ငြိမ်းချမ်းရေးနှင့် ရှေ့နေများ - ရဲဘော် အောင်ဝင်း

ကမ္ဘာတည်သရွေ့ မြန်မာ တည်ရမည်။ မြန်မာတည်သရွေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရှိနေမည်လားဟု ထင်ရသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ကမ္ဘာ့ အရှည်ကြာဆုံး တွေ့ဆုံမှုဟုပင် မှတ်ယူရမည်ထင်သည်။ နိုင်ငံတကာ အနေဖြင့် မြန်မာလူမျိုးများသည် ညှိနှိုင်းရ အလွန် ခက်ခဲသော လူမျိုးဟု ထင်ကြမည်လားမသိ။ ထင်စရာကလည်း ဖြစ်နေပြီ မဟုတ်ပါလား။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန် ကော်မတီကို ၂၀၁၂ ခုနှစ် မေလဆန်းတွင် သမ္မတရုံးမှ ဒုတိယသမ္မတ ဦးဆောင်ကာ ဖွဲ့စည်းခဲ့သည်။ ၄င်း၏အောက်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Center - MPC) တို့ဖွဲ့စည်းပြီး ၀န်ကြီး၊ ဒုဝန်ကြီး ၁၃ဦးတို့ဖြင့် ထပ်မံဖွဲ့စည်းခဲ့သည်။ ၀န်ကြီးများအနက် ဦးအောင်မင်းသာ သမ္မတရုံးဝန်ကြီး ဖြစ်၍ ထိထိရောက်ရောက် လုပ်နိုင်သည်။ ကျန်သူတွေက ပံ့ပိုးမှုသာပေးနိုင်သည်။ ဦးအောင်မင်း၏ ထကြွလုံ့လကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရောက်လာကြသည်ဆိုက မှားအံ့မထင်။ MPCတွင် လက်တွေ့လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပညာရှင်များကို သမ္မတကြီးက ခန့်ထားပေးခဲ့သည်။ ဦးအောင်မင်းက ထိုပညာရှင်များနှင့် နီးနီးကပ်ကပ် ထိတွေ့စီမံဆောင်ရွက်သည်။ ထိုသူတွေကလည်း ကျွမ်းကျင် ပညာရှင် ပီသစွာ ဆောင်ရွက်ကြသည်။ ငြိမ်းချမ်းရေး ခရီးကား မဝေးလှတော့ဟု ယူဆလာနိုင်သည်။

သို့သော် ရောက်ကား မရောက်သေး။ တိုင်းရင်းသား လက်နက်ကိုင် ၁၆ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ ၁၄ဖွဲ့မှာ အပစ်အခတ် ရပ်စဲသော အဆင့်သို့ ရောက်နေပြီ။ နိုင်ငံရေးအရ ဆွေးနွေးရန် ကျန်သည်။ အဖွဲ့ ၂ဖွဲ့မှာ ဆွေးနွေးဆဲ အဆင့်ဖြစ်သည်။ KIO နှင့် TNLAတို့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်သော်လည်း အပစ်အခတ်က ရပ်မထားပေ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ သမ္မတကြီးက တိုက်ပွဲများရပ်ပြီး စကားဝိုင်းဖြင့် သွားလိုသည်။ ထို့ကြောင့် ပညာရှင်များ ခန့်ပေးထားသည့် သမ္မတကြီး တာဝန်ကျေပါသည်။

ထိုသို့ဆိုလျှင် မည်သူတွေ တာဝန်မကျေကြသလဲ။ တပ်မတော်လား။ ထိုသို့မဟုတ်ပါ။ တပ်မတော် အနေဖြင့် သမ္မတကြီးက ရပ်ဆိုသည်နှင့် လိုင်ဇာကို လက်တစ်ကမ်း အလိုတွင် ထိုးစစ် ရပ်လိုက်သည်။ ဦးအောင်မင်းလား ဦးအောင်မင်းကလည်း အိမ်ရောင်းပြီး ငြိမ်းချမ်းရေး လုပ်နေသည်။ သူ့ကိုယ်ကျိုး ထဲကတောင် ပါနေပြီ။ သူ၏ ဆွေးနွေးမှုများကြောင့် ငြိမ်းချမ်းရေးခရီး အတော်ပင် ရောက်နေပြီ။ မြန်မာနိုင်ငံကို ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းများနှင့် မိတ်ဆက်ပေးသူ ဦးသိန်းဇော်ကလည်း SSA (၀မ်ဟိုင်း) နှင့် မိုင်းလားကို ထိန်းပေးထားသည်။ ၀န်ကြီး ဦးစိုးသိမ်းကလည်း ငြိမ်းချမ်းရေးရအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကားပါမစ်များ ထုတ်ပေးခဲ့သည်။

ပညာရှင်ဘက်ကြည့်ပါက ပညာရှင်ထဲတွင် ဦးညိုအုန်းမြင့်ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပြင်၊ ပြည်ပ NGOများနှင့်ပါ နှံ့စပ်သူများပါသည်။ သူက နယ်နယ်ရရ မဟုတ်။ နအဖ ခေတ်က ပြည်ပ အခြေစိုက် NLD-LA၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့သည်။ ဒေါက်တာ ဇော်မင်းဦးကဲ့သို့ အမေရိကန် ဒုသမ္မတနှင့် လက်တွဲ လုပ်ခဲ့သော ပဋိပက္ခများ စိစစ်ရေးနှင့် ဆုံးဖြတ်ချက် ချမှတ်ရေး ပါရဂူများ ရှိသည်။ အနဖခေတ်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒများ ချမှတ်ရာတွင် အဓိက အခန်းမှပါဝင်ခဲ့သူ ဖြစ်သည်။ အမေရိကန် စစ်တပ်တွင်လည်း ညွှန်မှူးအထိ လုပ်ဖူးသည်။ အာဖဂန် အရေးလည်း ပါဝင်ခဲ့သူ ပညာရှင်ဖြစ်သည်။ ဦးအောင်နိုင်ဦးကဲ့သို့ DDRခေါ် တပ်များ ဖျက်သိမ်းရေး၊ လက်နက်ဖြုတ်သိမ်းရေး၊ ပြန်လည် နေရာချထားရေး ကျွမ်းကျင်သူ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ ရထားသူများပါသည်။ သူကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် တပ်ဦးတွင် ပါဝင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်ကဲ့သို့ ဥပဒေ ပါမောက္ခများပါသည်။ ဦးတင်အောင်မိုးကဲ့သို့ ဆွေးနွေးပွဲများ စီစဉ်ကျင်းပမှု နိုင်ငံတကာ အတွေ့အကြုံရှိသူများ ပါသည်။ ထို့ပြင် နအဖ လက်ထက် ပြည်တွင်းတွင် နေရာကောင်း ရခဲ့သော ဦးလှမောင်ရွှေတို့၊ ဦးတင်မောင်သန်း တို့ကဲ့သို့ UMFCCIက သူဌေများပါသည်။ ဒေါက်တာ ကျော်ရင်လှိုင်တို့ကဲ့သို့ အပြောကောင်း၊ အဟောကောင်း ထက်မြက်သည့် ပညာရှင်များပါသည်။ ပညာရှင် အဖွဲ့တွင် နအဖကို တော်လှန်ခဲ့သူ၊ မြန်မာပြည် တရုတ်ဘက် ယိမ်းသွားအောင် စီးပွားရေး ပိတ်ဆို့ခဲ့သူ၊ နအဖ လက်ထက်ရောက်မှ ကြီးပွားလာသူ၊ နအဖကို ဝေဖန်ရင်း ပါရဂူဘွဲ့ ရသွားသူ စသည့်ဖြင့် ပညာရှင် စုံလှသည်။ နိုင်ငံတကာ အလှူရှင်အဖွဲ့များ အထိ ပေါက်ရောက်သူများလည်း ပါသည်။

ထို့အဖွဲ့က ပညာရှင်များသည် အစိုးရဘက်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်ပါ နှံ့စပ်သူများ ဖြစ်သည်။ သမ္မတကြီးက ကြားလူအဖြစ် ထိုသူများကို ရှေ့နေ ငှားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာသိ ပုဂ္ဂိုလ်များလည်းပါသည်။ UNကို အိတ်ကပ်ထဲ ထည့်နိုင်သူများလည်းပါသည်။ ထိုရှေ့နေ အဖွဲ့က နှစ်ဖက်လုံး အတွက် ၀င်ဆံ့သည်။ အကြောင်းသိသည်။ နိုင်ငံတကာ အတွေ့အကြုံလည်း ရှိသည်။ ထို့ကြောင့် အစိုးရဘက်မှ လိုအပ်သည်ကို ပံ့ပိုးစေ၍ မြေပြင်တွင် သူတို့လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။ သမ္မတကလည်း အခွင့်အရေးပေးသည်။ ဦးစိုးသိမ်းက ကားပါမစ်ပေးသည်။ ဦးအောင်မင်းကလည်း အိမ်ရောင်း၍ ငွေကြေး စိုက်ထုတ်ပေးသည်။ မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရှင်သန်စေလိုသော အနောက် ဥရောပနိုင်ငံများကလည်း ထောက်ပံ့ပေးသည်။ အထူးသဖြင့် နော်ဝေမှ ငြိမ်းချမ်းရေး အလှူရှင် အဖွဲ့၏ အထောက်အပံ့ကို ကောင်းကောင်း ရရှိသည်။ ဆွေးနွေးပွဲတိုင်း နိုင်ငံတော်မှ ငွေကြေး အကုန်ကျခံကာ ဆောင်ရွက်ပေးသည်။

တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ လိုင်ဇာညီလာခံတွင် NCCTကို ဖွဲ့စည်းခဲ့သည်။ တစ်ဖွဲ့ချင်း မဟုတ်တော့။ စုပေါင်းအဖွဲ့ဖြင့် ပြည်ထောင်စု အစိုးရနှင့် ဆွေးနွေးမည်။ KNU ကဲ့သို့ တိုင်းရင်းသားများ ဘက်ကလည်း ငြိမ်းချမ်းရေး လိုချင်သည်။ နှစ်ပေါင်းများစွာ တိုက်လာသည်မှာ အကျိုးမရှိဘဲ ပြည်သူတွေသာ နာပြီး တိုင်းပြည် ဒုက္ခရောက်သည်ကို သဘောပေါက်သည်။ NCCT နှင့် အစိုးရအဖွဲ့ ဆွေးနွေးတာ ၇ ကြိမ်ရှိပြီ ဖြစ်သည်။ သို့သော် အရွေ့ကား နှေးလှသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် KIA ကဲ့သို့ အခွင့်သာပါက ပြည်ထောင်စုမှ ခွဲထွက်မည့် သူများလည်း ရှိသည်။ ဗိုလ်ချုပ်ကြီး ခွန်ဥက္ကာကဲ့သို့ “၀” မရှိဘဲ “၀ိ” လုပ်ချင်သူများရှိသည်။ UWSA နှင့် မိုင်းလား အဖွဲ့ကဲ့သို့ မီးစင်ကြည့် ကမည့်သူများရှိသည်။ ထို့ပြင် ဗိုလ်ချုပ် ဂွမ်မော်က အမေရိကန်မှ ပြန်လာပြီး ကချင်လူထုက လွတ်လပ်သော သမ္မတနိုင်ငံ ထူထောင်လိုကြောင်း ပြောသံထွက်လာသည်။ ဆရာကြီး တစ်ဆူဖြစ်သူ နိုင်ဟံသာက ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဆိုရင် တပ်မတော်က အရေးကြီးဆုံး ကဏ္ဍမှာ ရောက်နေတယ်လို့ ပြောလိုပြော၊ ကျွန်တော်တို့ အနေနဲ့ ဆက်တိုက် အချိန်နှစ်ပေါင်းများစွာ ၆၅ နှစ်ကျော်ပြီ တိုက်ပွဲ ၀င်လာတာ လွယ်လွယ်နဲ့ ဘာမဆို လက်ခံလိုက်ရင် ကျွန်တော်တို့ တော်လှန်ရေးကြီး ပျက်သုန်းသွားရင် လူထုရဲ့ တွံထွေးခွက်ထဲမှာ မျောနေရမယ့် အနေအထားမျိုး ဖြစ်သွားမယ်လို့ ပြောလိုပြော၊ တစ်ဖက်က အပေါ်စီးရပြီးတော့မှ တစ်ဖက်က ငါ့အောက်ကို ၀င်လာပါ ဆိုတဲ့ ပုံစံမျိုး ပြောလိုပြော စိတ်ထဲရှိတာ ပြောနေသံ ကြားရသည်။ ဦးအောင်မင်းကတော့ အစိုးရဘက်က လျော့နိုင်သမျှ လျော့ပြီး တိုင်းရင်းသား ခေါင်ဆောင်များနှင့် အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ ဒိုင်ယာလော့ခ် သမားများက ဆွေးနွေးပွဲပြီးနောက် ညစာစားပွဲ ပြုလုပ်ရန် အရက်ပုလင်းများ စုနေကြပြီး။ ဆွေးနွေးပွဲများကို အကုန် လုပ်နေသော်လည်း အခြေအနေ သိသိသာသာ တိုးတက်မလာပဲ စုပေါင်းစားသောက်ကြပြီး ပြန်သွားသည်က များနေသည်။ MPC ရုံးအဖွဲ့က လူများကတော့ ချမ်းသာလာကြသည်။ ယခု ရှစ်ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို စတင်နေပြီ ဖြစ်သည်။ အပစ်ရပ်ရေး မူကြမ်းမှာ အချက်ပေါင်း ၁၂၀ကျော်ထဲက ၇၀ကျော်ကို သဘောတူညီခဲ့ကြပြီး ကျန် ၄၅ချက်ကို ဆက်လက် ဆွေးနွေးရန် ရှိနေသည်ဟု ကြားရသည်။

ငြိမ်းချမ်းရေး လိုချင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်း ကြိုဆိုနေသော တပ်မတော်တို့ ထိပ်တိုက် ဆွေးနွေးလျှင် ပိုပြီး ခရီးရောက်နိုင်မလားဟု တွေးမိသည်။ ပြီးခဲ့သော ရန်ကုန် ဆွေးနွေးပွဲတွင် အစိုးရ စစ်တပ်မှ ဗိုလ်ချုပ်ကြီးများ ပါဝင်ဆွေးနွေး ခဲ့သဖြင့် အချို့ အချက်များ သဘောတူညီမှု ရရှိခဲ့သည်။ နှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့သည်။ Single Text ရသည် အထိ လုပ်နိုင်ခဲ့ကြသည်။ ကြားပွဲစားများ ရှေ့နေများနှင့် မပြီးသော အချက်များ ပြီးကုန်သည်။ ယခုအတိုင်း ဆက်သွားလျှင် အဖြေ တစ်ခုခု ထွက်နိုင်သည်ဟု ယူဆသည်။ ပဋိပက္ခကို ဆွေးနွေး ပွဲများဖြင့် ဆောင်ရွက်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။ မတင်မကျ လုပ်နေခြင်းထက် ပြတ်သားသော အဖြေရရန်လိုသည်။ ကမ္ဘာတည်သရွေ့ ကျင်းပနေမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်လျှင် တိုင်းပြည် အတွက် အကျိုးမရှိနိုင်ပေ။ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်တက်ရန်လိုသည်။ အစိုးရ သက်တမ်း မကုန်မီ ၆လမတိုင်မီ ပြီးပြတ်သင့်သည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးကလည်း ရွေးကောက်ပွဲ မတိုင်မီ ၆ လဟု အချိန်ကန့်သတ်ပေးထားသည်။ ယခုအတိုင်း သွားနေပါက တိုင်းရင်းသား လက်နက်ကိုင်များ အခြေခံ ဥပဒေ အပေါ် မဆွေးနွေးရ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအကြိမ် ဆွေးနွေးပွဲကို တပ်မတော်မှ ၃ဦးကိုသာ ဖိတ်ကြားထားသည်ဟု သိရသည်။ မြန်မြန်ပြီးသွားမှာကို MPCမှ စိုးရိမ်နေသည်ဟု ယူဆရမလို ဖြစ်နေသည်။

အချိန်ဆွဲနေခြင်းကြောင့် ပုံပြင်တစ်ခုကို သတိရမိသည်။ ရှေ့နေပေါက်စလေးက သူ့အဖေ ရှေ့နေကြီးကို အဖေရေ သားတော့ အဖေလက်ထက်က မပြတ်တဲ့ တရားမမှုကြီးကို သားဒီနေ့ပဲ အပြတ်ဖြတ်ခဲ့လိုက်တယ်တဲ့။ သူ့အဖေက ချီးကျူးခြင်း မပြုဘဲ မိုက်လှချည်လား ငါ့သားရယ် ဒီအမှုနှင့် မင်းဘွဲ့ရအောင် ကျောင်းထားခဲ့တာကွ၊ မင်းဒီအဆင့်အထိ ရောက်အောင် ဒီအမှုကရတဲ့ ရှေ့နေခနှင့် လုပ်ပေးခဲ့တာတဲ့။ ယခုလည်း MPCက ရုံးအဖွဲ့များ ထိုသို့ပြောမလား တွေးမိပါသည်။ ဦးအောင်မင်း အနေဖြင့် မြန်မြန် ပြီးချင်မှာ သေချာသည်။ ယခုသူနေသော အိမ်တစ်လုံး ထပ်မ ရောင်းရရန် ဖြစ်သည်။ မြန်မာလူမျိုးတွေ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုကြည့်ပြီး MPCရုံးအဖွဲ့၏ ကြီးပွားမှုကိုကြည့်လျှင် MPC ရုံးအဖွဲ့က ပညာရှင်များ မည်မျှ တော်သည်ကို သဘောပေါက်လောက်ပါသည်။ ပွဲစားမလို ပိုင်ရှင် ကိုယ်တိုင် ရောင်မည်ဆိုသော ကြော်ငြာလေးတွေ့ပြီး တွေးမိရင်း တင်ပြခြင်း ဖြစ်ပါသည်။ ပွဲစားများ ပေါနေတော့ ပိုကြာပြီး ပိုကုန်သလားလို့ပါ။

ရဲဘော် အောင်ဝင်း

 

Category: 

Share