ပန်းပွင့်၊ ကျည်ဆံ၊ မနက်ဖြန် - ဇာဂနာ

(ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ သွေးကို ဖောက်ကြည့်ပါ။ နီနီလေးပါပဲ။ ခင်ဗျားတို့ ဗမာတွေရဲ့ သွေးနဲ့ တူတူပါပဲဗျာ။ ကျွန်တော်တို့ သွေးကျတော့မှ တန်ဖိုးက နည်းနေလို့လား။)

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၏ အသံက တုန်နေသည်။ မျက်ရည်က၀ဲလို့။ ချင်းအမျိုးသား တပ်ဦး၏ အဓိပတိ ကောင်စီဝင် တစ်ဦးဖြစ်ပြီး NCCT (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့) ၏ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ ဒေါက်တာဆလိုင်းလျန်မှုန်းသည် ၁၉၈၈ ခုနှစ်က တောခိုခဲ့သူ တစ်ဦးဖြစ်၏။ ၁၉၈၂ ခုနှစ်က သမိုင်း ဘာသာရပ်ဖြင့် ဘီအေဘွဲ့ရပြီး ၁၉၈၅ ခုနှစ်မှာ အမ်အေဘွဲ့ပါ ရထားသူ ဖြစ်သည်။ တိုင်းရင်းသားတို့၏ တန်းတူညီမျှ မရခဲ့သည့် အခွင့်အရေး အတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့ရာမှ လက်နက်ကိုင် တော်လှန်တိုက်ပွဲ ၀င်ခဲ့ရသူလည်း ဖြစ်၏။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၏ အစောပိုင်း စာအုပ်တွေကို ကျွန်တော် ဖတ်ခဲ့ဖူးသည်။ ထိုစဉ်က ကျွန်တော် ထောင်ထဲမှာ။ သူကတော့ တောထဲမှာ။ တိုင်းရင်းသားတို့ လိုလား တောင့်တအပ်သော ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကို ထာဝစဉ်ဦးတည်ထားပြီး ရေးလေ့ရှိသည်။ တိုင်းရင်းသား လူမျိုးများ အရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု စနစ် စာအုပ်ထဲတွင် ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ နှစ်ပေါင်းနှစ်ဆယ် ကာလကို သုံးသပ်ပြထားသည်။

တိုင်းရင်းသားတို့၏ အရေးကို ခေတ်အဆက်ဆက် တက်လာသမျှသော အစိုးရတိုင်းက လစ်လျူရှုထားလေ့ရှိသည်။ တိုင်းရင်းသားတွေက ဖက်ဒရယ်လို့ ပြောလိုက်တိုင်း ခွဲထွက်တော့မည် ဆိုသည့် တစ္ဆေကြီးကို ပွဲထုတ်ထုတ်လာလေ့ ရှိသည်။ တိုင်းရင်းသားတွေ ဘက်ကို နည်းနည်းလေးမှ စောင်းငဲ့ မကြည့်ခဲ့ကြချေ။

တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီ အရေးဆိုတာကပင် ဖက်ဒရယ်၏ အခြေခံ ဖြစ်ပါသည်ဆိုခြင်းကို တက်ခဲ့သမျှ ဘယ်အစိုးရကမှ နားမ၀င်ခဲ့၊ လက်မခံခဲ့။ ဒီတော့လည်း ပါးစပ်နှင့် ပြောမရ၊ လက်နှင့် ပြောရတော့သည်။ လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင် ခဲ့ရတော့သည်။၂၃ နှစ်ကြာ လက်နက်ကိုင် တိုက်ရာမှ တိုင်းရင်းသားတို့၏ တန်းတူညီမျှ အခွင့်အရေး လမ်းစကို တွေ့လိုက်ရတော့ ရန်ကုန်မြေကို ဒေါက်တာ ဆလိုင်းလျန်မှုန်း ခြေချလာခဲ့ရတော့၏။

(ကျွန်တော် လူသတ်ခဲ့တယ်။ တံတားတွေ ဖျက်ခဲ့တယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်။ တကယ်တော့ အထိနာတာ လူထုပဲ)

ဖဒိုစောကွယ်ထူးဝင်း၏ မျက်နှာက ညိုညိုဆိုင်းဆိုင်း။ အဝေးဆီငေးလျက်၊ တွေးတွေးဆဆ။ နှစ်ပေါင်း ခြောက်ဆယ်ကျော် လက်နက်ကိုင် တိုက်လာခဲ့သော ကရင် အမျိုးသား အစည်းအရုံး (ခေါ်) KNU ၏ အတွင်းရေးမှူးလည်းဖြစ်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အဖွဲ့ (NCCT)၏ ဒုတိယ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည်။ သူ့ကို ချစ်စနိုးနှင့် ဖဒိုကွယ်ဟု ခေါ်ကြသည်။ အပြုံးအရယ် နည်းသော ဖဒိုကွယ်၏ ရင်ထဲမှာ ပြောစရာ စကားတွေ တပုံတပင်ကြီး ထမ်းထားလေသည်။

စစ်တိုက်တယ်ဆိုတာ လူသတ်ချင်လို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းချင်လို့ပါတဲ့၊ ဖဒိုကွယ်ရဲ့ စကားက အဆန်း။ သူတို့ကြီးပြင်းခဲ့ရသည့် ၀န်းကျင်၏ သွန်သင်မှုက ကိုယ်က သတ်လျှင်သတ်၊ မသတ်လျှင် ကိုယ့်ကို သတ်သွားမည်ဟု ဆိုသည်။ စစ်တပ်ဆိုလျှင် ရန်သူ၊ ဦးအောင်သာ သတ်ပစ်ဆိုသော အဆုံးအမတွေ ကြားမှာ ဖဒိုကွယ် ကြီးပြင်းခဲ့ရ၏။ လူသတ်တာလောက်တော့ စာလာမဖွဲ့နဲ့ ဆိုတာလို နှစ်ပေါင်း ၄၀ကျော် လက်နက်ကိုင် ခဲ့ရသည်။

ဖြည်းဖြည်းချင်း စဉ်းစားမိလာတော့ တကယ် လိုအပ်နေတာ ငြိမ်းချမ်းရေးဖြစ်သည်။ ဖဒိုကွယ်တို့ အခြေခံ အတွေးအခေါ်ကို ပြောင်းလိုက်သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြစို့။ တချို့ကတော့ အပြုတ်တိုက်ရေး လမ်းစဉ်ကို ဘေးတီးကြသည်။ ဒီကြားထဲ မီဒီယာတွေကပါ ဖဒိုကွယ်တို့ကို ဝေဖန် လာကြသည်။ သေနတ်ကိုင်ပြီး တကယ်တိုက်ခဲ့သော စစ်သားကြီးရဲ့ မျက်နှာမှာ မှုန်ပျပျ။ တိုးညှင်းစွာ တွန်းတိုက်ထွက်လာသော လေသံတွေက စူးရှလိုက်တာ။

(ကျွန်တော် တို့ကိုသေနတ် ပြန်ကိုင်စေချင်တာလား၊ လူပြန်သတ်စေချင်ကြလား၊ မိုင်းတွေ ခွဲစေချင်ကြလား ပြောကြစမ်းပါဗျာ)တဲ့။

ကျွန်တော့် ရင်ထဲမှာ ဆတ်ခနဲ။ ဖဒိုကွယ်တို့က မတူညီမှုတွေကို လေးစား အသိအမှတ် ပြုစေချင်ကြသည်။ unity in diversityလို့ ဆိုကြပါစို့။ မတူတာတွေ စုလို့ပေါင်းပြီး တူညီမှု အလှတရား ဖြစ်လာမည်ဟု ယုံကြည်သည်။ ပန်းတစ်အိုးထဲမှာ ရောင်စုံရွယ်စုံပန်းများ ရှိနေတာကိုက အလှတရား ဖြစ်သည်ဟု ဆို၏။ သေချာတာကတော့ နေရာပေးဖို့ပဲ ဖြစ်သည်။

ဘ၀နှင့်ရင်းပြီး ဘယ်သူမှ အလိမ်မခံချင်ကြ။ ဘ၀နှင့်ရင်းပြီး ဘယ်သူမှ မညာချင်ကြ။ မကောင်းသော အမွေဆိုမှတော့ မပေးခဲ့ချင် မထားခဲ့ချင်တော့ချေ။ ငြိမ်းချမ်းချင်ပြီ။ ဒါသည်ပင် ဒေါက်တာ ဆလိုင်းလျန်မှုန်းတို့၊ ဖဒိုကွယ်တို့၏ ရင်ထဲက အမှန်တရား။

ပြည်ထောင်စုကြီး တစ်ခုအတွင်းမှာ အတူနေကြတာချင်းတူတူ ဘာလို့ သူတို့ကျမှ မလုံမခြုံတဲ့ ဘ၀တွေနဲ့ ကြောက်ကြောက်လန့်လန့် နေနေရတာလဲ။ သူတို့နေရာတွေမှာ လာနေကြည့်ကြပါလို့ ဖိတ် ခေါ်လိုက်ချင်သည်။ သူတို့ တိုင်းရင်းသား ကလေးငယ်လေးတွေရဲ့ မယုံမရဲ မလုံမခြုံ မျက်လုံးတွေကို လာကြည့်ကြပါဟု ဖိတ်ခေါ်လိုက်ချင်သည်။ မြန်မာ ပြည်ထောင်စုကြီး တစ်ခုလုံးကို သူတို့တောင်းပန် လိုက်ချင်သည်။ တစ်ခွန်းတည်းပါ။ ကိုယ်ချင်းစာကြပါ။

ကျွန်တော်၊ ဖဒိုကွယ်နှင့် ဒေါက်တာဆလိုင်းတို့၏ စကားတွေကို နားထောင်ရင်း ရုပ်ရှင်ပုံရိပ်တွေလို မြင်ကွင်းတွေ တဖျပ်ဖျပ် ပြေးသွားသည်။ သေနတ်သံတွေ ဆူလို့ညံလို့။ ဗုံးတွေ၊ အမြောက်ဆန်တွေ တ၀ုန်းဝုန်း။ ဒရောသောပါး ပြေးလွှားနေသော ကလေးငယ်များ၊ အမယ်ကြီးအိုများ။ သွေးသံ အလိမ်းလိမ်းနှင့် ဝေဒနာသည်များ။

ဒီမြင်ကွင်းတွေ ရပ်စေချင်ပါပြီ။ ဒီအသံတွေ တိတ်စေချင်ပါပြီ။ လူလူချင်း လေးစား အသိအမှတ်ပြုသော၊ နေရာထား ဆက်ဆံသော၊ လူမှု အဆောက်အအုံကြီး ဖြစ်ခွင့်ပေးပါတော့။ ပြည်ထောင်စု သားချင်း(ပြဇာတ်ကတာ မဟုတ်ဘဲ) တကယ် လက်တွဲပြီး တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် လုပ်ကြရအောင်ပါ။

နှစ်ပေါင်းခြောက်ဆယ်ကျော် နာတာရှည်ခဲ့သော ရောဂါဆိုးကြီးကို တစ်နှစ်နှစ်နှစ်နဲ့ ချက်ချင်း ပျောက်ရမည်ဟု ကျွန်တော် မပြောလိုပါ။ ပြောမထွက်ပါ။ သို့သော် ပြည်သူတရပ်လုံးကပါ ၀န်းလိုက်ဝိုင်းလိုက်လျှင် အောင်မြင်ရမည်ဟု ရဲရဲကြီး ယုံကြည်မိသည်။

တောင်ပေါ်မှာပဲ ဖြစ်ဖြစ်၊ ပင်လယ်မှာပဲ ဖြစ်ဖြစ် ယမ်းငွေ့တွေစဲပြီး ပန်းပွင့်တွေပဲ ပွင့်တာ မြင်ချင်သည်။ ဆုတောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်တာ မဟုတ်။ ကျွန်တော်တို့ အတူလုပ်ရမည်။ ကျွန်တော်တို့ အတူလုပ်ကြရမည်။ ကျွန်တော်တို့ အတူလုပ်ချိန်တန်ပြီ။

ဇာဂနာ

Category: 

Share