Tomorrowသို့ပေးစာ ( ပြည်သူတွေဆီက အပြည့်ဝ ယူပြီးရင် ပြည်သူတွေကိုလည်း အပြည့်ဝပြန်ပေးပါ... - ဒဂုံသူ)

ယခုစာမျက်နှာကနေ သက်ဆိုင်ရာကို တင်ပြချင်တဲ့ အကြောင်းရာကတော့ လျှပ်စစ်မီး ဖြတ်တောက်နေတဲ့ ကိစ္စပါပဲ၊ အခုချိန်မှာမိုးတွေ မကြာမကြာရွာလို့ လျှပ်စစ်မီးတွေ ပြတ်တောက်တာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်ဆိုတာ သိပေမယ့် တစ်နေကုန် မကြာမကြာ မီးဖြတ်တဲ့အပြင် ညတွေမှာလည်း နှစ်ရက်ဆက်တိုက် အချိန်အတိကျ မီးပြတ်နေတာကတော့ တော်တော်လေး ထူးဆန်းနေတယ်လို့ ထင်ပါတယ်။

ကျွန်မကတော့ မြောက်ဒဂုံ (၄၈)ရပ်ကွက်မှာနေသူ ဖြစ်ပါတယ်၊ အခုရက်ပိုင်းမှာ မိုးတွေစရွာဖို့ အရိပ်ယောင်ပြ ပြီဆိုတာနဲ့ ကျွန်မတို့(၄၈) ရပ်ကွက်မှာ မီးတွေ စပြတ်တော့တာပါပဲ၊ အရင်ကတော့ ဒီလိုပဲ ဓာတ်ကြိုးတွေ ပြတ်ကျတာ၊ သစ်ပင်နဲ့ တိုက်မိတာတွေကြောင့်လို့ ထင်ပေမယ့် အခု ရက်ပိုင်းဖြစ်တဲ့ မေလ(၂၂)ရက်နဲ့ (၂၃)ရက်ညတွေမှာ ထူးထူးခြားခြားပဲ ည(၉)နာရီ ကျော်ကျော်ကနေစ ပြတ်တဲ့မီးကို တစ်ချက်ကလေးမှ ပြန်မလာပဲ မနက်(၅)နာရီမှာမှ မီးပြန်ပေးပါတယ်၊ အဲ့ဒီလို မီးပြတ်တာနဲ့ ပတ်သတ်ပြီး မြောက်ဒဂုံ အီးပီစီ ဖုန်းအမှတ် (၀၁-၅၈၄၁၁၂) ကို မီးစပြတ် ကတည်းက ဆက်ခဲ့ပေမယ့် ဖုန်းက လုံးဝမရပါဘူး၊ ဖုန်းက ဘီဇီး အသံမျိုး မဟုတ်ပဲ ဖုန်းလည်း ခေါ်လိုက်တာနဲ့ တီ ဆိုပြီး တစ်ချက်မည်ပြီး ဖုန်းကျသွားတော့တာပါပဲ၊ အဲ့ဒီဖုန်းက မီးပြန်လာတဲ့ မနက်(၅) နာရီမှပဲ ဆက်လို့ရပြီး (၄၈)ဘာလို့ မီးပြတ်တာလဲလို့ မေးတော့ “မီးမလာ သေးလို့လား၊ အခုပဲ မိန်းတင်ပေးလိုက်ပြီလေ”လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီလို ပြန်ဖြေပုံအရ မီးကို တမင်ပဲ ဖြတ်ထားတယ်လို့ ယူဆရပြီး၊ ထပ်ပြီး မေးတဲ့အခါမှာတော့ ညက သူတို့ရဲ့ မိန်းကတစ်ခုခု ပျက်သွားသလို ဖြေခဲ့ပါတယ်၊ ဒါ့ကြောင့် မနေ့လည်း ဒီလို အချိန် ဒီလိုပဲ ပြတ်သွားတာ ဘာ့ကြောင့်လဲလို့ဆိုတော့ မနေ့ကလည်း အခုလိုပဲ ပြတ်သွားလို့ပါလို့ ပြန်ဖြေခဲ့ပါတယ်၊ သူတို့ဆီမှာ ပျက်တဲ့ မိန်းဟာ အချိန်အတိကျ၊ ပျက်ပြီး အချိန် အတိအကျ ပြန်ကောင်းတတ်သလား နောက်တစ်ခုက တစ်ချိန်လုံး ဆက်မရအောင် ပျက်နေတဲ့ ဖုန်းက မီးပြန်လာတဲ့ အချိန်မှ ပြန်ပြီး ဆက်လို့ ရတာ ဘာ့ကြောင့်လဲ ဆိုတာတွေကတော့ တော်တော်လေး စဉ်းစားစရာပါပဲ။

ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံတော်က ချမှတ်သမျှ အခွန် အခတွေကို သတ်မှတ်ချက် အတိုင်း ပြန်လည် ချေပခွင့်မရှိ ပေးဆောင်နေကြ ရပါတယ်၊ ဒီလိုအချိန်မှာ နိုင်ငံတော် တာဝန်ရှိသူတွေ အနေနဲ့လည်း ပြည်သူလူထုရဲ့ အမှန်တစ်ကယ် လိုအပ်ချက်ကို သေသေချာချာသိဖို့ လိုအပ်ပါတယ်၊ အစိုးရ အနေနဲ့လည်း ပြည်သူတွေဆီက အခုလိုမျိုး အယူချည်းသက်သက် သဘောမျိုး ဖြစ်နေပြီး ပြည်သူတွေကို ဘာမှ ဂရုစိုက်စရာ မလိုတဲ့ ပုံစံမျိုးတွေ မရှိသင့်တော့ပါဘူး၊  သက်ဆိုင်ရာ တာဝန် ရှိသူတွေက မသိပေမယ့် လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် ကျမတို့ ပြည်သူတွေ တော်တော်လေး နစ်နာကြရပါတယ်။

လျှပ်စစ်မီး ပြန်ပေးတဲ့ အချိန်မှာလည်း မီးကလင်းတယ်ဆိုရုံ လာတဲ့ မီးအားကြောင့် ကျမတို့လို ရေမော်တာ မောင်းပြီး ရေတင်နေရတဲ့ အိမ်က ရေမော်တာ မောင်းသူတွေအဖို့ တော်တော်လေး အခက်ခဲ ဖြစ်ကြရပါတယ်။ အခုထိ ရေစက်မောင်းလို့ မရတာ သုံးရက်ကျော် ရှိနေပါပြီ၊ သုံးစရာ ရေလုံးဝ မရှိတာမျိုး အထိ ဖြစ်နေတာတွေလည်း အစိုးရက သိမှာ မဟုတ်ပါ။ မီးအား အတတ်ကျ တစ်ဒိုင်းဒိုင်းတွေကြောင့် အိမ်ကမီးတွေ မကြာခဏ ရှော့ဖြစ်နေကြရတာတွေ၊ တစ်အိမ်လုံးက မီးချောင်း မီးလုံးတွေ မကြာခဏကျွမ်းလို့ အမြဲလဲနေရတာတွေ ဒါတွေဟာ အိမ်တိုင်းမှာ ဖြစ်နေပေမယ့် အစိုးရကတော့ လုံးဝ မသိနိုင်ဘူး ထင်ပါတယ်။

အရင်လိုမျိုး ဖုန်းဆက်ရင် ဖုန်းပိတ်ထားတာတွေ လုပ်ပြီး ပြည်သူကို ရှင်းပြဖို့ ရှောင်လွှဲတာမျိုးတွေက လွန်ခဲ့တဲ့ နှစ်တွေမှာ ကျန်ခဲ့ပါပြီ၊ အဲ့ဒီလို အမူကျင့်ဟောင်းတွေနဲ့ ၀န်ထမ်းတွေကြောင့် အစိုးရလည်း နာမည်ပျက်ပေါင်း များနေပြီ ဖြစ်သလို အရှေ့ကို ရောက်သင့်သလောက် မရောက်တာမျိုးတွေလည်း ရှိနေပါတယ်။ အကြောင်းကြောင်းတွေကြောင့် မီးပြတ်တာ ရပါတယ်၊ မပြတ်နဲ့လို့ မဆိုလိုပါ ပြတ်ပါ၊ ဒါပေမယ့် ပြည်သူကိုတော့ အသေချာ ရှင်းပြဖို့ လိုပါတယ်။ ပြည်သူတွေကို လေးစားဖို့ လိုပါတယ်။ ငါတို့ ပြတ်ချင်ပြတ်မယ်၊ လာတဲ့အချိန်ထိ သည်းခံစောင့် ဆိုတာမျိုးတွေနဲ့ မီးပြတ်တဲ့ တစ်ချိန်လုံး ဘာမှဖြေရှင်းဖို့ မလိုဘူးဆိုပြီး ဖုန်းလိုင်း ဖြတ်ထားတာမျိုးတွေတော့ ရှောင်ရှားသင့်နေပြီ ထင်ပါတယ်၊

ဒါပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တစ်ခုပဲ တောင်းဆိုချင်ပါတယ်။ အဲ့ဒါကတော့ ပြည်သူတွေဆီက အပြည့်အ၀ ယူပြီးရင် ပြည်သူတွေကိုလည်း အပြည့်အ၀ ပြန်ပေးပါလို့...။     ။

ဒဂုံသူ

Category: 

Share