ပြည်သူတွေငြင်းခုံနေတဲ့ အခြေခံဥပဒေပုံပြင် - ဇော်သက်ထွေး

မြန်မာနိုင်ငံဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ဟန့်တားချုပ်ခြယ်ရာမှာ အတက်ကြွဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ အဆုံးအမတွေနဲ့ အမြဲတမ်း ရယ်ပြုံးနေတဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်အင်တွေဟာ အနိုင်ကျင့်မှု၊ ငြင်းခုံမှု၊ သံသယကြီးမှုတွေကြောင့် ပျက်ယွင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အုပ်စိုးသူတွေဟာ နိုင်ငံသားတွေအပေါ် အကြင်နာ ကင်းမဲ့ပြီး အမိန့်တွေ အမျိုးမျိုး၊ ဥပဒေတွေ အမျိုးမျိုးနဲ့ ကန့်သတ် ချုပ်ခြယ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးခုရှိခဲ့ပြီး ၁၉၄၇ ခုနှစ်မှာ ပထမ အခြေခံ ဥပဒေ၊ ၁၉၇၄ ခုနှစ်မှာ ဒုတိယ အခြေခံ ဥပဒေ၊ ၂၀၀၈ ခုနှစ်မှာ တတိယ အခြေခံ ဥပဒေတို့ကို ရေးဆွဲခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဗြိတိန် နိုင်ငံက လွတ်လပ်ရေးပေးပြီး တစ်နှစ်အကြာမှာ အသက်ဝင် ခဲ့ပါတယ်။ အဲ့ဒီအခြေခံ ဥပဒေက ဥပဒေပြု လွှတ်တော်နှစ်ရပ်ပါတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်တစ်ရပ်ကို တည်ထောင်ခဲ့ပါတယ်။ နိုင်ငံတော် အကြီးအကဲဟာ သမ္မတဖြစ်ပြီး သမ္မတကို ဥပဒေပြု လွှတ်တော် နှစ်ရပ်လုံးက အဖွဲ့ဝင်များ ပါဝင်တဲ့ သမ္မတ ရွေးချယ်ရေး အဖွဲ့က ရွေးကောက် တင်မြှောက်ပါတယ်။ အစိုးရ အဖွဲ့မှာတော့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ ပါဝင်ပြီး သူတို့ကိုတော့ အောက်လွှတ်တော်က ရွေးချယ်ပေးရပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲတွေကို ၁၉၄၇၊ ၁၉၅၁၊ ၁၉၅၆ နဲ့ ၁၉၆၀တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သဘောမတူတဲ့ အတွက် ဗမာပြည် ကွန်မြူနစ် ပါတီဟာ တောခိုသွားပြီး အစိုးရကို ဖြုတ်ချဖို့ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။ ပြဿနာ အရှိဆုံး အပိုင်းကတော့ ဗဟို အစိုးရ နဲ့ အခြားသော လူမျိုးစု ပြည်နယ်များကြားက အာဏာခွဲဝေ ပြဋ္ဌာန်းချက်များ ဖြစ်ပါတယ်။ ထင်ရှားတဲ့ အချက်ကတော့ ရှမ်းနဲ့ ကယား ပြည်နယ်ဟာ ဆယ်နှစ်ကြာပြီးတဲ့ နောက်မှာ ပြည်ထောင်စုက ခွဲထွက်ပိုင်ခွင့်ကို ရခဲ့ပေမယ့် အခြား ပြည်နယ်များကတော့ နိုင်ငံရေး အလျော့အတင်း လုပ်မှသာ ခွဲထွက်ပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ လွတ်လပ်ရေးမရမီ ကတည်းက လူမျိုးစု ပုန်ကန်မှု အရှိန်ဟာ လွတ်လပ်ရေး ရပြီးတဲ့နောက်မှာတော့ မြန်မာပြည်ကို ဖရိုဖရဲဖြစ် သွားစေခဲ့ပါတယ်။

နိုင်ငံရေး ညစ်ပတ်မှုများနဲ့ စည်းလုံးညီညွတ်မှုများ ပြိုကွဲခြင်းတွေကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ စစ်တပ်က ၁၉၅၈ ခုနှစ်မှာ အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မနှစ်မြို့ပေမယ့် မဖျက်ရဲခဲ့ပါဘူး။ ၁၈လ ကြာပြီး အရပ်သားတွေရဲ့ လက်ထဲကို ၁၉၆၀ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပခြင်းဖြင့် အာဏာ ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် အားအင်ချိနဲ့နေတဲ့ အစိုးရဟာ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင် ရှမ်းပြည်နယ်က ခွဲထွက်ပိုင်ခွင့်ကို ကျင့်သုံးလာနိုင်တဲ့အတွက် အစိုးရ နဲ့ စစ်တပ်ညှိနှိုင်းပြီး စစ်တပ်က ၆၂ခုနှစ်မှာ အာဏာ ပြန်သိမ်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက တော်လှန်ရေး ကောင်စီကို ဖွဲ့စည်းပြီး ၄၇ အခြေခံ ဥပဒေကို ဖျက်သိမ်ခြင်းဖြင့် အာဏာသုံးရပ်လုံး သူ့လက်ထဲကို ကျဆင်းစေခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဆိုရှယ်လစ် နိုင်ငံတော်ကို ထူထောင်မည်ဟုဆိုကာ ပါတီစုံစနစ်နဲ့ မီဒီယာ လွတ်လပ်ခွင့်ကို ဖျက်သိမ်း လိုက်ပါတယ်။ ၁၉၆၉မှာ လူထုကို အာဏာလွှဲပြောင်း ပေးဖို့အတွက် အခြေခံဥပဒေ  အသစ်ရေးဆွဲမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ ဖွဲ့စည်းပုံ မူကြမ်းကို ဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ ၉၅%ကျော်က မဲပေးပြီး ၉၀% ကျော်က ထောက်ခံခဲ့ပါတယ်။ ၇၄ အခြေခံ ဥပဒေက လွှတ်တော်တစ်ရပ်သာရှိပြီး ၄င်းရဲ့အဖွဲ့ဝင် တစ်ချို့နဲ့ နိုင်ငံတော် ကောင်စီကို ဖွဲ့စည်းပါတယ်။ နိုင်ငံတော် ကောင်စီက သမ္မတကို ရွေးချယ်ပါတယ်။ အုပ်ချုပ်မှု အာဏာဟာ သမ္မတနဲ့ နိုင်ငံတော် ကောင်စီမှာသာ ရှိပါတယ်။ ရွေးကောက်ပွဲများဟာ ထင်သာမြင်သာ မရှိသလို စစ်တပ်အရာရှိ အများအပြားဟာလည်း လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာပါတယ်။ ဒီလိုလူတွေက ဗိုလ်ချုပ်နေ၀င်းကိုပဲ စစ်ရာထူး စွန့်လွှတ်စေပြီး နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခဲ့တာ မဆန်းပါဘူး။ မဆလ ပါတီရဲ့ ရွေးကောက် ပွဲတွေကိုတော့ ၁၉၇၈၊ ၁၉၈၁ နှင့် ၁၉၈၅ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ပြည်သူတွေ အတွက်တော့ ရွေးချယ်စရာ ကိုယ်စားလှယ် မရှိခဲ့ပါဘူး။ တိုင်းပြည်ရဲ့ စီးပွားရေး ကျဆင်းမှုတွေက ၁၉၈၇မှာ ကျောင်းသားတွေ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တရားဥပဒေ စိုးမိုးမှု ပျက်ပြားသွားပြီး မဆလ ဥက္ကဋ္ဌ ရာထူးမှ ဦးနေ၀င်း နုတ်ထွက်မှုဟာ ပြောင်းလဲလိုတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို မြင့်တက်စေခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ခုနှစ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီး မဆလ ပါတီနှင့် ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြန်ပါတယ်။

စစ်တပ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိဘဲ ၁၅ တိုင်တိုင် တိုင်းပြည်ကို စိုးမိုးထားခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကို သွားမယ့် အဆင့်ခုနှစ်ခုပါ လမ်းပြမြေပုံကို ကြေညာခဲ့ပါတယ်။ ဒီလမ်းပြမြေပုံထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်းဟာ အသက်သွေးကြော ဖြစ်ပြီး စစ်တပ်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို အာမခံချက်ရှိဖို့ အထူး ကြိုးစားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အပိုဒ်ပေါင်း ၄၅၇ခုပါဝင်ပြီး စာမျက်နှာ ၁၉၄ မျက်နှာရှိပါတယ်။ တစ်ချို့ အဓိပ္ပါယ် ဖွင့်ဆိုထားချက်တွေဟာ မပြတ်သားမှုတွေ မရှင်းလင်းမှုတွေ ဖြစ်နေပါတယ်။ အာဏာရှိတဲ့ အမျိုးသား ကာကွယ်ရေး ကောင်စီကို သမ္မတက ဦးဆောင်တယ် ဆိုပေမယ့် အဖွဲ့ဝင် ၁၁ဦးအနက် ၆ဦးဟာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ သူခန့်ထားတဲ့သူတွေ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ဟာ လွှတ်တော်ရဲ့ ကြီးကြပ်မှုကို နာခံစရာမလိုပဲ ဒီကောင်စီမှာ ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ အမြင့်ဆုံး တရားစီရင်ရေး ဖြစ်တဲ့ တရားလွှတ်တော်ချုပ်ဟာ စစ်ဖက်ဆိုင်ရာ တရားရုံးတွေနဲ့ တရားစီရင်ရေး အပေါ် စီရင်ပိုင်ခွင့် မရှိပါဘူး။ သမ္မတလောင်းတွေ အတွက် နိုင်ငံထဲမှာ အနှစ် ၂၀ နေထိုင်ရမှာ ဖြစ်ပြီး ဇနီး၊ ခင်ပွန်း၊ သားသမီးများဟာ တိုင်းတပါး နိုင်ငံသား ဖြစ်နေမယ်ဆိုလို့ရှိရင် သမ္မတဖြစ်ခွင့် မရှိပါဘူး။ စစ်တပ်ဟာ လွှတ်တော်ထဲမှာ ၂၅% ယူထားသလို သမ္မတလောင်း သုံးဦးအနက် တစ်ဦးကိုလည်း အဆိုပြုခွင့် ရှိနေပါတယ်။ အဓိက လုံခြုံရေး ၀န်ကြီးဌာနတွေကို စစ်တပ်ကသာ ချုပ်ကိုင်ထားပြီး ၄င်းတို့ရဲ့ အရေးအရာတွေ လွတ်လပ်စွာ စီရင်ခွင့် ရှိနေပါတယ်။ အနာဂတ် နိုင်ငံတော်မှာ စစ်တပ် အဓိက ပါဝင်နေခြင်းကို “တပ်မတော်”ဆိုတဲ့ အမည်နဲ့ သီးခြားအခန်းတစ်ခု ရေးဆွဲထားပါတယ်။ ဒါမျိုးကို ၄၇ဥပဒေနဲ့ ၇၄ဥပဒေတွေမှာ မတွေ့ခဲ့ရပါဘူး။ ၁၉၈၈ ကတည်းက စစ်အစိုးရရဲ့ လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်ချက် တွေကိုလည်း ကင်းလွတ်ခွင့် ပေးထားပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေက စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး အတွက် အစဉ်တစ်စိုက် တောင်းဆိုနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကတော့ လက်တွေ့မှာ ပြည်ထောင်စု စနစ်အဖြစ် တည်နေဆဲ ဖြစ်ပါတယ်။ အပိုဒ် ၅၉ (စ)အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ဦးဟာ ဗြိတိသျှ နိုင်ငံသားတွေ ဖြစ်နေတဲ့ အတွက် သူရဲ့ သမ္မတ ဖြစ်ခွင့်ကို ဥပဒေနဲ့ ပယ်ချဖို့ အာဏာ ဆုပ်ကိုင်ထားသူတွေက အသင့်ရှိနေကြပါတယ်။ လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး လူမျိုးစု နယ်ပယ်တွေမှာ သက်ဆိုင်ရာ လူမျိုးစု ပါတီတွေက အနိုင်ရဖို့ အလားအလာ ရှိပေမယ့် ပြည်သူတွေ ငြင်းခုံနေကြတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေး၊ မပြင်ရေးကတော့ တပ်မတော်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လက်ထဲမှာ သာရှိကြောင်း တင်ပြလိုက်ရပါတယ်။

ဇော်သက်ထွေး

 

Category: 

Share