Tomorrow သို့ပေးစာ (နစ်နာမှုများကို အကူအညီတောင်းပါရစေ - တရားမျှတမှုကို ချစ်ခင်မြတ်နိုးသူ)

ပြီးခဲ့တဲ့ ဧပြီလ၊ ၁၂ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ တောင်ပြာတန်း Express မီးလောင်လို့ ၁၃ဦး သေဆုံးခဲ့ရတယ်။

အဖြစ်မှန်ကတော့ ယာဉ်မောင်း အိပ်ငိုက်ရာက ရှေ့ကကားကို တက်ကြိတ်ပြီး မီးလောင်တာပါ။ ဖြစ်ဖြစ်ချင်းမှာ ခရီးသည်တွေက ကားတံခါးဖွင့်ပေးဖို့ အကူအညီ တောင်းခံသော်လည်း ယာဉ်မောင်းက မဖွင့်ပေးဘဲ အချိန်တွေ ဆွဲနေပြီး မရှူနိုင် မကယ်နိုင်ဖြစ်မှသာ ခရီးသည်တွေကို ထားပြီး ထွက်ပြေးပါတယ်။ (ဒီဖြစ်စဉ်ကို ယာဉ်ပေါ်ပါ ခရီးသည်တွေကို မေးကြည့်လို့ရပါတယ်။)

ဒါပေမဲ့ ဒီထွက်ပြေးတဲ့ ဒရိုင်ဘာကို ခုထိမမိဘူးလို့ ပြောတယ်။ ဒရိုင်ဘာကို မမိရင် ဘာမှအရေးယူလို့ မရဘူးတဲ့။ ဒါကြောင့် ယာဉ်လိုင်းကိုလည်း အရေးမယူဘူး။

ကျွန်တော်တို့ကတော့ သေတဲ့ သူတွေရဲ့ မိသားစုဝင်တွေပါ။ သေတဲ့ကိစ္စမှာ အစိုးရကလည်း ဘာမှမကူဘူး။ ယာဉ်လိုင်းကလည်း ရှေ့ပွဲ၊ နောက်ပွဲကြည့်ပေးဖို့ မပြောနဲ့ ဒီနေ့အထိ ဖုန်းသတင်းတောင် မမေးဘူး။ လူကြီးတွေနဲ့ ပိုင်တယ်လို့လည်း ကြားရပါတယ်။ ဘာမှ ကြောက်စရာ မရှိဘူးလို့လည်း သိရပါတယ်။ ရာဇာမင်းလိုင်း ပိတ်တော့ တောင်ပြာတန်းက ဘာပြောတယ်မှတ်လဲ။ ငါတို့က အေးဆေးပဲတဲ့။ ဒီလိုဖြစ်လို့ လူတောင်ပိုသိလို့ စီးတဲ့သူပိုများ လာသေးသတဲ့။

လူကြီးနဲ့ပိုင်လို့ ရဲကိစ္စကိုပဲ အာရုံစိုက်ပြီး သေတဲ့သူတွေ အတွက် ကျန်ရစ်တဲ့ မိသားစုကို သတင်းတောင် မမေးဘူး။ သေသူ မိသားစု၊ ဒဏ်ရာရသူတွေကသာ သူတို့ဆီကို ဆက်သွယ်ရတာ။ သူတို့က စပြီး ဆက်သွယ်တာ မရှိဘူး။ ကားဂိတ်တစ်ဂိတ်လုံး ကားဂိတ် မန်နေဂျာဆိုတဲ့ ကိုသော်မီ တစ်ယောက်ပဲ ရှိတယ်ထင်တယ်။ ကျန်တဲ့သူတွေက မေးလည်း အဲဒီအတိုင်းပဲ။ အဲ့လူကလည်း အချိုးမပြေဘူး။ မေးလိုက်ရင် နေပြည်တော်က အဘခေါ်လို့ သွားနေရလို့။ ကျွန်တော်တို့က နေပြည်တော်က အဘက ခဏခဏ ခေါ်နေတာ သွားနေရလို့ မအားဘူးတဲ့။ ဒါကြောင့် ခင်ဗျားတို့ဆီ မလာနိုင်ဘူးတဲ့။ တွေးကြည့်တော့ သေတဲ့သူက သေတာ တစ်လတောင်ရှိပြီ။ နေပြည်တော် အဘက တစ်ရက် တစ်ခါခေါ်နေလို့ တစ်လအတွင်းမှာတောင် သူတို့ ကားဂိတ်က တစ်ခါမှ မလာနိုင်တာ ဖြစ်မယ်ထင်တယ်။ ကားဂိတ် တာဝန်ခံ အဆင့် ကတောင် ဟိုလူကြီးနဲ့ ပိုင်သလို၊ ဒီလူကြီးနဲ့ ပိုင်သလို ကိုင်တုတ်သေးတယ်။ ယာဉ်လိုင်းလူကြီးတွေ၊ ပိုင်ရှင်တွေဆိုတာ ခုထိ မျက်နှာကို မမြင်ဖူးလိုက်ပါဘူး။

သေသူတွေကြောင့် ကျန်ရစ်သူ တချို့မှာ ခိုကိုးရာမဲ့တယ်။ တချို့မှာ ဘ၀ပျက် မတတ်ဖြစ်တယ်။ တချို့က ငွေကြေး မပြည့်စုံဘူးဗျာ။ စိတ်မကောင်းဘူး။ လျော်ကြေး ဆိုရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တာ ပေးသင့်တယ်။ ထိုက်တန်တဲ့ လျော်ကြေး ဖြစ်သင့်တယ်။ ဒါတွေ ယာဉ်လိုင်းက တာဝန်ယူရမှာပဲ။

တခြား နိုင်ငံမှာတော့ အစိုးရ ကလည်း တာဝန်ယူတယ်။ ဒီမှာတော့ ၀မ်းနည်းစရာ ကောင်းတယ်။ အလောင်း မြေကျတာတောင် နာရေးကူညီမှုအသင်း ရှိလို့။ မဟုတ်ရင် ယူကျုံးမရ စရာပဲ။

ဒဏ်ရာရသူတွေကိုလည်း မစွတ်မပွတ် ပေးတယ်ဆိုရုံ ပေးပြီး နှစ်သိမ့်တယ်။ မျက်နှာ တစ်ခုလုံးနဲ့ ကိုယ်တစ်ခြမ်း မီးလောင်တာကို တစ်သိန်းပေးပြီး ပြီးပြီတဲ့။ ကြားရတာ နားခါးတယ်။ တစ်သိန်းပေးတဲ့ အချိန် တစ်ခါပဲလာတယ် သတင်းတောင် မမေးဘူးတဲ့။

ကျွန်တော်တို့ မိသားစုတွေ ပေါင်းပြီး သမ္မတဆီကို တိုင်စာပို့ထားပါတယ်။ ထိရောက်အောင် ဆောင်းပါး ရေးပေးဖို့ အကူအညီ တောင်းတာပါ။ ဘာလို့ အကူအညီ တောင်းလဲဆိုရင် ရာဇာမင်း ကားကလည်း ဒီအချိုးချိုး ပြန်ပြီ။ တာဝန်ရှိသူတွေကလည်း နိုင်ငံရေးက လွဲရင် လူမှုရေးကို စိတ်မ၀င်စားဘူး။ ပြည်သူတွေရဲ့ အသက်ကို ဟင်းရွက်ကန်စွန်း မှတ်တယ်။ ငွေများ ငွေနိုင်၊ အမှု ပျောက်တဲ့ ခေတ်ကိုး။ တာဝန်ရှိသူက ဘယ်သူလဲဆိုတာ ရှာမရဘူး။ သေလို့ ရ.ယ.က ထောက်ခံစာ တောင်းတာတောင် အဟောက်ခံရတဲ့ ဘ၀။

ခံပြင်းတာက အာဏာပိုင်တွေနဲ့ ပိုင်တယ်ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေက ဆင်းရဲသား ပြည်သူတွေကို ဂရုမစိုက်တာပဲ။ အစိုးရ ကလည်းဗျာ၊ ရာထူးတွေသာယူထား၊ ၀န်ကြီးတွေ ကလည်းပေါ။ ၀န်ကြီးဌာနတွေသာ ပေါတာ၊ ပြည်သူတွေ အတွက် ရပ်တည်ပေးတဲ့ ဌာန ဘာတစ်ခုမှ မရှိဘူး။ ဒါတွေက ဘယ်အထိ ဖြစ်နေ ဦးမှာလဲ။နောက်ဒီလို Accidentတွေဖြစ် ရင် ပြည်သူ့ အသက်ကို စတေးရမယ်ဆိုရင် ပြည်သူတွေ ဘက်က ဘယ်သူတွေ ရပ်တည်မလဲ။ ဘယ်လို ဖြေရှင်းပေးမှာလဲ။ ဘယ်လို တာဝန်ယူကြမှာလဲဆိုတာ ဖြစ်လာဖို့ မီဒီယာကို အကူအညီတောင်းပါတယ်။ ခုက မီဒီယာက လှုပ်မှ ထိုင်ခုံပေါ်က လိုက်လုပ်တဲ့ခေတ် ဖြစ်နေတယ်။

၂၇.၅.၂၀၁၄ ရက်နေ့က ၀န်ကြီးဌာနတွေ ဆီကို စာပို့ပါတယ်။ တောင်ပြာတန်း ကားဂိတ် တာဝန်ခံ ကိုသော်မီဆိုသူက သေသူထဲက မိသားစုဝင် တစ်ယောက်ကို ဖုန်းဆက်ပြီး ကောပါတယ်။ ခင်ဗျားတို့ အတွက် အာမခံ ငါးသိန်းရအောင် ကားဂိတ်က လျှောက်ပေးနေတယ်လေတဲ့။ ခင်ဗျားတို့ တိုင်စာ ပို့စရာလားတဲ့။ ငါးသိန်းဆိုတာ နာရေးအတွက် ဆွမ်းကျွေး တစ်ပွဲစာတောင် မရှိပါဘူး။ ဒါကို လိုက်လုပ်နေတယ် အကြောင်းပြပြီး တစ်လကျော် အထိ ပစ်ထားတဲ့ အောက်တန်းကျတဲ့ ကားဂိတ်ကို စဉ်းစားကြည့်ပါ။

ဒါတွေဟာ အမှန်တရားတွေပါ။ တစ်ခုခု မေးမြန်းစရာ ရှိခဲ့ရင် သေဆုံးသူ မိသားစုဝင် ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါတယ်။ ဒဏ်ရာ ရသူတွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ဒဏ်ရာ အပြင်းအထန် မရပေမယ့် ပစ္စည်း၊ ငွေဆုံးရှုံးသွားတဲ့ ခရီးသည်တွေကိုလည်း မေးမြန်းနိုင်ပါတယ်။

တရားမျှတမှုကို ချစ်ခင်မြတ်နိုးသူ

Category: 

Share