချုပ်ရင်လည်း အကောင်းသား။ ခင်ဗျားတို့လို ရေးလို့ရတယ်ဆိုမှ နင်းရေးနေတဲ့ သူတွေကို နဖားကြိုးဆွဲပြီးသား ဖြစ်တာပေါ့”တဲ့။

“အောင်မယ် မင်းက ငါတို့လို စတုတ္ထ မဏ္ဍပ်တွေကိုများ စော်စော်ကားကား နွားနဲ့နှိုင်းလို့ မင်းနံမည် စာမျက်နှာတွေထက်မှာ ပါချင်ပြီထင်တယ်” လဲပြောမိရော

“အဲဒီစကား တောမှာ သွားပြောစမ်းပါ၊ အခုခင်ဗျားကြီးတို့ ဘယ်လောက်ရေးရေး ဘယ်အစိုးရ အဖွဲ့ဝင်က ဂရုစိုက်လို့လဲ”ဆိုပြီး ပြန်ပက်ပါလေရော

“ဂရုမစိုက်ပေမဲ့ ဒါတွေက သမိုင်းဟ၊ ဘယ်ကာလတုန်းက ဘယ်သူတွေ ဘယ်လောက် လာဘ်စားလို့ စာပေပညာရှင်တွေက ဘယ်လိုရေးခဲ့ကြတယ်ဆိုတာ မှတ်တမ်း တင်နေတာ”

“အဲဒါတွေတော့ မသိဘူးဗျာ၊ ကျွန်တော်ကတော့ သွားလေသူကြီးကို စင်္ကြ၀တေးမင်းခန့်ဖို့ ကုလသမဂ္ဂမှာ အဆိုတင်သွင်းချင်တော့တာပဲ”

“ကြွက်နီရယ်၊ မိုးဦးလေဦးမှာ ၊ငါ့နား သိပ်မကပ်နဲ့၊ ဟိုဘက်နည်းနည်းရွှေ့၊ မိုးကြိုးပစ်ရင် စက်ကွင်း မလွတ်ပဲ ငါပါပါနေမှာစိုးလို့၊ ပြီးတော့ ငါတို့တိုင်းပြည် တစ်ပြည် ဒုက္ခရောက်တာ တစ်ခုနဲ့တင် မင်းကျေနပ်ပါတော့၊ တစ်ကမ္ဘာလုံး ကပ်ကြီးသုံးပါး ဆိုက်အောင်တော့ မင်းမလုပ်သင့်ပါဘူး၊ အခုတောင် ရာသီဥတုတွေ ဒီလောက်ဖောက်ပြန်နေတာ”လို့ တောင်းတောင်းပန်ပန် ပြောလိုက်ရတယ်။

ဒီလိုပဲ တပည့်မောင်ကြွက်နီက ရည်းစားမရှိ၊ မိန်းမကမရ၊ ဒီကြားထဲ အသက်လေးဆယ်နီးမှ ဖွဘုတ်တွေ ဘာတွေသုံးတတ်ပြီး ညဖက် မအိပ်လေတော့ ဒီလိုကြောင်စီစီ အတွေးတွေက သူ့ခေါင်းထဲမှာ အပြည့်ဗျ။ ဒါပေသိ သူကြောင်တာက အရေးမကြီးဘူး။

“မင်းဒီစကားကို လျှောက်မပြောနဲ့နော်၊ အစိုးရကပါ ဒီအကြံကို သဘောကျပြီး လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ကမ္ဘာပေါ်မှာ အတော်ဆုံး၊ အထက်မြက်ဆုံး ခေါင်းဆောင်တစ်ယောက် ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ သူ့ကို ကုလသမဂ္ဂ အပါအ၀င် တစ်ကမ္ဘာလုံးကို အုပ်ချုပ်ဖို့၊ ဘန်ကီမွန်းအပေါ်ကနေ ကမ္ဘာကြီးကို ကွပ်ကဲဖို့ စကြ၀တေးမင်း ခန့်ချင်ပါတယ်ဆိုမှ သံဃာစင်ပါ မှောက်နေဦးမယ်”လို့ မောင်ကြွက်နီကို လေပြေလေး ထိုးလိုက်ရပေမဲ့ သင်းက “သံဃာစင်က ၂၀၀၇ကတည်းက မှောက်ပြီးသားပါဗျ”ဆိုပြီး အထွန့် ထပ်တက်နေလို့ “မောင်ကြွက်နီရေ အပြင်မှာ မိုးတွေလည်း ရွာနေတယ်၊ ကဲကဲပြန်ပေတော့။ ဒီမှာ ငါတရုတ်က ၀ယ်လာတဲ့ မွန်ဂိုလီးယား အရက်လေးလည်း ယူသွား၊ ခုနမင်းပြောတာတွေကိုလည်း တောစကား တောရောက်မေ့လိုက်တော့”ဆိုပြီး နှင်လွှတ်လိုက်မှ ”ခင်ဗျားကြီးတို့ကလည်း ထောင်တန်တဲ့ စကားများ ပြောလို့ကို မရဘူး”ဆိုပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ပြန်သွားပေတော့တယ်။

သူ့အကြံတွေကိုတော့ ဘယ်အစိုးရ တာဝန်ရှိသူတွေမှ မကြားလောက်ပါဘူးနော်။

မာဂျေ

 

Category: 

Share