၄၃၆ နှင့် ထူးမခြားနားတဲ့ ဇာတ်လမ်း - ဇော်သက်ထွေး

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့ အတွက် အစိုးရအပေါ် အားစမ်းတဲ့ ပွဲတစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီပွဲကို ပြုပြင်ပြောင်းလဲချင်တဲ့ ပြည်သူလူထု ထောင်သောင်းများစွာ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အနာဂတ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ အခန်း ကဏ္ဍအပေါ် မေးခွန်းထုတ် ခဲ့သလို ကိုမင်းကိုနိုင်ကလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒီမိုကရေစီ လိုလားတဲ့ သူအားလုံး ပါဝင်ရမယ်လို့ ဆိုခဲ့ပါတယ်။

ဒီလူထုအစည်းအဝေးပွဲကြီး မလုပ်ခင်က အမျိုးသား ၀ါဒီတွေရဲ့ လှုပ်ရှားမှုတွေနဲ့ အာဏာရ ကြံ့ခိုင်ရေး ပါတီက လုပ်တဲ့ ၅၉(စ) မပြင်ရေး လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုအစည်းအဝေးကြောင့် အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပေမယ့် ၅၉(စ) မပြင်ရေး လှုပ်ရှားမှုတွေကတော့ အရှိန်တန့် သွားခဲ့ပါတယ်။ အထူးသဖြင့် နယ်တွေမှာ ကျင်းပပြုလုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီက ဆန္ဒထုတ်ဖော် ပွဲတွေဟာ ပါတီ ဗဟိုဌာနချုပ်မှ ညွှန်ကြားထားခြင်း မရှိကြောင်းကို ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးဌေးဦးက ထုတ်ဖော် ပြောဆိုခဲ့တာဟာလည်း အံ့သြစရာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက် NLD နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့ အစည်းတို့ ပေါင်းစည်းမှုဟာလည်း သုံးနှစ်သား ဒီမိုကရေစီနိုင်ငံ အတွက် မှတ်တမ်း တစ်ခု ဖြစ်ခဲ့ပါတယ်။ နိုင်ငံတော် အာဏာအတွက် တပ်မတော်က အစဉ်ကြီးစိုးနေစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ မဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက် ၉၈.၁၈ရာခိုင်နှုန်းက မဲပေးခဲ့ ကြပြီး ၉၂.၄၈ ရာခိုင်နှုန်းက ဒီဥပဒေကို ထောက်ခံခဲ့တယ်လို့ စစ်ဗိုလ်ချုပ်ကြီးတွေက ဂုဏ်ယူစွာ အမြဲ ပြောလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီဥပဒေကို တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား အစစ်အမှန်တွေကို ဥပေက္ခာ ပြုခဲ့တဲ့ ကိစ္စကိုတော့ အမြဲတမ်း သတင်းအမှောင် ချထားလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ အဓိက တာဝန်ရှိနေတဲ့ တပ်မတော်နဲ့ နိုင်ငံတော် သမ္မတကို ဦးတည် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်က ဒီကိစ္စကို လွှတ်တော်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သိက္ခာရှိရှိ ပြင်ဆင်တာမျိုးကို လိုလားတဲ့ သဘောထားမျိုး ရှိပါတယ်။ ဒါကြောင့်လဲ NLD နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူထုလက်မှတ် ရေးထိုးဖို့ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုမျိုးဟာ လူထု အတွက်တော့ ထူးခြားဆန်းသစ်တဲ့ နိုင်ငံရေး လှုပ်ရှားမှု မဟုတ်ခဲ့ပါဘူး။ ဒီပုံစံမျိုးကို ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင် ကတည်းက ကြုံတွေ့ဖူးပြီးသား ဖြစ်ပါတယ်။ အဲဒီအချိန်ကလည်း အစိုးရက မလိုက်လျော နိုင်တဲ့အခါ လူဖမ်းပွဲကြီး စတင်ခဲ့တာပါပဲ။ အခုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ တပ်မတော်နဲ့ အစိုးရက မလိုက်လျောနိုင်ရင် ဘာလုပ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့ကတော့ ပြည်သူလူထုရဲ့ အားကိုယူပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဖိအားပေးလိုက်တဲ့ သဘောပါပဲ။ ဒီပွဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရရင်လဲ ပြည်သူလူထု အတွင်းမှာ ဒီမိုကရေစီ နိုးကြားမှုတွေ ဖြစ်ထွန်းနိုင်ပြီး လျော့တိလျော့ရဲ ဖြစ်နေတဲ့ ဒီမိုကရေစီ အင်အားစု အတွင်းက စည်းလုံးညီညွတ်ရေးဟာ ပြန်ပြီးကျစ်လစ် သွားနိုင်ပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုမှာ NLD နဲ့ ၈၈ အဖွဲ့တွေ မကဘဲ ကျောင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ တိုင်းရင်းသား ပါတီတွေ ထပ်မံပူးပေါင်းလာမယ် ဆိုရင်တော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး ပေါ်ထွန်းလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလှုပ်ရှားမှုကြီးဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို သေချာပေါက် ပြင်နိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ ဒါဆိုရင် နိုင်ငံရေး ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ တစ်ချို့ကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်က မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်လို့ ဝေဖန်ကြပါတယ်။ တစ်ချို့ကလည်း မြန်မာနိုင်ငံရဲ့ စစ်တပ်ဟာ ထူးထူးခြားခြား အာဏာသိမ်းဖို့ မလိုလောက်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အရေးပေးပြီးသားလို့ ထောက်ပြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ  နိုင်ငံတော်မှာ အရေးပေါ် အခြေအနေ ဖြစ်လာရင် နိုင်ငံတော် သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာသုံးရပ် အပ်နှင်းနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အချို့ကလည်း ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်နဲ့ အစိုးရကြား၊ လွှတ်တော်နဲ့ တပ်မတော်ကြား အမြင်သဘောထား ကွဲနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လိုဝေဖန်မှုတွေပဲရှိရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ တပ်မတော်ကတော့ အခုချိန်ထိ သူ့ရဲ့အမြင်သဘောထားကို တရားဝင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။ ထင်သာမြင်သာတဲ့ သဘောထားဆိုလို့ ပြီးခဲ့တဲ့ တပ်မတော်နေ့က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားရာမှာ အမျိုးသား ညီလာခံက ချမှတ်တဲ့ အခြေခံမူ ၁၀၄ချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တာဖြစ်ပြီး ထောက်ခံခဲ့တဲ့ ၉၂ ရာခိုင်နှုန်းကျော် ဆန္ဒကို လေးစားရမည်ဖြစ်ကြောင်း ပြင်ဆင်ရာမှာလည်း အခန်း ၁၂က ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောထားတာ ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော် သမ္မတကြီးက သုံးနှစ်တာ ကာလ အတွင်းမှာ နိုင်ငံရေး ယဉ်ကျေးမှု မျက်နှာစာသစ် ဖြစ်ထွန်းခဲ့ပြီလို့ ကြွေးကြော်ခဲ့ပေမယ့် လက်ရှိ အုပ်ချုပ်ရေး ကဏ္ဍက တာဝန်ရှိသူတွေကလည်း တပ်မတော်ခေတ်က စိတ်ဓာတ်မျိုး အတိုင်း မပြောင်းလဲသလို တပ်မတော်ရဲ့ ခေတ်သစ် ခေါင်းဆောင်ပိုင်းတွေ ကလည်း ခေတ်ဟောင်းက ခေါင်းဆောင်တွေရဲ့ သဘောထားအတိုင်း မပြောင်းလဲပါဘူး။ ဒီလိုပါပဲ နှစ်ပေါင်း ၁၀ စုနှစ် နှစ်ခုကျော် အကျဉ်းထောင်တွေထဲမှာ နေထိုင်ခဲ့ရတဲ့ ဒီမိုကရေစီ လှုပ်ရှား တက်ကြွသူတွေရဲ့ သဘောထားနဲ့ နိုင်ငံရေး အမြင်ကလည်း မပြောင်းလဲပါဘူး။

တိုင်းပြည်ကတော့ ဆင်းရဲမှုနွံတောထဲမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ အနိုင်ကျင့်မှုနဲ့ မတရားမှုတွေကလည်း ဒီမြေ၊ ဒီရေမှာ ထွန်းကား နေတုန်းပါပဲ။ နေလောင်နေတဲ့ ညိုမှောင်မှောင် မျက်နှာသွင်ပြင်တွေနဲ့ ယာဉ်ကြော ပိတ်ဆို့မှုကြားက ဘတ်စ် ကားစောင့်သူတွေ ရုံးကိုယူလာတဲ့ ထမင်းချိုင့်ထဲမှာ ကန်စွန်းရွက်ကြော်ပဲပါတဲ့ နိုင်ငံသားတွေ ကွမ်းယာကိုပဲ ဘ၀ရဲ့ ထွက်ပေါက် အဖြစ် သွားနဲ့ ဖိကြိတ်နေသူတွေ၊ ပိန်လှီနေတဲ့ ကလေးငယ်တွေ၊ ခါးထစ်ခွင်ချီပြီး နို့ပိန်ပိန်ကို လှပ် နို့တိုက်နေတဲ့ မိခင်တွေ အတွက်ကတော့ ထူးမခြားနား သီချင်းရဲ့ ဂီတသံကို စတင်နားဆင်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ဇော်သက်ထွေး

 

Category: 

Share