“အရိုင်းစိတ်ဝင်လာတဲ့ ယဉ်ကျေးမှုမြို့'' - ကျော်ကြီး(MDY)

ကျွန်တော်တို့ မန္တလေးမြို့ ဆိုတာက မြန်မာပြည်ရဲ့ နောက်ဆုံး ဘုရင်မင်းဆက် အဆုံးသတ်ခဲ့တဲ့ မင်းနေပြည်တော်မြို့ ဖြစ်ခဲ့တာနဲ့အညီ စာပေ၊ ဂီတ၊ အနုပညာ ၊ယဉ်ကျေးမှု ထွန်းကားရာ မြို့ဖြစ်ပါတယ်။ ဘာသာ သာသနာ ဘက်မှာလည်း နေလိုလလို ထွန်းကားတဲ့မြို့ပါ။ မြန်မာကို ကိုယ်စားပြုထားတဲ့မြို့လို့ ပြောမယ်ဆိုရင်တောင် လွန်မယ် မထင်ပါဘူး။

ယဉ်ကျေးမှုမြို့တော် ဖြစ်တာနဲ့အညီ ကျွန်တော်တို့ မန္တလေး မြို့သူမြို့သားတွေဟာလည်း၊ အပြောအဆို အနေအထိုင် ယဉ်ကျေး သိမ်မွေ့မှုမှာ မြန်မာမှာ သာမက ကမ္ဘာမှာပါ နာမည်ကြီးတဲ့မြို့ပါ။ အညာသူ အညာသားတွေဆိုတော့ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်း ကူညီတက်မှု၊ ဧည့်ဝတ်ကျေပွန်မှု၊ စေတနာ သဒ္ဒါတရား ဘာသာတရား ကိုင်းရှိုင်းမှုရှိပြီး နွေးထွေးလုံခြုံမှု ရှိတဲ့မြို့ ဖြစ်ပါတယ်။ ကမ္ဘာ့ဖော်ရွေမှု အရှိဆုံး မြို့များထဲက မြို့တစ်မြို့ အဖြစ် ကမ္ဘာကျော် ခရီးသွား မဂ္ဂဇင်း (Conde Nest Traveller) နဲ့ CNN သတင်းဌာနတို့ကတောင် ဖော်ပြခြင်းခံခဲ့ရတဲ့မြို့ပါ။ မြန်မာ ရှင်ဘုရင်တွေ နန်းစိုက်ခဲ့တဲ့ မြို့ဖြစ်ခဲ့လို့ မန္တလေးသားတွေရဲ့ အပြောအဆို အနေထိုင်ကို မန်းဆန်တယ် နန်းဆန်တယ်လို့ ပြောစမှတ် ပြုလောက်အောင်ပါပဲ။ မန်းသူ မန်းသားတွေရဲ့ အပြောအဆို အနေထိုင် ၀တ်စား ဆင်ယဉ်မှုကို အခြားဒေသက လူတွေက လေးစားချစ်ခင်ကြတယ် စံနမှုနာထား အတုခိုးကြရတယ်။

ကျွန်တော်တို့ မန္တလေးမြို့ ဆိုတာကလည်း မြို့လို့သာပြောတာ ရွာကြီးတစ်ရွာလိုပါပဲ။ ဘယ်ရပ်ကွက် သွားသွား မသိတဲ့သူ မရှိဘူး။ ဘယ်နေရာ သွားသွား ဘယ်သူ့ သားသမီးဆိုတာ သိနေကြပြီးသား။ အကုန်လုံးက ဆွေမျိုးတွေလို ဖြစ်နေကြတာ။ အဲဒီတော့ မဟုတ်တာ မလုပ်ရဲဘူး။ ကျွန်တော်တို့ ငယ်ငယ်က တစ်နေရာမှာ မဟုတ်တာ တစ်ခုခု လုပ်လိုက်လို့ကတော့ အိမ်ပြန် မရောက်သေးဘူး မိဘတွေဆီကို သတင်းက ရောက်ပြီးသား။ တစ်ဦးနဲ့ တစ်ဦးလည်း ကူညီကြတယ် စောင့်ရှောက်ကြတယ်။

အရင်ကဆိုရင် မနက်ခင်း ဆွမ်းခံကြွကြတဲ့ သံဃာတန်းကြီးတွေ၊ အခါကြီး ရက်ကြီးတွေဆိုရင် ဆွမ်းကြီးခံ အဖွဲ့တွေ၊ ၀တ်အသင်းတွေ၊ အရုဏ်တော်ကြီးတွေ၊ ဗုံတောင် အဖွဲ့တွေနဲ့ ၀ါတွင်းကာလများမှာဆို ဗုံတောင်သံ ကြေးစည်သံတွင် တရားဓမ္မ အသံတွေနဲ့ တကယ့် ကိုယ်ကြည်းနှုးပီတိ ဖြစ်စရာ သာဓုခေါ်စရာ မြင်ကွင်းတွေပါပဲ။

အခုနောက်ပိုင်းမှာတော့ ယဉ်ကျေးမှု သမိုင်း အစဉ်အလာ ကြီးမားခဲ့တဲ့ မန်းမြို့ရဲ့ ပုံရိပ်တွေက တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေ တဖြည်းဖြည်း ပျောက်ကွယ်လာပါတယ်။ လူသတ်မှု၊ ဓားခုတ်မှု၊ လုယက်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှု စတဲ့ အနိဌာရုံ သတင်းတွေက အခုနောက်ပိုင်း ပိုမိုမြင်တွေ့ ကြားလာရတယ်။ မကြာသေးခင်ကပဲ ကျုံးဘေးမှာ သွားနေတဲ့ လမ်းသွားလမ်းလာ လူတွေကို ဓားနဲ့ လိုက်ခုတ်မှုတွေ ညဘက်လမ်းမှာ ရပ်ထားတဲ့ ကားတွေကိုလည်း အကြောင်းမဲ့ ဖျက်ဆီးမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေပါတယ်။ ဘယ်လိုဖြစ်နေကြတာလည်း ယဉ်ကျေးမှု မြို့တော်ကြီးရေလို့ မေးရမလို ဖြစ်နေပါပြီ။

ဘာအပြစ်မှမရှိဘဲ သူဟာသူ လမ်းသွားနေတဲ့ လူတွေကို ဓားနဲ့လိုက်ခုတ်လောက်အောင်ထိ ဖြစ်နေတာ အံ့သြလို့မဆုံး ဖြစ်မိတယ်။ ဓားနဲ့လိုက်ခုတ်တဲ့ သူတွေကို ကြည့်လိုက်တော့လည်း အသက်မပြည့်တဲ့ ကလေးတွေတောင် ပါပါတယ်။ ပြီးတော့ သူတို့က မူးယစ်ဆေးဝါး သုံးစွဲထားပါတယ်တဲ့။ ဒီလောက်ထိ လူမဆန် အတင့်ရဲစွာ လုပ်ရဲလာပြီး ယဉ်ကျေးမှုတွေ တဖြည်းဖြည်း စိတ်သုန်းလာတာတွေကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရပါတယ်။

"ဓားနဲ့လိုက်ခုတ်မှုတွေ လုယက်မှုတွေ ကြားလာရတော့ အခုဆိုရင် ညပိုင်း အပြင်မထွက်ရဲတော့ဘူး။ မြို့ခံတွေ စိတ်ထဲမှာ လုံခြုံမှု မရှိဘူးလို့ ခံစားလာရတယ် အဓိကကတော့ တရားဥပေဒေ စိုးမိုးမှု လျော့နည်းလာတာ အဓိက တွေ့ရပါတယ်'' လို့မြို့ခံတစ်ဦးက ပြောပြပါတယ်။

အရင်တုန်းက စက်ဘီးကို သော့မခတ်ပဲ ထားတောင်ရတဲ့မြို့က ခုဆို ခိုးမှုတွေ၊ ဆိုင်ကယ်စီးပြီး လမ်းသွားလမ်းလာ သူတွေဆီက ဆွဲကြိုးဖြတ်မှု၊ ပိုက်ဆံအိတ် လုယက်မှုများကလည်း နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။

"ပြီးခဲ့တဲ့ လကပဲ ကျွန်တော့်သမီး ဆိုင်ကယ်စီးပြီးသွားတုန်း ဘေးကနေ ဆိုင်ကယ်နဲ့ ကပ်ပြီး ပိုက်ဆံအိတ် လုယူသွားလို့ ဖုန်းရော ပိုက်ဆံအိတ်ရော ပါသွားတယ်။ နောက်နှစ်ရက်လောက်ကြတော့ တစ်အိမ်ကျော်က မိတ်ဆွေ ဆိုင်ကယ်စီးရင်း ပိုက်ဆံအိတ် အလုခံရတာ သိန်းတစ်ရာကျော်ဖိုးလောက် ပါသွားတယ်။ ကျွန်တော်သမီး ဖြစ်တဲ့နေရာဆို ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းရှေ့ တည့်တည့်မှာ။ နေ့ခင်းကြီး ရဲစခန်းရှေ့မှာတောင် ဒီလို လုပ်ရဲတယ်ဆိုတော့ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေကလည်း မေးခွန်း ထုတ်စရာ ဖြစ်နေပါပြီ'' လို့ ရဲမှူး အငြိမ်းစား တစ်ယောက်က ပြောပြပါတယ်။

ဒီလိုယဉ်ကျေးမှု မြို့တော်ကြီး ဘာလို့ အရိုင်းစိတ် ၀င်သွားရတာလဲ ဆိုတာကို လေ့လာလိုက်ရင် ၁၉၈၈ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ နောက်ပိုင်း မန်းမြို့ရဲ့ ယဉ်ကျေးမှု ပုံရိပ်တွေ တဖြည်းဖြည်း ပျက်စီးလာတယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ပါပဲ။ မန်းမြို့ရဲ့ နောက်ခံ သမိုင်းအစဉ်လာ ယဉ်ကျေးမှုတွေ မန်းမြို့ရဲ့ အထာကို နားမလည်တဲ့ မြို့အပေါ်ကို စေတနာမထား မချစ်ခင်တဲ့ အုပ်ချုပ်သူ အာဏာရှင်တွေက မန်းမြို့ကို ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးဆိုတဲ့ စကားတစ်ခွန်းနဲ့ စနစ်တကျ ရစရာမရှိအောင် ဖျက်စီး ပစ်လိုက်ကြတာပဲဗျ။ နောက်ပြီး စစ်အာဏာရှင်တွေ အုပ်ချုပ်နေတဲ့အချိန် ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး ၀နဲ့ကိုးကန့် တိုင်းရင်းသား အမည်ခံ တရုတ်တွေဟာ အထိမ်းအကွတ်မရှိ တရားမ၀င် ခွေးတိုးပေါက်ကနေ ၀င်ရောက်ခြေကုပ် နေရာယူလိုက်တဲ့ အချိန်မှာတော့ မန်းမြို့ကြီးဟာ အလုံးစုံ ပျက်စီးကိန်း ဆိုက်တော့တာပါပဲ။ အမျိုးသား စီးပွားရေးတွေ ပျက်စီးဆုံးပါးကုန်တယ်။ လူမှုရေးတွေ ယဉ်ကျေးမှုတွေ ဆိုရင်လည်း ရစရာ မရှိတော့ပါဘူး။

တရားမ၀င် ၀င်ရောက်လာတဲ့ တရုတ်တွေက ကျွန်တော်တို့ရဲ့ အပြောအဆို အနေအထိုင် ယဉ်ကျေးမှုချင်း မတူပါဘူး။ နယ်စပ်မှာ ဘိန်းစိုက်၊ မှောင်ခိုလုပ်နဲ့ ချမ်းသာလာတဲ့ လူတွေဆိုတော့ အပြောအဆို အနေအထိုင် ရိုင်းစိုင်းကြပါတယ်။ ရှေးယခင်က အတူလက်တွဲ နေထိုင်ခဲ့တဲ့ မြန်မာပြည်ဖွား တရုတ်တွေကတောင် နောက်ဝင်လာတဲ့ တရုတ်တွေကို လက်မခံနိုင်တာ တွေ့မြင်နေရပါတယ်။ အဲ့ဒီအချိန်က ငြိမ်းချမ်းရေး အမည်ခံ ၀နဲ့ ကိုးကန့်တရုတ်တွေ ဘယ်လောက် မိုက်၇ိုင်းသလဲဆိုတာ မန္တလေးက လူတွေ သိကြမှာပါ။ မြို့လယ်ခေါင်က ဟိုတယ်တစ်ခုမှာ ၀တရုတ်က လက်နက်ကိုင် သောင်းကျန်းနေလို့ တာဝန်ရှိ ရဲစခန်းက လာရောက် ထိမ်းသိမ်းတာတောင် လက်မခံပဲ စခန်းမှူးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာ မှီခဲ့တဲ့လူတွေ မှတ်မိကြအုံးမယ် ထင်ပါတယ်။

အဲဒီလောက်ထိ မိုက်ရိုင်း စော်ကားခဲ့တာပါ။ ဒါပေမယ့် အဲဒီတရုတ်ကို ဘယ်လို အရေးယူ ဆောင်ရွက်ခဲ့တယ်ဆိုတာ ယနေ့ထိ မသိရှိရခဲ့ပါဘူး။ ဒီနေ့ထိလည်း တရားမ၀င် ဧည့်သည် တရုတ်တွေရဲ့ မထိမဲ့မြင် မိုက်ရိုင်း စော်ကားတဲ့ အပြုအမူတွေကို အိမ်ရှင် မြို့သူမြို့သားတွေ ကောင်းကောင်း ခံစားနေရပါပြီ။
အုပ်ချုပ်သူ အာဏာရှင်တွေရဲ့ ညံ့ဖျင်းတဲ့ လုပ်ရပ်တွေကြောင့် မန္တလေးမြို့ တရုတ်လက်အောက် ကျရှုံးခဲ့ပြီး ယဉ်ကျေးမှု မြို့ကြီး ပျက်စီးသွားခဲ့ရတာပဲဗျ။ အဲ့ဒီ တရားမ၀င် တရုတ်တွေ ၀င်ရောက်လာတာရဲ့ နောက်ဆက်တွေ ကြီးမားတဲ့ ဆိုးကျိုး တစ်ခုကတော့ မူးယစ်ဆေးဝါးပါပဲ။ သူတို့တွေ ၀င်ရောက်လာတဲ့ နောက်ပိုင်း မန်းလေးမြို့က မူးယစ်ဆေးဝါး၊ ဒုစရိုက် အလွန်ပေါများတဲ့ မြို့ဖြစ်လာပါတယ်။ ငြိမ်းချမ်းရေး ဆိုင်းဘုတ်တွေတပ် လောင်းကစား၊ မူးယစ်ဆေးဝါး မကောင်းတာ မှန်သမျှ အကုန်လုပ်ပြီး စီးပွားရှာခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက တန်ခိုးထွားနေတဲ့ ထောက်လှမ်းရေးကလည်း အဲဒီ အဖွဲ့အစည်းတွေကို အကာအကွယ် ပေးထားခဲ့ကြတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ် အခုအချိန်မှာ မန္တလေးမြို့က လူငယ်အချို့ဟာ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်လာရတော့တာပါပဲ။

''ကျွန်တော်တို့ မန်းမြို့မှာ အပေါ်လွင်ဆုံးနဲ့ ရှာရ အလွယ်ကူဆုံးကတော့ ဘီယာဆိုင်ရယ် လောင်းကစားနဲ့ မူးယစ်ဆေးဝါးပါပဲ။ သာမာန် ဆေးပြား အဆင့်လောက်ကတော့ မြို့ထဲတင် ပေါတယ်ဗျ။ ဘိန်းဖြူအဆင့်လောက် ဆိုရင်တော့ ပြည်ကြီးတံခွန် မြို့နယ် သင်ပန်းကုန်း မြို့သစ်ဘက်က အပေါဆုံးပဲ။ ဒါတစ်မြို့လုံးသိတယ်။''လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။

လူငယ်တွေဟာ အရင်ကလို လက်ဘက်ရည်ဆိုင်ထိုင် ရုပ်ရှင်ရုံသွားတဲ့ အဆင့် မဟုတ်တော့ဘူး။ အရက်ဘီယာဆိုင်တွေ ပေါများလာတော့ အရွယ်မရောက်သေးတဲ့ ကလေးကအစ ဘီယာဆိုင်မှာ တနေကုန် တနေခန်းထိုင်ပြီး သောက်စား ပျော်ပါးနေကြတယ်။ ပြီးရင် စင်တင်သွားကြ ကေတီဗွီသွားကြ အုပ်စုလိုက်ရန်ဖြစ်ကြ ရိုက်ကြ ခုတ်ကြ ဖြစ်ကုန်တယ်။ အခုပေါများလာတဲ့ ကေတီဗွီ အခန်းတွေကလည်း လူငယ်တွေအတွက် စိတ်လွတ်ကိုယ်လွတ် ပျော်ပါးလို့ရတဲ့ နေရာဌာန ဖြစ်လာတယ်။ သမီးရည်းစား အတွဲတွေ အတွက် လွတ်လွတ်လပ်လပ် ဆုံတွေ့လို့ရတဲ့ အရပ်ဒေသ ဖြစ်လာသလို လူငယ် အချို့အတွက်လည်း မူးယစ်ဆေးဝါးကို လွတ်လွတ်လပ်လပ် သုံးစွဲလို့ရတဲ့ အခန်းတွေ ဖြစ်လာကြပါတယ်။

အရင်က လက်ဘက်ရည်ဆိုင်တောင် မထိုင်ရဲတဲ့ မိန်းကလေးတွေဟာ ဘီယာဆိုင်ထိုင်ပြီး ဘီယာသောက်ကြ၊ ကာရာအိုကေ အခန်းတွေ သွားကြနဲ့ ရှက်ရကြောက်ရမှန်းမသိ ဖြစ်လာပါတယ်။ အရင်က လုံချည်ကို ခြေမျက်စေ့ပေါ်အောင် မ၀တ်ရဲတဲ့ ရွှေမန်းသူတွေက အခုဆို ပေါင်အရင်းထိ ဖော်ပြီး ၀တ်ရဲနေတာ တွေ့မြင်နေရပါတယ်။ အထူးသဖြင့် လူငယ်အချို့ဟာ ကိုယ့်မြို့ပေါ်၊ ကိုယ့်လူမျိုးပေါ် ချစ်တက်တဲ့စိတ် ဂုဏ်ယူတန်ဖိုးထားတက်တဲ့ စိတ်တွေ နည်းပါးလာတာကို ၀မ်းနည်းဖွယ် တွေ့မြင်နေရပါတယ်။

တစ်ချိန်က အရမ်းနာမည်ကြီးခဲ့ မန်းသင်္ကြန်ပွဲတော်ကြီးကလည်း တဖြည်းဖြည်းနဲ့ အကြည်းတန်း ပျက်စီးသွားခဲ့ပါပြီ။ မန်းဆန် နန်းဆန်တဲ့ မန်းသင်္ကြန် ပွဲတော်ကြီးက ခုဆိုရင် ငွေရှင်၊ ကြေးရှင် ခရိုနီ၊ ခရိုပြာတွေရဲ့ စီးပွားရေး အမြတ်ထုတ်တဲ့ ဈေးကွက် စီးပွားရေး သင်္ကြန်၊ လူကုန်တန်တွေ၊ အာဏာရှင်တွေရဲ့ ဇိမ်ခံပွဲတော် ဖြစ်သွားပါပြီ။ မိန်းမပျိုလေးတွေက မလုံ့တလုံ့ ကာမစိတ်နှိုးဆွတဲ့ သရုပ်ပျက် အ၀တ်အစားတွေဝတ်၊ အရက်ဘီယာ မူးယစ်ဆေးဝါးတွေ သောက်သုံးကြ၊ ဟစ်ဟော့ သီချင်းတွေဖွင့် ခုန်ပေါက်ကကြ၊ လူမြင်ကွင်း မရှောင် ကာမတဏှာတွေ ပေါက်ကွဲပြီး ယုတ်မာရိုင်းစိုင်းတဲ့ သင်္ကြန်ပွဲတော်ကြီး ဖြစ်သွားပါပြီ။

ဟိုအရင်က မန္တလေးမြို့ဆိုတာ မြန်မာအင်အား အများဆုံးရှိတဲ့မြို့၊ မြန်မာ့ ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ်တွေ ထွန်းကားရာ မြို့ဖြစ်ပြီး၊ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ ဗဟိုချက်မ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ထိမ်းသိမ်း စောင့်ရှောက်ထားတဲ့ နောက်ဆုံး ခံတပ်ကြီး မန္တလေးမြို့ကြီးဟာ အခုချိန်မှာ အဘက်ဘက်ကနေ လျောကျပျက်စီးနေတာဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတဲ့ အခြေအနေ ဖြစ်နေပါပြီ။

မန္တလေးမြို့ကို အချိန်မှီ ပြန်လည်ကယ်တင်ဖို့ အတွက် အုပ်ချုပ်သူ အာဏာပိုင်ရယ်၊ သံဃာတော် အရှင်သူမြတ်များရယ် မြို့ခံ မန်းသားတွေ အားလုံးဆွေးနွေး တိုင်ပင်ပြီး မန်းမြို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ဖို့ အတွက် လက်တွဲညီညီ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တရားမ၀င် လာရောက် နေထိုင်ပြီး ဂုတ်သွေးစုတ် ချယ်လှယ်နေတဲ့ တိုင်းတပါးသားတွေကိုလည်း အစိုးရနဲ့ ပြည်သူပူးပေါင်းပြီး အဂတိ တရားလေးပါး ကင်းကင်းနဲ့ စီစစ်ဖယ်ရှားဖို့ အချိန်အခါ ကျရောက်နေပါပြီ။

မြန်မာ့ကျက်သရေဆောင် သမိုင်းဝင် ယဉ်ကျေးမှု မြို့တော်ကြီး ကမ္ဘာတည်သ၍ တည်တံ့စေဖို့ အာလုံးပူးပေါင်း ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်ကြရအောင်ပါလို့ ပြောချင်ပါတယ်။ တစ်ချိန်က မန်းရွှေမြို့မှာ လမင်းတစ်ရာသာ ခဲ့ဖူးပါတယ် . . . . .

ချစ်ခြင်းအားဖြင့်

ကျော်ကြီး(MDY)

Category: 

Share