အဆိုးမြင်မိသော အမှန်တရားများ (၁၁) - မင်းသျှင်

ပြည်သူ့အကျိုးပြု ဦးနှောက်ရှား သလော
ထိပ်သီးပိုင်း အစိုးရ လူကြီးမင်းတွေမှာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အတွက် ခက်ခဲမှုတွေ ကြုံတွေ့ ကောင်းကြုံတွေ့ နိုင်ပါတယ်။ တိုင်းပြည်ကတော့ အကူးအပြောင်း ကာလကို ကြုံတွေ့တဲ့ အချိန်မှာ ဆင်းရဲမွဲတေမှုကြောင့် စိတ်ဓာတ်တွေ ယိုယွင်းလာတဲ့ ပြည်သူတွေရယ်၊ အရာရာ နောက်ကျကျန် နေတဲ့ တိုင်းပြည်ကြီးရယ်က ပြည်တွင်းစစ်တွေ ဖြစ်ပွားနေဆဲ အခြေအနေကိုလည်း ကြုံကြိုက် နေပါတယ်။

ဒီအတွက် အစိုးရကို နားလည်ပေးလို့ ရပေမယ့် အခု အုပ်စိုးတဲ့ ငါးနှစ်တာကာလမှာ ပြည်သူအကျိုးပြု ကိစ္စတွေကို စဉ်းစားတွေးခေါ်နိုင်မှုကတော့ အစိုးရ အုပ်ချုပ်ရေးပိုင်းမှာ လွန်စွာ ချို့တဲ့နေတာကို တွေ့ရပါတယ်။ ကားဈေး၊ ဖုန်းဈေးကို ချပေးတာလောက်နဲ့ မြစ်ဆုံကို ယတိပြတ် မငြင်းဘဲ ဆိုင်းငံ့ပါတယ်လို့ ပြောရုံနဲ့ ပြည်သူအချို့က ရှာကြံဂုဏ်ယူနေပေမယ့် ဒီကိစ္စလေးတွေဟာ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ ကားဈေးရော၊ ဖုန်းဈေးရောဟာ ညစ်ပတ် ယုတ်မာထားတဲ့ အာဏာရှင်တွေ၊ ၀န်ကြီးဌာနတွေနဲ့ ခရိုနီတွေ ပေါင်းကြံထားတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို ဖြေလျော့ပေးတယ်လို့ သုံးတာဟာ မဖြစ်သင့်ပါဘူး။ ဒါဟာ ယုတ်မာမှုကနေ ပုံမှန်ပြန် ဖြစ်လာတာပါ။ အခု အစိုးရကို သုံးသပ်ရရင်တော့ တပ်မတော် အာဏာရှင် အစိုးရထက် သာပေမယ့် အစိုးရ အတွင်းပိုင်းမှာ ပြည်သူအကျိုးပြု ကိစ္စထက် စာရင် တပ်မတော် အစိုးရ လက်ထက်က အရှုပ်ထုတ်တွေကို ပိုမိုရှင်းနေရတဲ့ အခြေအနေကို မျက်မှန်းတန်းမိသူတွေ သိပါလိမ့်မယ်။ တိုင်းပြည်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် အဓိကကျတဲ့ ရေ၊မီး၊ လမ်းပန်း ဆက်သွယ်မှုစတဲ့ အခြေခံ အဆောက်အဦးတွေက မပြည့်စုံတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာထက်စာရင် အိမ်နီးချင်း နိုင်ငံများကို ပိုမိုမျက်စိ ကျလာပါတယ်။ တိုင်းပြည်က မီးပျက်တုန်း၊ ရေမြုပ်တုန်း၊ ကုန်ဈေးနှုန်း ကြီးတုန်း၊ ဆင်းရဲမွဲတေတုန်း၊ ကျန်းမာရေးကိစ္စ အဆင်မပြေဖြစ်တုန်း ဖြစ်သော်လည်း အဲဒီကိစ္စတွေကို ဖြေရှင်းရမှာထက် စာရင် လက်ပံတောင်းတောင် ကိစ္စ၊ လယ်သိမ်း မြေသိမ်းကိစ္စ၊ ပဋိပက္ခကိစ္စ စသည်တို့သာ ပိုမို ဖြေရှင်းနေရပါတယ်။ အဲဒီလို ကိစ္စတွေ အတွက် ဖြေရှင်း နေတာနဲ့ပဲ အချိန်တွေဟာ တတိတိ ကုန်ဆုံးနေပါတယ်။ အထက်က ပြောတဲ့ ဆင်းရဲမွဲတေမှုနဲ့ အခြေခံ အဆောက်အဦး ဖြည့်တင်းဖို့ ကိစ္စတွေကိုတော့ အစိုးရနဲ့ ၀န်ကြီးများက တစ်မျိုးပြီး တစ်မျိုးဆင်ခြေ ပေးနေတာကို တွေ့ပါတယ်။ သူတို့ပြောတဲ့ ဆင်ခြေတွေကလည်း ပြည်သူတွေကြားမှာ ဟာသပြက်လုံး တစ်ခုလို အမြဲတမ်းပေါ်ထွက် လာတဲ့အခါကျတော့။

အစိုးရဟာ ပြည်သူ ကောင်းကျိုးပြုဖို့ အတွက် ဦးနှောက်ရော ရှိကြရဲ့လားဆိုတာ မေးခွန်းထုတ် စရာပါ။ ဘယ်အစိုးရ တက်တက် ပြည်သူ့အကျိုးကိုပဲ ပထမတန်း နေရာထားတဲ့ အစိုးရဟာ လူချစ် လူခင်များမှာပါ။ ပြည်သူတွေ တောင်းဆိုသမျှ ဟာသလုပ်ပြီးတော့ အရင်အစိုးရ စားခဲ့သောက်ခဲ့ သမျှကို လိုက်လံဖာထေးရတဲ့ ဖာထေးတဲ့ ဦးနှောက်ပဲ ရှိကြမယ် ဆိုရင်တော့ ပြည်သူတွေ ငြိုငြင်လာ မှာပါ။ ဒီလိုပြောလို့ ရွှေစိတ်တော် မဆိုးကြပါနဲ့ဦး ပြည်သူတွေကို ဘယ်လို ရင်အုပ်မကွာ စောင့်ရှောက်တဲ့ အစိုးရ အဖြစ်သို့ ရှိတဲ့အချိန်လေးမှာ ကူးပြောင်းနိုင်မယ်ဆိုရင်တော့ ပြည်သူတွေ အကြားမှာ ကောင်းသတင်းလေး ဆောင်နိုင်မှာပါ။ ဒုံရင်းဒုံရင်း အီလေး ဆွဲနေရင်တော့ ရုပ်သေး အစိုးရဆိုတဲ့ နာမည်သာ ကျန်ခဲ့မှာ ဖြစ်ကြောင်း သတိပေးလိုပါတယ်။

မပြောင်းလဲတဲ့ ကျောင်းထဲသို့
ဘာလိုလိုနဲ့ ကျောင်းတွေတောင် ပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။ ကျောင်းသား လူငယ်တွေဟာ အခုလို မိုးရာသီမှာ မိုးထဲ လေထဲကနေ ကျောင်းတက်ရတာကို ကြည့်ပြီးတော့ ကျောင်းသား ဘ၀ကို တွေးမိပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက တက်ခဲ့တဲ့ ကျောင်းလေးတွေနဲ့ အခု ၂၀၁၄ ရောက်လို့ တက်တဲ့ ကျောင်းတွေ ဘာကွာပါသလဲ။ သေချာစဉ်းစား ကြည့်ရင်တော့ ကျောက်သင်ပုန်း ကျောက်တံ မသုံးတော့တာကလွဲလို့ ဘာမှ သိပ်မကွာပါဘူး။ ဒီလိုပဲ ရေတွေဝပ်နေတဲ့ ကျောင်းရယ်၊ မြောင်းရေလျှံပြီး အတန်းထဲ ၀င်နေတဲ့ ကျောင်းရယ်နဲ့ အိမ်သာနံ့ တစ်ထောင်းထောင်းနဲ့ ကျောင်းတွေ အတိုင်း တည်ရှိနေပါတယ်။ ကျောင်းတိုင်း ကျောင်းတိုင်းမှာတော့ ကပ်ထားကြပါတယ်။ မူလတန်းသည် အခမဲ့ ပညာရေး စနစ် ဖြစ်သည်တဲ့၊ သတင်းစာထဲမှာတော့ အလယ်တန်းကိုပါ အခမဲ့ ပညာရေး အဖြစ် သင်ကြားပေးမယ်လို့ ဆိုကြတာပဲ။ ဒါပေမယ့် ကျောင်းအပ်စရိတ်က ဘယ်လောက် ဘယ်ဝါ ဆိုတာတွေက ကြားနေရတုန်းပါပဲ။ ကျောင်းတွေမှာတော့ တိုင်ကြားနိုင်ပါတယ် ဆိုတာတွေက ကပ်ထားကြတယ်။ သားသမီး မျက်နှာငယ်မှာ ဆိုးလို့ပေးရတဲ့ ကိစ္စတွေပါရှိပါတယ်။ ပေါ်တင် မဟုတ်တောင် ကပ်ထိုးလေးပေးမှ မျက်နှာချိုတဲ့ သူတွေကလည်း ရှိစမြဲပါ။ ကျောင်းတွေမှာလည်း ခြင်ပုန်းခြင်ကျား ကင်းစင်တဲ့ ကျောင်းဆိုပြီး နေရာအနှံ့ ဆိုင်းဘုတ်တွေ တခမ်းတနားနဲ့ ရေးထားတာကိုလည်း တွေ့နိုင်မှာပါ။

ဒီလောက် ရေတွေဝပ်နေပြီး ရေမြောင်းတွေ ရေလျှံနေတာကို အဲဒီခြင်က ၀င်မဥဘဲ နေမှာတဲ့လား၊ မှောင်နေတဲ့ ကျောင်းခန်းထဲကို တက်မကိုက်ပဲ နေမှာတဲ့လား။ ဆိုင်းဘုတ်ချိတ်ထားရုံနဲ့တော့ ကလေးတွေ သွေးလွန်တုပ်ကွေး မဖြစ်ဘူးလို့  အာမမခံနိုင် လောက်ပါဘူး။ အမှန်ဆိုရင် ကျောင်းတွေမှာ မူတွေကိုသာ ကြားကောင်းရုံ အသစ်ပြောင်း ကပ်ထားတာပါ။ လူတွေကတော့ မပြောင်းလဲသေးပါဘူး။ အရိုးစွဲ နေတာတွေ များပါတယ်။ ကလေး ဗဟိုပြုစနစ်လို့သာ အော်နေပေမယ့်လည်း အရှိုးရာတွေနဲ့ ပြန်လာတဲ့ ကလေးတွေကို တွေ့တုန်း၊ မုန့်ဖိုး ဘာဝယ်စားလဲဆိုရင် ဆရာမ လာရောင်းတဲ့ တရုတ်က လာတဲ့ မုန့်တွေဝယ်စားတယ် ဖြေကြတုန်းပါပဲ။ ဒီလိုပြောလို့ ဆရာတွေကို အပြစ်ဆိုချင်တာ မဟုတ်ပါဘူး။ ဆရာတွေက ချော့တလီ ခြောက်တစ်လှည့် စာသင်ပေးလို့သာ ကျွန်တော်လည်း ဒီလိုစာရေး နိုင်တာပါ။ ခေတ်ပြောင်း တော်လှန်တဲ့နေရာမှာ နောက်ကျ မကျန်စေနိုင်ဖို့သာ သတိပေးချင်တဲ့ သဘောပါ။ ကျောင်းသားတွေရဲ့ အမှားတွေကို  အမြဲတမ်း ဆိုဆုံးမနေတဲ့ သူတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ အမှားတွေလည်း ပြုပြင်ဖို့ လိုနေတဲ့ အချိန်ဖြစ်ပါတယ်။ အနာဂတ် ကလေးတွေ ကိုယ်ရော စိတ်ရော ကျန်းမာဖို့ရာ ကျောင်းက အပြည့်အ၀ တာဝန်ရှိပါတယ်။ ကိုယ်ကလည်း သွေးလွန်တုပ်ကွေးဖြစ်၊ စိတ်ပိုင်းဆိုင်ရာ ကလည်း ပါဝါ အာဏာရှိတဲ့သူက အနိုင်ကျင့်လို့ ရမယ်ဆိုတဲ့ စိတ်မျိုးဝင်သွားရင် အနာဂတ် မျိုးဆက်ဟာလည်း အတ္တကြီးတဲ့ မျိုးဆက် တစ်ခု ထွက်လာမှာဖြစ်လို့ ဆင်ခြင် သင့်ပါတယ်။

ကျန်းမာရေးနဲ့ ၀င်ငွေခွန်
မြန်မာ့ ကျန်းမာရေးကိုတော့ ပြောဖို့တောင် မလိုပါဘူး။ ကမ္ဘာ့အဆင့်ရဲ့ အောက်ဆုံးနားမှာ ကပ်နေတဲ့ ကျန်းမာရေး ဖြစ်ပါတယ်။ ပြီးတော့ အခုလက်ရှိ ကျင့်သုံးနေတာ ကလည်း စားစရိတ်မျှပေး ကျန်းမာရေး စနစ် ဖြစ်ပါတယ်။ ဘယ်လောက်ကို စားစရိတ်မျှပေးရမှာ ဖြစ်ပြီး ဘယ်လောက်ကို အစိုးရ တာဝန်ယူမယ်ဆိုတာကလည်း မကွဲပြားပါဘူး။ တတ်နိုင်ရင် တတ်နိုင်သလောက်ပေးဆိုတဲ့ သဘောရှိ ပေမယ့် မတတ်နိုင်တာတောင် ဒါတွေဒါတွေ ၀ယ်ခဲ့ဆိုပြီး လေသံမာမာနဲ့ ပြောတဲ့အခါကျတော့ လူတွေလည်း ပေါင်နှံ ၀ယ်ကြရတာပါပဲ။ စနစ်အရတော့ လူနာအားလုံးကို အစိုးရက မကုပေးနိုင်ပါဘူး။ နိုင်ငံခြားမှာလို အလကား ကုပေးဖို့က ၀င်ငွေခွန်ကောက်ခံတဲ့ ကိစ္စကနေပြန်ပြီး ကျန်းမာရေး စရိတ်ကို ပြန်လည် ပေးဆပ်တဲ့ သဘောဖြစ်ပါတယ်။ အခု သတင်းစာတွေထဲမှာ အခွန်ငွေတွေကို မှန်မှန်သွင်းကြပါလို့ ဆိုနေပါတယ်။ သွင်းရတဲ့ သူတွေလဲ သွင်းရပါတယ်။ နိုင်ငံခြားက ပြန်လာတဲ့ သင်္ဘောသား ၀င်ငွေကောင်းတွေဆိုလည်း သူတို့ဟာ ၀င်ငွေဆောင်ပြီး တိုင်းပြည်ကို အလုပ်အကျွေး ပြုတာပါပဲ။ ဒါပေမယ့် သူတို့ နေမကောင်း ဖြစ်တော့လည်း ကိုယ့်ဘာသာ ကုရတာပါပဲ။ သူတို့ ပြဿနာ ဖြစ်တော့လည်း ကိုယ့်ဘာသာ လျော်ရတာပဲ အဲဒီတော့ ၀င်ငွေခွန် သွင်းနေတဲ့သူတွေကို ကာကွယ်ပေးတဲ့ သဘောလည်း မရှိပါဘူး။ သွင်းသွင်း မသွင်းသွင်း ဒီစနစ်ကို  ကျင့်သုံးမှာပါပဲ။ အခမဲ့ ကျန်းမာရေး စနစ်ကို ကူးပြောင်းမယ်ဆိုရင် ၀င်ငွေခွန်ကို စည်းကြပ်မှ ရပါလိမ့်မယ်။ ဒါပေမယ့် ၀င်ငွေခွန်တော့ ကောက်ပြီး စားစရိတ်မျှပေး လုပ်နေရင်တော့ မဖြစ်နိုင်ပါဘူး။ အခုဆိုရင် ဆေးရုံတွေကို ဖွဲ့စည်း တည်ဆောက်ပုံ အရ ပြင်ဆင်နေတယ်လို့တော့ ပြောပါတယ်။ ၀န်ထမ်းတွေရဲ့ စိတ်ဓာတ်တွေကိုရော ဘယ်လို ပြင်ဆင်မလဲဆိုတာက စဉ်းစားစရာပါ။ သူတို့ကို လခတိုးပေးမလား၊ ဆရာဝန်ကိုလည်း လခ သေသေချာချာပေးပြီး ကောင်းကောင်းမွန်မွန် လုပ်ခိုင်းရင် ပိုမို ကောင်းမွန်မလား ဆိုတာပါ။ ဘာပဲဖြစ်ဖြစ် ၀င်ငွေခွန် စည်းကြပ်ချင်တယ်ဆိုရင် ဒီနိုင်ငံရဲ့ နိမ့်ကျနေတဲ့ ကျန်းမာရေးစနစ်ကို ဖာထေးမှ ဖြစ်ပါမယ်။ လူဆိုတာ အိုခြင်း၊ နာခြင်း၊ သေခြင်းနဲ့ မကင်းပါဘူး။ တိုင်းပြည်ရဲ့ ပြယုဂ်ဟာ ပညာရေးနဲ့ ကျန်းမာရေး ဖြစ်ပါတယ်။ အဲတော့ ကမ္ဘာ့အလယ်မှာ ရပ်တည်နိုင်ဖို့ဆိုတာ ရေတို၊ ရေရှည်ဆိုပြီး ပလာတာရိုက်နေလို့ မရပါဘူး။ အလုံးစုံ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင်လည်း ရဲရဲကြီး ပြောင်းလဲဖို့လိုပါမယ်။ ကျွန်တော်တို့လို ပြောတဲ့ သူတွေက ပြောပေမယ့် ထုံးစံအတိုင်း အီကြာကွေးဆွဲ ပလာတာရိုက်တဲ့ သူတွေကို တွေ့ဦးမှာပါ။ ဆိုလိုချင်တာကတော့ ကျန်းမာရေး စနစ်ဟာ လိုတဲ့ဘက်ကို ယိမ်းနေတာပါ ၀င်ငွေခွန်ဆောင်တဲ့ သူတွေကျတော့လည်း အလကား ကုသမပေးပါဘူး။ ဆင်းရဲသားတွေ ကျတော့လည်း အခမဲ့လိုချင်ရင် ၀င်ငွေဆောင်လေကွာ ဆိုပြီး ဖြစ်နေပါတယ်။

မင်းသျှင်

 

Category: 

Share