သမ္မတရုံ အကြံပေး - မာဂျေ

“အောင်မယ် အစ်ကိုကြီးကို ဘယ်သူကခန့်လို့ စားပွဲပေါ်မှာ သမ္မတရုံး အကြံပေးဆိုပြီး စာတမ်းကြီး ထောင်ထားရတာလဲ။ ဘယ်ဘုန်းကြီးကျောင်းကို မုန်းလို့ ဘယ်လိုဒုက္ခပေးချင်လို့လဲ” ဆိုတဲ့ အသံနဲ့ အတူတပည့်ကြီး မောင်ကြွက်နီ ရောက်လာပါတယ်။

“နေစမ်းပါဦး၊ သမ္မတရုံး အကြံပေးဆိုတာ ကိုယ့်ဟာကိုယ်ရော ခန့်လို့ရောမရဘူးလား။ အခုတောင် သမ္မတ အကြံပေးလိုလို၊ သမ္မတရုံး အကြံပေးလိုလို တစ်ယောက်ကို ပြဿနာဖြစ်မှ ဘယ်သူကမှ ခန့်တာမဟုတ်ဘူး ပြောနေကြတာပဲ”လို့ သူ့ကို ပြန်ပက်လိုက်တော့ သူက “အဲဒီတော့ ခင်ဗျားကြီးလည်း သူများလို ပုံမှား ရိုက်မလို့ပေါ့လေ”ဆိုပြီး ကြက်ခေါင်းဆိတ်မခံ ပြန်ပြောသဗျ။

“အော် မောင်ကြွက်နီ မောင်ကြွက်နီ မင်းမှာငါ့ကို ဘယ်လို မတော်မတရား ပြောရမလဲ စိတ်တွေ များနေတော့ မျက်စိမကွယ်ပါပဲ အမှောင်ဖုံးနေတယ်။ ငါရေးထားတာက သမ္မတရုံး အကြံပေး မဟုတ်ဘူး။ မင်းအနားကပ်ပြီး သေသေချာချာ ဖတ်ကြည့်ဦး”လို့ ပြောမှ မောင်ကြွက်နီ တစ်ယောက် သူ့အိတ်ထဲက စာကြည့်မျက်မှန်ကို ထုတ်တပ်ရင်း ဖတ်လိုက်တာက “အဲဗျ။ ဟုတ်သားပဲ တရိစ္ဆာန်ရုံ အကြံပေး (အဲလေယောင်လို့) သမ္မတရုံ အကြံပေးလို့ ရေးထားပါလား။ ဘာကြီးလဲဗျ”

မင်းဖတ်တဲ့စာ အတိုင်းပဲလေ၊ သမ္မတရုံ အကြံပေးလေကွာ၊ သမ္မတ ရုပ်ရှင်ရုံကို နယ်ကလာကြည့်တဲ့ သူတွေကို လက်မှတ် ဘယ်လိုဝယ်ရမယ်၊ ဘယ်အတန်းကကြည့်ရင် ခေါင်းကြီးမော့ကြည့်ရမယ်။ ဘယ် အတန်းက ၀ယ်ပါလား စသဖြင့် အကြံပေးနေတာ”

“အဲဒီလို အကြံပေးတော့ ခင်ဗျားက ဘယ်ကပိုက်ဆံရလို့လဲ။ ပြီးတော့ အဲဒီ ကုမ္ပဏီက ခင်ဗျားကို ခန့်ထားလို့လား”

“အဲဒီ သမ္မတရုံကို ငှားထားတဲ့ ကုမ္ပဏီလောကကြီးမှာ ငါရှိမှန်းတောင် မသိဘူး။ ဘယ်ကမှလစာ မပေးဘူး။ အဲဒီထက်ဆန်းတာက ခုန မင်းမှားဖတ်သလိုပဲ။ ငါက အမှန်အတိုင်း သမ္မတရုံ အကြံပေးလို့ ရေးတာကို ဖတ်တဲ့သူတိုင်းက သမ္မတရုံး အကြံပေးလို့ချည်း ဖတ်နေကြတယ်။ ဒီတော့ ဟိုစီးပွားရေး သမားက လာအကူအညီ တောင်းလိုက်၊ ဟိုခရိုနီက ငိုပြလိုက်နဲ့ ရေးစရာ ကုန်ကြမ်းတွေရလိုက်၊ လက်ဆောင်တွေ ရလိုက်နဲ့ ၀င်ငွေကို ဖြောင့်လို့” ဆိုပြီး ပြောလိုက်တော့ မောင်ကြွက်နီက နှုတ်ခမ်း ကိုသပ်ပြီး “ဒါဆိုရင်လည်း ညနေ ကြက်ပဲနဲ့ ပြည်တွင်းဖြစ် ၀ီတစ်ပိုင်းလောက် ကိုင်ရအောင် လေးငါး ထောင်လောက် မစဗျာ”တဲ့

“ဟေ့ကောင်မရဘူး။ မင်းကို ပေးချင်ပေမယ့် ဒုတိယ သမ္မတကြီး စကားကို လေးစားသမှုနဲ့ လိုချင်ရင် ခြင်္သေ့ နှစ်ကောင်ယူသွား”ဆိုပြီး အိတ်ထဲက ငွေနှစ်ထောင် ထုတ်ပေးလိုက်တော့ သူကစိတ်ဆိုး သေးတယ်။
“အဲဒီဒုတိယ သမ္မတ နှိပ်စက်တာနဲ့ အရင်ကဟိုက သုံးလေးထောင်နဲ့ ဒီက သုံးလေးထောင်နဲ့ နေ့တွက်စီနေတာတွေ ပျောက်သွားတယ်။ မလုပ်ပါနဲ့ဗျာ။ ဒုသမ္မတပြောတဲ့ နှစ်ထောင်ထဲမှာ အရက် တစ်ပိုင်းဖိုးတော့ ထည့်တွက်ထားမယ် မထင်ပါဘူး။ ပေးနေကြ အတိုင်း ဆင်ဖြူလေး တစ်ကောင်တော့ လုပ်ပါဗျာ”တဲ့။

“အေးပါအေးပါ ပေးပါ့မယ်။ ဒါပေသိ ညီအစ်ကို အကန့်နဲ့ ပေးတာနော်။ ငါက လူကြီးတွေစကားဆို မြေ၀ယ်မကျ နားထောင်တတ်တာ၊ ဒါတောင် အခုထိ ဘာတင်ဒါ ၀င်ပြိုင်ပြိုင် ငါ့ကိုတစ်ခါမှ ပေးဖော် မရဘူး”

“တင်ဒါက နတ်ကြီးတယ်ဗျ။ မြန်မာနတ် ကိုးကွယ်ရုံနဲ့ မရဘူး။ အမေရိကန် နတ်စိမ်းကို ကိုးကွယ်ရတာ၊ နတ်စိမ်းတောင် သန်းချီပေး ရတယ်ကြားတာပဲ”

“မင်းသိတာတွေ သိပ်များနေပြီ မောင်ကြွက်နီ။ လာဘ်ပေးလာဘ်ယူ ကော်မရှင်ကို အဲဒါတွေ သွားတိုင်ပါလား”

“တော်စမ်းပါဗျာ ခင်းတစ်ခါက ရေးသလိုပဲ၊ လာဘ်ပေးလာဘ်ယူဆိုတာ လင်ရှိမယားကို ကြာခို သလိုမျိုး၊ သိတာနဲ့ အတိုင်ခံရမှာဆိုတော့ နှစ်ဖက်စလုံး တိတ်တိတ်ပုန်း လုပ်ကြရတာ။ ဘယ်လိုလုပ် သက်သေသက္ကာယနဲ့ တိုင်နိုင်မှာလဲ။ တကယ်တော့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ဥပဒေ ဆွဲကတည်းက တိုင်လို့မရအောင် ဆွဲထားတာဗျ”

“အေးကွာ။ တကယ်လို့ ငါသာ သမ္မတရုံး အကြံပေးဆိုရင် ဒီကိစ္စက ဒီလိုရှိပါတယ်၊ ဟိုကိစ္စက ဟိုလို ရှိပါတယ်ဆိုပြီး ပြည်သူတွေ ဖက်ကရှင်းပြလို့ ရသေးတယ်။ အခုတော့ ၀စ်စပေါက်ပြုတ်ပြီး သမ္မတရုံ အကြံပေးပဲ ဖြစ်နေတော့ အခက်သားကလား”

“ဟင်းဟင်း..သမ္မတရုံ အကြံပေးက တော်သေးတာပေါ့။ ခုနက ကျွန်တော် မှားဖတ်လိုက်သလို တိရိစ္ဆာန်ရုံ အကြံပေး ဖြစ်နေမှ ဆင်ချေးကျုံးနေရဦးမယ်”

“အောင်မယ်။ မင်းကများ ငါ့ကို... တိရိစ္ဆာန်ရုံ အကြံပေးသာ ဖြစ်လို့ကတော့ ဟိုဝန်ကြီး ကြံသလို တိရိစ္ဆာန်ရုံကို လှော်ကား တကယ်ရောက်အောင် ကြံပစ်လိုက်မှာ”လို့ ပြန်ပက်လိုက်တော့ မောင်ကြွက်နီက မျက်လုံးပြူးပြီး “မလုပ်ပါနဲ့ဗျာ။ တိုင်းပြည်က ၂၀၁၅မှ မရောက်သေးဘူး။ ရှုပ်သထက် ရှုပ်နေတာ။ အဲဒီအရှုပ်ထဲမှာ ခင်ဗျားကြီးကပါ ထပ်ပြီး မရှုပ်စမ်းပါနဲ့။ ဟိုဆရာတော် ဟောသလိုပေါ့ဗျာ။ အရှုပ်ထဲမှာ ကင်းအောင်နေစမ်းပါ။ အခုက မျက်စိကို လည်နေတာပဲ။ ခုတစ်လောကမှ ဟိုဝန်ကြီးက ပြုတ်လိုက်၊ ဒီဝန်ကြီးက သူ့သဘောနဲ့သူ နှုတ်ထွက်လိုက်နဲ့ ဇယားတွေ ရှုပ်နေရတဲ့အထဲ။ ပြည်သူတွေကလည်း စာစောင်တွေဖတ်ပြီး ဘာမှနားမလည်တော့ဘူး။ ဒီတော့ ခင်ဗျားကြီးကို အနူးအညွတ် တောင်းပန်ပါရစေ။ သမ္မတရုံ အကြံပေးလည်း လုပ်ပြီး ပုံမှားရိုက်မနေပါနဲ့။ ကိုယ့်ဟာကိုယ် အေးအေး စာသာရေးနေပါဗျာ”ဆိုပြီး စိတ်ပျက်လက်ပျက် ပြန်သွားတာ။ မာဂျေပေးမယ့် ဆင်တစ်ကောင်တောင် ယူမသွားပေတော့ဘူး။ အမှန်တော့ ဒီလိုရှုပ်ယှက်ခတ်နေမှ မြန်မာနိုင်ငံ အစစ် မဟုတ်ပေလားဗျာ။

မာဂျေ

 

Category: 

Share