လမ်းပြကြယ်ရဲ့ ဗျာဒိတ်စကား - မာဂျေ

မြန်မာနိုင်ငံတော် ဒီမိုကရေစီ အစိုးရရဲ့ ဒုတိယဥသျှောင်ဖြစ်တဲ့ ဒုတိယသမ္မတကြီးက လူတစ်ဦး တစ်နေ့ ကျပ်နှစ်ထောင်ဆိုရင် ရပ်တည်ဖို့ လုံလောက်တယ်လို့ ဒလမြို့နယ်က သမ၀ါယမ အသင်းသားတွေကို ပြောလိုက်တယ်တဲ့။ အရမ်းကောင်းပြီး တိုင်းပြည်အတွက် အလွန် တန်ဖိုးရှိတဲ့ သတင်းဖြစ်လို့ မီဒီယာတွေကလည်း အလုအယက် ဖော်ပြကြတာပေါ့ဗျ။ ဆိုရှယ် မီဒီယာတွေပေါ်မှာလည်း မျက်စိ နောက်လောက်အောင်ကို ဖတ်နေရတယ်။ ထင်ရှား ကျော်ကြားသူများ ပြောစကား ဆိုတော့လည်း အဲဒီလို အရေးတယူ ပြုရပေတာ မဟုတ်လားဗျာ။ စီးပွားရေးသမားတွေကလည်း အဲဒီသတင်းပါတဲ့ ဂျာနယ်တွေကို ၀ယ်ပြီး သူတို့ ရုံးတွေက ကြော်ငြာသင်ပုန်းမှာ ကပ်ထားကြတယ်ဆိုပဲ။ အထူးသဖြင့် အထည်ချုပ် စက်ရုံပိုင်ရှင်တွေက ဒုသမ္မတကြီး စကားကို ကြိုဆိုထောက်ခံပွဲတွေ လုပ်ဖို့ စိုင်းပြင်းနေကြသတဲ့။ ဘာလို့လဲဆိုရင် အထည်ချုပ် စက်ရုံဝန်ထမ်းတွေက လစာ ခဏခဏ တိုးတောင်းနေကြတာကိုးဗျ။ တစ်နေ့ နှစ်ထောင်ဆိုရင် တစ်လ ခြောက်သောင်းထက် ပိုပေးစရာ မလိုဘူးဆိုတဲ့ စကားကလည်း စီးပွားရေး သမားတွေကြား အရမ်း ရေပန်းစားနေဆိုပဲ။

နောက်ဆုံးမတော့ နိုင်ငံတော်က ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုတာ တစ်နေ့ကို ကျပ်နှစ်ထောင်နဲ့ လောက်အောင် စားခိုင်းတာပဲဆိုတာ ခုမှသိလိုက်ရတယ်။ မာဂျေတို့ကတော့ ကိုယ့်ထက်တော်လို့တတ်လို့ နိုင်ငံတော် တာဝန်ကိုယူပြီး နိုင်ငံတော်ရဲ့ ရှေ့ဆောင် လမ်းပြ ကြယ်ကြီးတွေရဲ့ ဗျာဒိတ်စကားတွေကို မှတ်သား လိုက်နာလေ့ရှိတယ်။ သမ္မတကြီးက နို့သောက်လို့ ပြောတုန်းက တစ်ရုံးလုံး နွားနို့ မသောက်မနေရ လုပ်လိုက်တာ ၀မ်းတွေလျှောကုန်လို့ ဆေးဘိုး အတော်ကုန်သွားဖူးတယ်။ ဒါကြောင့် အခုလဲရုံးမှာ ချက်ခြင်း အစည်းအဝေးခေါ်ပြီး လစာတွေ တိုးတောင်းဖို့ စိတ်မကူးကြနဲ့။ ဒုသမ္မတကြီးက ဆရာ့ကို အခုဥာဏ်အလင်း ဖွင့်ပေးလိုက်ပြီ။ တစ်လကို ခြောက်သောင်းထက် ကျော်ပြီး လစာရတဲ့ သူတွေကို နားရက် မပေးတော့ဘူး။ တနင်္ဂနွေပါ အလုပ်ဆင်းရမယ်။ ဒါမှမဟုတ် လစာပြန်လျှော့မယ်လဲ ပြောရော ၀န်ထမ်းတွေက ပွစိပွစိနဲ့။ ဒါကြောင့် သင်းတို့ မကြီးပွားတာလို့ သံဝေဂတောင် ရလိုက်သေးတယ်။ ခဏလည်းနေရော ခပ်စွာစွာ ၀န်ထမ်းတစ်ယောက်က တနင်္ဂနွေနေ့တော့ မဆင်းနိုင်ဘူးဆရာ ကျွန်မ အလုပ်ထွက်တယ်တဲ့။ အဲဒီဝန်ထမ်းက အရမ်းအားကိုးရတဲ့ ၀န်ထမ်း ဖြစ်လေတော့ မာဂျေလည်း ပျာသွားတယ်။ ဟဲ့ခုနကပဲ အကောင်းကြီး အခုချက်ခြင်း ဘာဖြစ်ရတာလဲ မေးတော့ ဆရာသာဆရာ့ ဒုသမ္မတကြီး ပြောသလို လိုက်နာတော့၊ ကျွန်မကတော့ တနင်္ဂနွေ တစ်ရက်တော့ ရည်စားအတွက် အချိန်ပေး (အဲလေယောင်လို့) အိမ်မှာ အ၀တ်လျှော် သန့်ရှင်းရေး လုပ်ရမှာ၊ ဒီအတိုင်းဆိုရင် အလုပ်ဆက်လုပ်လို့ မဖြစ်ဖူးတဲ့။ ဒါနဲ့အားကိုးရတဲ့ တပည့်ကို မဆုံးရှုံးနိုင်လို့ ကဲကဲ.. တနင်္ဂနွေ မဆင်းနိုင်လဲ ဘယ်တတ်နိုင်မလဲဆိုပြီး လျှော့ပေးလိုက်ရတယ်။

ဝန်ထမ်းတွေသာမနိုင်တာ မွေးထားတဲ့ သားသမီးတော့ ဒုသမ္မတကြီး စကားအတိုင်း သွန်သင် ဆုံးမမယ်ဆိုပြီး အိမ်ကိုပြန်ခဲ့တယ်။ အိမ်ရောက်တော့ သားနဲ့သမီးကိုခေါ်ပြီး မင်းတို့နှစ်ယောက် မိဘလုပ်စာ အခန့်သားစားပြီး ကျောင်းတက်နေတာ ဒါကြောင့် ဒီနေ့ကစပြီး တစ်နေ့ကို ကျပ်နှစ်ထောင်ထက် ပိုမသုံးရဘူး။ ဒါငါတို့နိုင်ငံရဲ့ ရှေ့ဆောင်လမ်းပြ ဒုသမ္မတကြီးရဲ့ အကြံပြုချက်လို့လဲ ပြောရော သားဖြစ်သူက ဒါဆိုရင် ဆီဆိုင်တွေမှာ ဆီကိုဂါလံဝက် နှစ်ထောင်ဖိုး ရောင်းပေးဖို့ အဖေစာအရင် ရေးလေတဲ့။ သမီးကတော့ အစွာမဗျ။ သင်းက မိဘလုပ်စာ စားနေတာမှ မဟုတ်တာ၊ အဖိုးအဖွားလုပ်စာ စားနေတာလေ၊ အဖေစာရေးလို့ရတဲ့ ငွေနဲ့ဆိုရင် တစ်နေ့ နှစ်ထောင်တောင် သုံးရမှာမဟုတ်ဘူး။ သမီးမုန့်ဖိုးကို ဘိုးဘိုးကြီးနဲ့ ဖွားဖွားကြီး ပေးနေတာ၊ သမီးလိုချင်သလောက် တောင်းမှာပဲ၊ အဖေ့ဆီက တောင်းနေတာ မဟုတ်ဘူးဆိုပြီး ပြန်ပက်ပါလေရော။ ဒုသမ္မတကြီးက တစ်နေ့ နှစ်ထောင်ဆိုရင် လောက်တယ်ပဲပြောတာ အဲဒီလို ပိုမသုံးနဲ့ ဆိုတာ မပါလေတော့ မာဂျေလည်း သားနဲ့သမီးကို ဆက်အထွန့်မတက်ရဲပဲ လက်မြှောက် လိုက်ရပြန်တယ်။ ဒါပေသိ စိတ်ထဲမှာတော့ မကျေနပ်ဘူးဗျ။ ဘယ့်နှယ်ဗျာ လူကြီးသူမက တိုင်းပြည်အပေါ် စေတနာထားလွန်းလို့ ပြောတဲ့ဟာကို ဘယ်သူကမှ မလိုက်နာရုံမက ပြက်ရယ်ပါ ပြုနေကြသေးတယ်။ မဒမ်မာဂျေကတော့ မာဂျေနဲ့ စိတ်တူကိုယ်တူဗျ၊ ကိုမာဂျေ ရှင့်အိတ်ထဲမှာ ငါးထောင်တွေ့တယ်။ ရှင်က တစ်နေ့နှစ်ထောင်ဆိုရင် သုံးလောက်ပြီမို့ ကျန်တဲ့သုံးထောင် ကျွန်မ ပြည်သူပိုင် သိမ်းလိုက်တယ်၊ ထမင်းချိုင့်လဲ ထည့်မပေးတော့ဘူး၊ အဲဒီနှစ်ထောင်ထဲကသာ ၀ယ်စားလိုက်တော့တဲ့။

နောက်နေ့မနက်မှာ ရုံးကို တပည့် မောင်ကြွက်နီ ရောက်လာတယ်။ သူက အလုပ်ဇာတ်ပျက် တစ်ယောက်။ အလုပ်ကို လက်ကြောတင်းအောင် မလုပ်တော့ပဲ ဂျာနယ်တိုက်တစ်ကာ၊ စာအုပ်တိုက်တကာကို သွားပြီး လူနိုင်တွေကို နှိပ်စက်ပြီး ၀င်ငွေဖြောင့်နေတဲ့သူ။ သူက ထုံးစံအတိုင်း လက်ဝါးဖြန့်ပြီး အစ်ကိုကြီး ဒီနေ့ညနေ ကျွန်တော့်ကို ထုံးစံအတိုင်း သုံးထောင်နဲ့ ၀ယ်ဗျာဆိုပြီး လက်ဖြန့်လာတယ်။ မာဂျေက ပြုံးပြီး ဘာသုံးထောင်လဲ၊ မင်းညနေပိုင်း တစ်ပိုင်းသုံးဖို့ သုံးထောင်ပေးရမယ် ဟုတ်စ။ ဒုသမ္မတကြီးက ဘာပြောထားလဲ၊ လူတစ်ယောက်ဟာ တစ်နေ့ကို နှစ်ထောင်ရှိရင် ရပ်တည်လို့ရသတဲ့။ ဒါကြောင့် ဒီနေ့ကစပြီး မင်းငါ့ဆီမှာ တစ်နေ့လုံး စာလုံးပေါင်းသတ်ပုံ လာစစ်ပေးရင်တောင် ကျပ်နှစ်ထောင်ထက် ပိုမရဘူး ကိုယ့်လူလို့လဲ ပြောလိုက်ရော မောင်ကြွက်နီ ဆွေ့ဆွေ့ခုန်သွားတယ်။

သူတို့က ဆန်ဆီဆား၊ သားငါးကအစ မော်တော်ကားနဲ့ ဒရိုင်ဘာအလယ် အိမ်ဖော်အဆုံး အလကား ရနေတာဗျ။ အခုခင်ဗျားဆီ ကျွန်တော်လာတာ ကားနှစ်ဆင့် စီးလာရလို့ အသွားလေးရာ၊ အပြန်လေးရာကျတယ်။ ရပ်ကွက်ထဲက လမ်းဘေးဆိုင်မှာ ထမင်းတစ်ခါပြင်က တစ်ထောင်၊ ကျွန်တော်က ကရင်ဆိုတော့ ထမင်းများများ စားနိုင်တယ်။ လိုက်ပွဲနဲ့ဆိုရင် တစ်ထောင့်နှစ်ရာ၊ ခင်ဗျားပေးတာက ကုန်ပြီ။ မနက်စာ မုန့်စားစရာနဲ့ ညစာ စားစရာ မရှိတော့ဘူး။ ဆေးလိပ်ကို ဘယ်အပေါက်က ငွေရှာပြီး ၀ယ်ရမလဲ၊ လဘက်ရေလေး၊ ကွမ်းယာလေး စားဖို့ ဘယ်အပေါက် သွားနှိုက်ရမလဲ။ ဘာလဲ ဟိုဝန်ကြီးပြောတဲ့ တစ်နေ့ကို ထမင်းတစ်နပ်ပဲ စားဆိုတာကို အကောင်အထည် ဖော်နေတာလားဆိုပြီး ဒေါသတွေ ထွက်နေပါလေရာ။

မဟုတ်ဘူး မောင်ကြွက်နီ၊ ဟိုကတစ်နိုင်ငံလုံးကို အုပ်ချုပ်နေတဲ့ လူကြီးကွ။ သူတို့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံပြီးပြောနေတာလေ။ တိုင်းပြည်ရဲ့ လမ်းပြကြယ်ကြီးတွေ။ သူတို့ပြောတာ မင်းလက်ခံရမှာပေါ့။ ကိုယ့်ထက်သိတဲ့တတ်တဲ့သူက အများပြည်သူ ကောင်းရာ ကောင်းကြောင်း ပြောလဲ မင်းတို့က လက်ကိုမခံနိုင်ဘူး တယ်ခက်တာပဲကွာလို့ ပြောရင်း ရုံးကတပည့်ကို ဆရာ ဒီနေ့ထမင်းချိုင့် မပါဘူးဟေ့။ ရှေ့က စားသောက်ဆိုင်က ပဲပြုတ်နဲ့ ကြက်ဥထမင်းကြော် ၀ယ်ပေးစမ်း၊ ရော့ဒီမှာနှစ်ထောင်၊ ပိုတာကို စီးကရက်လေး ဆွဲခဲ့ဆိုပြီး မှာလိုက်တော့ တပည့်က ဆရာမရတော့ဘူး နှစ်ထောင့်ငါးရာ ပေးမှရမယ်။ မီတာခတွေ ဈေးတက်လို့ဆိုပြီး အစားအသောက်တွေလဲ အကုန် ဈေးတက်သွားပြီတဲ့။ မာဂျေ အတော်စိတ်ညစ်သွားတယ်။ မောင်ကြွက်နီကတော့ မှတ်ပြီလားဆိုပြီး ပြုံးပြုံးကြီးလုပ်လို့။ ဒီလိုဖြင့် မဖြစ်ချေဘူး။ ဒုသမ္မတကြီးလဲ နာမည် မပျက်ရလေအောင်။ မာဂျေတို့လည်း လူကြီးစကားကို လိုက်နာလို့ရအောင် ဒုသမ္မတကြီးဆီကို စာတစ်စောင်ရေးပြီး ဂျာနယ်ထဲက ထည့်ရတော့မယ်။ စာကနိုင်ငံတော်ရဲ့ လမ်းပြကြယ်တစ်ခု ဖြစ်တော်မူသော ဒုသမ္မတကြီးရဲ့ ဗျာဒိတ်စကားကို မြေ၀ယ်မကျ နားထောင်နိုင်ရန် အတွက် မီတာခတွေ ပြန်လျှော့ပေးစေလိုပါတယ် ခင်ဗျားဆိုတဲ့ တစ်ကြောင်းထဲပါ။ အင်းပြည်သူတွေမှာ မီတာခနဲ့ နပန်းသတ်နေရတဲ့ ကြားထဲ နှစ်ထောင်နဲ့ လောက်တယ်ဆိုတော့ ဒီစကားဟာ မီတာခ ဈေးတက်ဖို့ အစီအမံတွေ လုပ်ခဲ့တဲ့ ဘိန်းတရုတ်တွေရဲ့ အကြံတွေများလားဗျာ။

မာဂျေ

 

Category: 

Share