ဤမှန်သော သစ္စာစကားကြောင့် - တော်ကီလှိုင်

မျက်စိကို လည်နေတာပါပဲ။ နိုင်ငံရေး ပဉ္စလက် အတတ်တွေနဲ့ လှည့်စားထားသလားတောင် ထင်ရတယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုးနဲ့ ပြည်သူတွေ မျက်စိ တကယ်လည်နေကြပါပြီ။ အခြေခံဥပဒေ (၄၃၆)ပြင်ဆင်ရေးလို့ ကြွေးကြော်ပြီး ဒီမိုကရေစီ လမ်းမှန် တစ်ခုပေါ် ပြည်သူတွေရဲ့ အင်နဲ့အားနဲ့ တွန်းတင်နေချိန်မှာ “PR”တဲ့ ၀ှက်ဖဲတွေ တစ်ခုပြီးတစ်ခု လုပ်လာတယ်။ နိုင်ငံတော် သမ္မတကတော့ ဇွန်လ ၁၁ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ပြုပြင်ပြောင်းလဲရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌလို့ ကြေညာခဲ့ပါတယ်။ တကယ်ပြုပြင် ပြောင်းလဲချင်လို့ စတုတ္ထမဏ္ဍိုင် ပေါ်ထွက်လာတာပါ။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအပေါ် မြင်တဲ့အမြင်တွေ ရဲရဲရေး၊ ရဲရဲပြောပေါ့။

ဒါကြောင့်ပဲ “ရဲရဲ”တွေက ဖမ်းနေတာလားတော့ မသိပါဘူး။ တချို့လည်း ပြည်သူ့အတွက် ခံယူချက် ပြင်းထန်သွားတော့ ဘောင်ကျော်၊ စည်းကျော်သွားတာလည်း ရှိမှာပါ။ ဒါလည်း အာဏာရှင် လက်အောက်က လွတ်မြောက်ကာစ ဒီမိုကရေစီ “ဇာတ်ပိုး”နှင့် သွားတယ်လို့ ဖြေလို့ရပါတယ်။ ကြီးလေးတဲ့ အပြစ်တွေတော့ မပေးသင့်ပါဘူး။ တကယ်ပြုပြင် ပြောင်းလဲချင်တယ် ဆိုရင်ပေါ့ဗျာ။

တချို့ တချို့သော အစိုးရ ဘက်တော်သားများကလည်း “ကမ္ဘာမကြေ” နိုင်ငံတော် သီချင်းကို သူတို့ကိုယ်ပိုင် သီချင်းလို နေ့နေ့ညည ဆိုနေပါတယ်... သူတို့အာ အတွေ့ဆုံးနဲ့ အကြိုက်ဆုံး အပိုဒ်က “ဒါဒို့မြေ ဒါဒို့ပြည် ဒို့ပိုင်တဲ့မြေ”တဲ့။ သိမ်းလိုက်တဲ့မြေ၊ သိမ်းလိုက်တဲ့လယ် ဘုန်းကြီးကျောင်းတောင် ကျူးကျော်ဆိုပဲ။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက နိုင်ငံတော်နဲ့ ပြန်လွတ်လာတဲ့ (နိုင်ငံတော် ဆိုတာ ထောင်စကားအခေါ်အရ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြောတာပါ။) နောင်တော်တွေ လွတ်လာပြီး ပြောတာကတော့ ကျွန်တော်တို့ကို လွှတ်လိုက်တာ ၄၀၁(က)အရ ဆိုတာက ဧည့်စာရင်း မတိုင်လို့ အဖမ်းခံရရင်၊ အရင်ထောင် ကြွေးကျန်နှစ်တွေ အားလုံး တစ်ပေါင်းတည်း ပြန်ခံရမယ်ဆိုတော့ ဘယ်လိုလုပ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်လို့ ခေါ်တော့မှာလဲ။ ပြည်သူတွေနဲ့ ကမ္ဘာက သိအောင် အော်လိုက်တော့မှ အဲဒီ ၄၀၁(က)ကို ပြန်ဖြည့်လိုက်တယ်မဟုတ်ဘူးလား။ အဘ ငြိုငြင်မှာစိုး၊ အဘကို ကြောက်ရတယ်၊ အဘကလည်း ကမ္ဘာ့ဘိုးအေကို ကြောက်ရပြန်တယ်။ အကြောက်တရားတွေနဲ့ သံသရာ ဘယ်တော့များမှ လွတ်ရပါ့။ ဒါကြောင့် တရားပြ ဆရာတော်ကြီးတွေရဲ့ တရားပွဲတွေမှာ ဟောကြားသံနဲ့ ပြုပြင်ပြောင်းလဲရေး ဥက္ကဋ္ဌကြီးကို မေးလိုက်ချင်ပါတယ်။

“သဘောရော ပါရဲ့လား”လို့

စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲထား၊ ဘယ်သူမှ နောက်ကြောင်း ပြန်လှည့်ဖို့ မတွေးနဲ့တဲ့။ အရိယာ သူတော်ကောင်းတွေ ဆုံးမပဲ့ပြင်ခဲ့တဲ့စကား ကျွန်တော်တို့တွေအတွက် မှတ်သားထိုက်ပါတယ်။ ဒါပေမဲ့ ဒီစကားရပ်တွေကို သွေဖည်တော့မှာလား၊ ပြောင်းလဲတော့မှာလားလို့ စိုးတထိတ်ထိတ်နဲ့ ပြည်သူတွေ ယုံရခက်ခက် ဖြစ်နေပါတယ်။ တရားမျှတတဲ့ ဒီမိုကရေစီ လူ့ဘောင်ကို ပြန်ရောက်ဖို့အတွက် ခေတ်အဆက်ဆက် ပေးဆပ်ခဲ့သူတွေရဲ့ ပန်းတိုင်ဟာလည်း အလှမ်းဝေးသထက် ဝေးအောင် သွားတော့မှာလားလို့ ခံစားရပါတယ်။ ကျွန်တော့်ကို သက်ကြီးဝါကြီး ပုဂ္ဂိုလ်တစ်ယောက်က သူမှတ်သားဖူးတဲ့ ဇာတ်လမ်းလေး ပြောပြဖူးပါတယ်။ ကျွန်တော် ပြန်လည်ဖောက်သည် ချပါရစေ။

တစ်ခါက ရွာတစ်ရွာမှာ မိဘနှစ်ပါးနဲ့ သားတစ်ယောက် ရှိတယ်တဲ့။ တစ်နေ့တော့ သူတို့သိပ်ချစ်တဲ့ သားလေးကို ပိုးထိပါလေရော။ ပိုးထိတော့ အဆိပ်တွေ တက်လာတာပေါ့ဗျာ။ အသက် အန္တရာယ်လည်း စိုးရိမ်ရတယ်။ ဒါနဲ့ရွာထဲက လူကြီးတွေက ရွာထိပ်မှာ သီတင်းသုံးနေတဲ့ ရသေ့ကြီးဆီ အမြန်သွားပြီး ကုသဖို့ အကြံဉာဏ်ပေးကြတယ်။ မိဘနှစ်ပါးကလည်း အလျင်အမြန်ပဲ အဆိပ်တက်နေတဲ့ သားကို မချီပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းကို ပြေးကြပါလေရော။ ရသေ့ကြီးဆီ ရောက်တော့ ရသေ့ကြီးရဲ့ အာရုံမှာ သူတို့သားလေး ခန္ဓာကိုယ်မှာ မိနေတဲ့အဆိပ်တွေ ပြေပျောက်ဖို့ နည်းလမ်းကောင်း ပေါ်လာတယ်တဲ့။ ရသေ့ကြီးလည်း ပေါ်လာတဲ့ အာရုံအတိုင်း “သင်တို့၏သား အဆိပ်တွေ တကယ်ပြယ်ပျောက်ချင် သလားလို့” မေးလိုက်ပါတယ်။ မိဘ နှစ်ပါးစလုံးကလည်း “ပျောက်ချင် ပါတယ်လို့” ပြိုင်တူ ဖြေလိုက်တယ်။ “ဒါဆို ကလေးအဆိပ်ပျောက်ဖို့ အတွက် ငါတို့ သုံးယောက် သစ္စာဆိုရမယ်။ အဲဒီသစ္စာစကားကလည်း ရင်ထဲကလာတဲ့ မှန်ကန်သော စကား ဖြစ်ရမယ်။ နည်းနည်းမှ လွဲလို့မရဘူး။ ဟန်လုပ်သစ္စာဆိုသူ တစ်ယောက်ရှိတာနဲ့ ကလေး အသက် ဆုံးရှုံးမှာပဲ။ ကဲ... ဘယ်သူအရင် စဆိုမလဲလို့” ရသေ့ကြီးက မေးတော့ မိခင်ဖြစ်တဲ့သူက “ကျွန်မအရင် သစ္စာစဆိုပါမယ်လို့” ပြောလိုက်ပါတယ်။ ဒီတော့ မိခင်ဖြစ်သူက “ကျွန်တော်မျိုးမသည် မိမိ၏နံဘေး၌ ထိုင်နေသော လင်ယောက်ျားအား မိန်းမတို့ ၀တ္တရားငါးပါး နှင့်အညီ ပြုစုယုယ၍ မည်သူနှင့်မျှ မဖောက်ပြန်ဘဲ ယခု သားလေး အသက်အရွယ်အထိ အိမ်ရှင်မကောင်း ပီသစွာ နေထိုင်ခဲ့ပါသည်။ သို့သော်ငြားလည်း... မိမိ၏ လင်ယောက်ျားအား စတင် ပေါင်းဖက်သည့် အချိန်မှစ၍ မချစ် မနှစ်သက်ခဲ့ပါ။ ဤမှန်သော သစ္စာစကားကြောင့် ကျွန်မ၏သားလေး အဆိပ်များ ပြယ်ပါစေသားလို့” ဆုတောင်းလိုက်တော့ ထူးထူးခြားခြား အဆိပ်တချို့ ပြယ်သွားတာ တွေ့ရပါတယ်။

ဒါနဲ့ နောက်တစ်ယောက် ဖခင်ဖြစ်သူအလှည့် သစ္စာဆိုရမယ်လို့ ရသေ့ကြီးက မိန့်တော့ ဖခင်ဖြစ်သူက “ကျွန်တော်သည် ဘာသာတရား လွန်စွာမှ ကိုင်းရှိုင်းသူ ဖြစ်ပါသည်။ ရတနာသုံးပါးအား ဦးထိပ် ပန်ဆင်၍ နေ့စဉ်လုပ်အားထဲမှ ရရှိခဲ့သော အဖိုးအခတို့ကို သဒ္ဒါတရားမပျက် ဒါနပေးကမ်း စွန့်ကြဲခြင်းကို ယုံကြည်စွာ ပြုကျင့်ခဲ့ပါသည်။ သို့သော်ငြားလည်း ကျွန်တော်၏ ရှေ့၌ရှိသော ရသေ့ကြီး မှာ ကျွန်တော်တို့ ရွာထိပ်ရှိ ကျောင်းသင်္ခမ်းကိုရောက်ပြီး သီတင်းသုံးသည့် အချိန်မှစ၍ ရသေ့ကြီးကို မြင်မိပြီး မရိုသေ၊ မကြည်ညိုမိသည်မှာ ယနေ့မြင်တွေ့ရသည့် အချိန်အထိ ဖြစ်ပါသည်။ ဤမှန်သော သစ္စာစကားကြောင့် ကျွန်တော့်သားတွင် ရှိနေသော အဆိပ်များ လွင့်ပြယ်ရ ပါစေသတည်းလို့” သစ္စာဆိုလိုက်ပါတယ်။ အဲဒီအချိန်မှာ ကလေးကိုယ်မှာရှိနေတဲ့ အဆိပ်တွေဟာ သုံးပုံ နှစ်ပုံလောက် လျော့ကျသွားတာကို အံ့သြစွာ တွေ့လိုက်ရပါတယ်။ ဒီတော့ ရသေ့ကြီးက စဉ်းစားတယ်။ ကလေးရဲ့ မိဘနှစ်ဦးစလုံးက ရင်ထဲမှာရှိတဲ့ မှန်ကန်တဲ့ သစ္စာစကား ဆိုခဲ့ကြလို့ အဆိပ်တွေ လျော့ကျကုန်တာ။ ငါလည်း မဖြစ်ချေဘူး။ ငါ့ရင်ထဲက အမှန်ကန်ဆုံး သစ္စာစကားကို ပြောမှ ဒီကလေး အသက် ချမ်းသာရမှာလို့ တွေးမိတယ်။

ဒီလိုနဲ့ ရသေ့ကြီးက သစ္စာဆို ပါတော့တယ်။ “ကျွန်ုပ် ရသေ့ကြီးသည် လူငယ်လူရွယ်အချိန် ဘာသာတရားကို လေ့လာလိုက်စားရင်း ရသေ့သင်္ကန်းအား ဆင်မြန်း၍ ၀တ်ဆင်ခဲ့ပါသည်။ ရသေ့ဝတ်နှင့်ပင် တစ်ရွာဝင် တစ်ရွာထွက် သာသနာပြုလုပ်ငန်းများ လုပ်ကိုင်ခဲ့ပါတယ်။ ကောင်းသူကိုကယ်၊ မကောင်းသူကိုလည်း အပါယ် မလားရအောင် ညွှန်ကြားသွန်သင် ဆုံးမခဲ့ပါတယ်။ ရောက်ရှိခဲ့သော ရွာတိုင်း၏ ကိုးကွယ်မှုလည်း ခံခဲ့ရပါတယ်... သို့ပါသော်ငြားလည်း ဤ ယခု ၀တ်ဆင်ထားသော ရသေ့ သင်္ကန်းအား စ၀တ်သည့်အချိန် မှစ၍ မပျော်ပိုက်တော့တာ အမှန်ပါ။ ဤမှန်သော သစ္စာစကားကြောင့် ကလေးတွင်ရှိသော အဆိပ်များ အကုန်အစင် ပပျောက်၍ အသက်ချမ်းသာစွာ နေပါရစေသတည်းလို့”လည်း ဆုတောင်းလိုက်ရော ကလေးက ကောက်လဲ ထထိုင်ပါရောတဲ့ဗျာ။ ဇာတ်လမ်းလေးကတော့ ဒါပါပဲ။

အခုလည်း ကျွန်တော်တို့ ပြည်သူတွေ လိုချင်တဲ့ “တရားမျှတ လွတ်လပ်သန့်ရှင်းတဲ့ ဒီမိုကရေစီ” တကယ်လိုအပ်နေပြီမို့ ရင်ထဲက အမှန်တရားအတိုင်း သစ္စာဆိုရတော့မယ်။ ဒါမှ ပြည်သူတွေအပေါ်မှာ မိနေတဲ့ အဆိပ်တွေ ပြယ်မှာပါ။

ကဲ...ဒီတော့ ဤမှန်သော သစ္စာစကားကို ဘယ်လိုဆိုမှာလဲ။

တော်ကီလှိုင်

 

Category: 

Share